brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Sensitive skin ရှိတဲ့ သူတွေ ရေချိုးမယ်ဆိုရင်

ဒီဆောင်းပါးလေးမှာတော့ sensitive skin လို့ ခေါ်တဲ့ အထိမခံရွှေပန်းကန် အသားအရေရှိတဲ့ သူတွေအတွက် အသုံးဝင်မယ့် ရေချိုးတဲ့အခါ ဂရုစိုက်သင့်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ hello ဆရာဝန် ပရိသတ်ကြီးမှာရော နီမြန်းလွယ်၊ ဓာတ်မတည့်တာတွေ အဖြစ်လွယ်တဲ့ အထိမခံ အသားအရေရှိကြလား။ စာရေးသူရဲ့ အသားအရေကတော့ အဲလို sensitive skin အမျိုးအစားပါ။

Sensitive skin ရှိတဲ့ သူတွေ ရေချိုးမယ်ဆိုရင်

အဲဒီလို အသားအရေရှိတဲ့ သူတွေဟာ အင်မတန်ကို ဂရုစိုက်ပေးရပါတယ်။ ဂရုစိုက်နေရင်းနဲ့ပဲ တစ်ခုခုပြီးတစ်ခု ဖြစ်နေတာလည်း ဒီလို အသားအရေမျိုးပါပဲ။ နေ့စဉ်နေ့တိုင်း ရေချိုးပြီးတဲ့အခါမှာတောင် အသားအရေက ချက်ချင်းဆိုသလို နီလာတာ၊ ယားလာတာ၊ ခြောက်လာတာတွေနဲ့ အမြဲဒုက္ခပေးတတ်ပါသေးတယ်။ ဒါ့ကြောင့် sensitive skin ရှိတဲ့ သူတွေအတွက် အဲလို ပြသနာတွေကို ရှောင်ရှားနိုင်ဖို့ ရေချိုးတဲ့အခါမှာ ဂရုစိုက်သင့်တဲ့ အချက်လေးတွေပြောပြပေးသွားပါမယ်။

၁။ ရေချိုးတဲ့အခါ အချိန်အကြာကြီး မချိုးပါနဲ့။

ရေချိုးတဲ့အခါ သီချင်းလေးညည်းပြီး အချိန်အကြာကြီးချိုးရတာ အင်မတန် feel လို့ကောင်းပေမယ့် sensitive skin သမားတွေကို တော့ အဲလို မလုပ်ဖို့ အကြံပေးချင်ပါတယ်။ ရေကို အကြာကြီးချိုးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကို ကုန်ဆုံးစေပြီး လိုအပ်တာထက်ပိုပြီး အရေပြားကို ခြောက်သွေ့သွားစေပါတယ်။

အဆီတွေများနေရင်လည်း မကောင်းပေမယ့် လိုအပ်တဲ့ ပမာဏထက်ပိုပြီး နည်းသွားမယ်ဆိုရင်လည်း အရေပြားပြသနာတွေဖြစ်စေပါတယ်။ အရေပြားက အရမ်းခြောက်သွေ့သွားတဲ့အခါ ပိုပြီးနီလာတာ၊ ယားတာ စတဲ့ ပြသနာတွေ ပိုဖြစ်လာစေပါတယ်။ ဒါ့ကြောင့် sensitive skinသမားတွေ ရေချိုးတဲ့အခါ ၅မိနစ်ကနေ ၁၀မိနစ်လောက်ပဲ ချိုးသင့်ပါတယ်။

၂။ luke warm water လေးနဲ့ ချိုးပါ။

အရမ်းပူ၊ အရမ်းအေးတဲ့ ရေတွေက sensitive skinအတွက် မကောင်းပါဘူး။ ဒါ့ကြောင့် luke warm လို့ခေါ်တဲ့ မပူ မအေး အခြေအနေရှိတဲ့ ရေနဲ့ ချိုးတာက အသင့်တော်ဆုံးနဲ့ ရေဓါတ်အဖြည့်ပေးနိုင်ဆုံးပါ။

၃။ ဆပ်ပြာတွေ၊ scrub တွေ အလွန်အကျွံ မသုံးမိပါစေနဲ့။

ဓာတုပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းတွေအားလုံးက sensitive skinပိုင်ရှင်တွေနဲ့ ရန်သူပါပဲ။ ဒါ့ကြောင့် ဆပ်ပြာကို လိုအပ်သလောက်ထပ်ပိုပြီး အများကြီး မသုံးမိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် scrub တွေ၊ exfoliate လုပ်တဲ့ ပစ္စည်းတွေ မကြာခဏ သုံးမယ်ဆိုရင် sensitive skinကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။

၄။ မှန်ကန်တဲ့ အသုံးအဆောင်တွေကို ရွေးချယ်အသုံးပြုပါ။

ခန္ဓာကိုယ်မှာ လိမ်းမယ့်၊ အသုံးပြုမယ့် အသုံးအဆောင်တွေ (ဥပမာ- ဆပ်ပြာ၊ lotion ၊ moisturizer ) စတာတွေကို ရွေးချယ်တဲ့အခါမှာ အမွှေးနံ့တွေ၊ ဆိုးဆေးတွေ၊ အရက်ပြန်ပါတာတွေ ကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်သုတ်ပဝါ၊ မျက်နှာ သုတ်ပဝါတွေဆိုရင်လည်း နူးညံ့တာလေးတွေ ရွေးချယ်အသုံးပြုသင့်ပါတယ်။

၅။ ရေချိုးပြီးလို့ ကိုယ်ကို ခြောက်အောင် သုတ်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း မသုတ်မိပါစေနဲ့။

ရေချိုးပြီးတဲ့ အခါမှာ နူးညံ့တဲ့ သဘက်လေးတွေနဲ့ အားသုံးပြီး ပွတ်သုတ်တာမျိုး မလုပ်ဘဲ ဖွဖွလည်း ဖိလိုက် ခွာလိုက်နဲ့ သုတ်ပေးသင့်ပါတယ်။

၆။ moisturizer သုံးပေးပါ။

အစိုဓာတ်ခမ်းခြောက်မယ်ဆိုရင် sensitive skin ပိုင်ရှင်တွေအတွက် ပိုပြီး ယားယံတာတွေ ဖြစ်လာနိုင်တာကြောင့် အားလုံးပြီးသွားတဲ့အခါမှာ အစိုဓာတ်ထိန်းပေးဖို့ moisturizer လေးတွေ သုံးပေးသင့်ပါတယ်။

အထိမခံ အသားအရည်ကို ပိုင်ဆိုင်ထားလို့ အရမ်းကြီး စိတ်မညစ်ဘဲ ရေချိုးပြီးတိုင်းဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာတွေ လျော့နည်းအောင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။

ရေးသားသူ – Khine Phoo Ngon

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Htet Htet Zaw Win · 22/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။