brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်အရေပြားပေါ် Permanent Marker မင်စွန်းတဲ့အခါ ဘယ်လိုဖျက်မလဲ

Permanent marker မှာ ပါဝင်တဲ့ မင်အမျိုးအစားဟာ သူစွန်းထင်းမိတဲ့ နေရာမှာ အပေါက်ငယ်လေးတွေရှိရင် စိမ့်ဝင်စွဲမြဲတာကြောင့် ဖျက်ရခက်ပါတယ်။ အရေပြားပေါ်မှာ စွန်းမိရင် ရက်အနည်းငယ်နေရင် သူ့အလိုလိုပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မြန်ဖယ်ရှားချင်ရင်လည်း အသုံးပြုနိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။

သင့်အရေပြားပေါ် Permanent Marker မင်စွန်းတဲ့အခါ ဘယ်လိုဖျက်မလဲ

ဘယ်လိုဖယ်ရှားမလဲ

သင့် အရေပြားပေါ် Permanent marker တစ်ချောင်းက မင်များစွန်းထင်းခဲ့ရင် သူ့ဖာသာ ပျက်ပြယ်သွားဖို့ နှစ်ရက်သုံးရက်ခန့်ကြာနိုင်ပါတယ်။ မြန်မြန်ပျက်ချင်ရင်တော့ ရေဆေးခြင်းအပြင် အောက်ပါ နည်းလမ်းတချို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ ထပ်ခါထပ်ခါ လုပ်ဖို့တော့ လိုနိုင်ပါတယ်။

ဆားတိုက်ခြင်း (salt scrub)

ဆားမှာ အရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားနိုင်တဲ့ (exfoliating) ဂုဏ်သတ္တိ သဘာဝအလျောက် ပါဝင်ပါတယ်။ ဆားကို ရေနွေးနွေးနဲ့ရောပြီး အရေပြားအပေါ်ယံလွှာကို ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။ ပြီးရင် မင်ပေတဲ့နေရာတွေကို ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။ ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း မပြုပါနဲ့။

သံလွင်ဆီ (သို့) အုန်းဆီသုံးခြင်း

သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို မင်ပေနေတဲ့ အရေပြားပေါ် လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးနိုင်ပါတယ်။ အုန်းဆီ/သံလွင်ဆီဟာ အရေပြားထဲ စိမ့်ဝင်သွားတဲ့အခါ မင်နဲ့ပေါင်းစပ်သွားပြီး ဖယ်ထုတ်ဖို့ လွယ်ကူစေပါလိမ့်မယ်။

Baby oil

ကလေးတွေအတွက်သုံးတဲ့ baby oil ဟာလည်း အရေပြားကို သန့်စင်အောင် ကူညီပေးနိုင်ပါတယ်။ permanent marker ရဲ့ မင်အစွန်းတွေကိုလည်း ဖျက်ပေးနိုင်ပါတယ်။ မင်စွန်းတဲ့နေရာကို နှံ့အောင်လိမ်းပေးထားပြီး ဆေးကြောလိုက်ရင် မင်များပျက်သွားနိုင်ပါတယ်။

သွားတိုက်ဆေး

မင်စွန်းတဲ့နေရာကို သွားတိုက်ဆေးခပ်ပါးပါးလိမ်းပါ။ ညင်သာစွာ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ဆေးချလိုက်ပါ။ လိုအပ်ရင် နှစ်ကြိမ်ခန့်လုပ်ပေးပါ။

ဓာတုအရည်များသုံးခြင်း

အိမ်တွင်းသုံးပစ္စည်းတွေပဲ ဖြစ်တဲ့ အရက်ပျံ၊ လက်သည်းဖျက်ဆေး၊ လက်သန့်ဆေးရည် စတဲ့ ဓာတုအခြေခံဆေးရည်များဟာလည်း မင်စွန်းများကိုဖျက်နိုင်ဖို့ အကူအညီပေးပါတယ်။ ဂွမ်းစသုံးပြီး မင်စွန်းတဲ့နေရာကို ညင်သာစွာ ပွတ်ပေးပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးချပါ။

မိတ်ကပ်ဖျက်ဆေး

မိတ်ကပ်ဖျက်ဆေးများ သုံးပြီးတော့လည်း သင့်အရေပြားပေါ်က မင်အစွန်းတွေကို ဖယ်ရှားနိုင်ပါတယ်။ ဂွမ်းစကိုသုံးပြီး သန့်စင်ပေးပါ။ ရေနွေးနွေးနဲ့ ဆေးကြောပါ။

အရေပြားဓာတ်မတည့်ခြင်း ဖြစ်လျှင်

Permanent marker မှာပါဝင်တဲ့ မင်များဟာ သင့်အရေပြားနဲ့ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ အဓိကအားဖြင့် resin၊ xylene၊ tolene စတဲ့ ဓာတုပစ္စည်းများကြောင့် ဖြစ်တတ်ပါတယ်။ အဆိုပါ အခြေအနေမှာ ယားယံခြင်း၊ ရောင်ရမ်းခြင်း စတာမျိုးတွေ ကြုံနိုင်ပါတယ်။ ဟစ်စ်တမင်းဆန့်ကျင်ဆေးမျိုးတွေ သောက်သုံးဖို့ အခြေအနေကြုံနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Thant Zin · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။