brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား

လတ်တလော အမျိုးသမီးတွေကြား သိပ်ခေတ်စားနေတဲ့ BB Glow Treatment ဆိုတာ ရှိပါတယ်။ ပြုလုပ်ပေးသူတွေ အဆိုအရတော့ ဒီ Treatment လုပ်ပြီးသွားရင် ပါးမို့မို့လေး နှစ်ဖက်မှာ ပန်းသွေးရောင်တောက်ပြီး မျက်နှာလေးကလည်း မိတ်ကပ်မပါဘဲတောင် ကြည်တောက် Glow နေပါတယ်တဲ့။ ဆိုတော့ တကယ်ပဲ BB Glow Treatment ဟာ အန္တရာယ် ကင်းရဲ့လား။

BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား

BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား

BB Glow Treatment လုပ်ပြီးရင် အရုပ်မလေးလို ပန်းသွေးခြယ်တဲ့ မျက်နှာလေးနဲ့ တကယ်ပဲ လှသွားမှာလား။ ဒါကိုမပြောခင်မှာ အရင်ဆုံး BB Glow Treatment ဆိုတာ ဘာလဲ အရင်လေ့လာကြည့်ရအောင်။

  • BB Glow Treatment ဆိုတာ

BB Glow Treatment ဆိုတာ Microneedling လို့ခေါ်တဲ့ အပ်သေးသေးလေးတွေနဲ့ အရေပြားအောက်မှာ BB Cream တွေ ထည့်သွင်းပြီး Semi-permanent မိတ်ကပ်လွှာကို ဖန်တီးလိုက်တာပါ။

ဒီလိုဆိုတော့ မိတ်ကပ်လိမ်းစရာ မလိုဘဲ မိတ်ကပ်လိမ်းထားပြီးသားဖြစ်ကာ နီရဲနေတာတွေ၊ မျက်ကွင်းညိုတာတွေကို မိတ်ကပ်နဲ့ ဖုံးလိုက်သလို ပျောက်ကွယ်သွားစေတာကြောင့် No-makeup Makeup Look ကို ရရှိစေပါတယ်။ ခပ်လွယ်လွယ်ပြောရရင် မျက်နှာ အရေပြားထဲ မိတ်ကပ်တွေ ထိုးသွင်းလိုက်သလိုမို့ အသားအရေကို မထိခိုက် မပျက်စီးစေဘူးလား။

  • ကောင်းကျိုးချည်းပဲ မဟုတ်တဲ့ BB Glow Treatment

ဒီ BB Glow Treatment ဟာ အရေပြား အကာအကွယ် (skin barriers) တွေမှာ တွေ့ရတဲ့ တချို့သော ဓာတ်ပစ္စည်းတွေ (immunological components တွေ)ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

တကယ်တော့ အရေပြားထဲ Microneedling နည်းပညာနဲ့ ထည့်သွင်းမယ့် ဘယ် Cream နဲ့ Serum မဆို နည်းရမယ်၊ ရိုးရှင်းရမယ်၊ အရည်ပျော်နိုင်စွမ်း ရှိရမယ်၊ ပြီးတော့ အလိုအလျောက် ဇီဝပျက်စီးနိုင်စွမ်း (biodegradable) ရှိရပါမယ်။

BB Glow cream တွေမှာ ပါဝင်ပစ္စည်းပေါင်း ၄၀ကျော် ရှိပြီး သူတို့တွေဟာ biodegradable မဖြစ်နိုင်တဲ့အပြင် အသားအရေအောက်မှာ ဖောင်ဒေးရှင်းလိမ်းထားသလို ခပ်ကြာကြာဖြစ်‌နေစေဖို့ ဖန်တီးထားတာမို့ ဒီ ပါဝင်ပစ္စည်းတွေဟာ ကြာရှည်ခံနိုင်ရည်တောင် ရှိနေပါသေးတယ်။ ဒါက ဘာကို ဖြစ်စေနိုင်သလဲဆိုရင် အသားအရေ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

အဲဒီမှာ နောက်ဆုံး ဘယ်ထိ ဖြစ်သွားနိုင်သလဲဆိုတော့ ဒီအကျိုးဆက်ကြောင့် နောက်ပိုင်းမှာ လေဆာနဲ့ ကုသမှု မခံယူနိုင်တော့တဲ့ အနေအထားမျိုးထိ ရောက်သွားနိုင်ပါတယ်။ ဘာလို့ လေဆာနဲ့ ကုသလို့ မရနိုင်တော့မှာလဲ။

ဒီ Treatment တွေထဲ အသုံးပြုတဲ့ မင်ရည်တွေဟာ လေဆာနဲ့ ထိတွေ့တဲ့အခါမှာ ဓာတ်ပြုပြီး အရေပြားလောင်တာ၊ အနာရွတ်ထင်ကျန်တာတွေ ဖြစ်နိုင်သလို မင်က အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး (လေနဲ့ထိတွေ့ပြီး) အပြာရောင်ပြောင်းသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုတွေ ဖြစ်လာရင်တော့ ကုသဖို့ အင်မတန် ခက်ခဲတတ်ပါတယ်။

  • BB Glow Treatment နဲ့ ဓာတ်မတည့်မှု

BB glow ရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ဓာတ်မတည့်မှုဖြစ်စေတယ်လို့ နာမည်ကြီးတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကတော့ ချက်ချင်းဖြစ်လာမှာမျိုး ရှိသလို ချက်ချင်းမဟုတ်ဘဲ နှစ်တွေကြာတော့မှ ဖြစ်လာနိုင်တာမျိုးလည်း ရှိပါတယ်။

တချို့ BB Glow Cream တွေထဲမှာပါတဲ့ အောက်ဆိုက် (oxides) တွေဟာ အရေပြားဆဲလ်တွေပေါ်ကို ဖိအားတွေဖြစ်စေပြီး DNA ပျက်စီးစေတာမျိုး၊ ဆဲလ်သေတာမျိုးတွေထိ ဖြစ်နိုင်သလို ကင်ဆာအဆင့်ထိ ရောက်စေနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။

ဆိုတော့ အချက်နဲ့ ထုတ်ပြောရမယ်ဆိုရင် BB Glow ဟာ

  • ဓာတ်မတည့်မှုတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။
  • PIH – Post-inflammatory pigmentation လို့ခေါ်တဲ့ အမာရွတ်၊ အမည်းစက် ထင်ကျန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ခဏတာ အလှနဲ့ တစ်ဘဝတာ မျက်နှာကို မလဲမိစေဖို့ အရာရာမှာ သတိ၊ အသိနဲ့ ယှဉ်စဉ်းစားကြပါလို့ တိုက်တွန်းရင်း…

အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်ကြပါစေ။

ရေးသားသူ – Wathun Myet Chal

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Hello Sayarwon Panel · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။