brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကျန်းမာသော အသားအရေအတွက် အိမ်သုံးကုထုံးများ

ကျန်းမာတောက်ပတဲ့ အသားအရေရှိခြင်းဟာ လူတိုင်းလိုချင်တဲ့ အရာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပြစ်မျိုးမှဲ့မထင် အသားရေ ရရှိနိုင်ဖို့ အိမ်မှာ ပြုလုပ်နိုင်တဲ့ နည်းတွေကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။

ကျန်းမာသော အသားအရေအတွက် အိမ်သုံးကုထုံးများ

ပျားရည်

အရေပြားကို နူးညံ့ပြီး ရေဓါတ်ထိန်းသိမ်းပေးဖို့ ပျားရည်ကို မျက်နှာပေါင်းတင်ကပ်ခွာ အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ပျားရည်ဟာ ရေဓါတ်ထိန်းသိမ်းပေးရုံတင်သာမက ဘက်တီးရီးယားပိုးနဲ့ အခြားရောဂါပိုးတွေကို ထိရောက်စွာ နှိမ်နင်းပေးပါတယ်။ သူဟာ ဝက်ခြံပေါက်နေတဲ့ သူတွေအတွက်လည်း သင့်တော်ပါတယ်။

  • ပျားရည်ကို သင့်အရေပြားပေါ်ကို လိမ်းပြီး အခြောက်ခံပါ။ ပြီးရင် မျက်နှာကို ရေနွေးနဲ့ သစ်ပါ။ ဒီနည်းကို နေ့စဉ် (သို့) နှစ်ရက်တစ်ခါ အသုံးပြုသင့်ပါတယ်။
  • နောက်တစ်နည်းကတော့ ပျားရည်ကို နွားနို့ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ဂျုံမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောပေးနိုင်ပါတယ်။ ဒီနည်းဟာ သင့်အရေပြားကို တောက်ပစေပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ အရေပြားအတွက် အလွန်ကောင်းမွန်ပါတယ်။ သူ့မှာ ဘက်တီးရီးယားတွေကို သတ်ပစ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီးတော့ အနာကျက်စေတဲ့ သွေးတိတ်စေတဲ့အာနိသင်တွေ၊ အရေပြားယားယံမှုကို သက်သာစေတဲ့ ရောင်ရမ်းမှု ကျစေတဲ့ အစွမ်းတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ရှားစောင်းလက်ပပ်ဟာ အရေပြားကို ရေဓါတ်ဖြည့်တင်းပေးပါတယ်။

  • ရှားစောင်းလက်ပပ်ရွက်ကနေပြီး ထုတ်ထားတဲ့ ဂျယ်ကို မျက်နှာပေါ်ကို ဂွမ်းစကို သုံးပြီး သုတ်လိမ်းပေးပါတယ်။ နာရီဝက်လောက်ကြာအောင် သဘာဝအတိုင်း အခြောက်ခံပေးသင့်ပြီးတော့ ရေနွေးနဲ့ မျက်နှာကို ဆေးသင့်ပါတယ်။ ဒီနည်းကို တစ်ပတ်မှာ အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ုဖတ်ဆိုဒါဟာ အရေပြားရဲ့ သင့်လျော်တဲ့ pH ဓါတ်ကို ထိန်းသိမ်းပေးပြီး ပိုးသတ်ဆေးအနည်းငယ် ပါဝင်ကာ ဝက်ခြံတွေ၊ အမာရွတ်တွေကို ပျောက်ကင်းစေတဲ့ အရောင်ကျစေတဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။ သူ့ကို အရေပြားပေါ်မှာ ကျန်နေတဲ့ အညစ်အကြေးတွေ၊ မိတ်ကပ် အကြွင်းအကျန်တွေကို ဖယ်ရှားဖို့ ချေးချွတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်း နဲ့ သံပုရာရည် (သို့) ရေ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီး မျက်နှာပေါင်းတင်ကပ်ခွာ ပြုလုပ်နိုင်ပါတယ်။ အရေပြားပေါ်လိမ်းပြီးတော့ သဘာဝအတိုင်း အခြောက်ခံကာ ရေနွေးကိုအသုံးပြုပြီး ဆေးချသင့်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အသုံးပြုခြင်းဟာ သင့်အသားအရေကို ချောမွေ့လှပစေမှာ ဖြစ်ပါတယ်။
  • နောက်တစ်နည်းကတော့ သံပုရာရည် (သို့) ရေ အစား ပျားရည်ကို ဝက်ခြံပျောက်စေဖို့ အသုံးပြုနိုင်ပါတယ်။ ရောထားတဲ့ အနှစ်ကို အရေပြားပေါ် လိမ်းနိုင်ပြီး တစ်မိနစ်လောက် မျက်နှာကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးချပေးနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ချွေးပေါက်ကျဉ်းစေဖို့ ရေအေးနဲ့ မျက်နှာကို ဖျန်းပေးသင့်ပါတယ်။

သခွားသီး

သခွားသီးဟာ ရေဓါတ်ပါဝင်မှုများပြီး ဆဲလ်အသေတွေကို ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့ပြင်သူ့ဟာ အရေပြားအခြေအနေကို တိုးတက်စေပြီး ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။

  • လတ်ဆတ်သန့်ရှင်းတဲ့ သခွားသီးကို ရွေးချယ်ပြီး ထူထူလှီးသင့်ပါတယ်။ သခွားသီး အပြားတွေကို အရေပြားပေါ်သုတ်လိမ်းပြီး သခွားသီးဂျယ်ကို အရေပြားက စုပ်ယူပါစေ။ သဘာဝအတိုင်း ခြောက်သွားအောင် ညလုံးပေါက် ထားသင့်ပါတယ်။ ပြီးရင်တော့ ရေနွေးနဲ့ မျက်နှာသစ်ပေးသင့်ပါတယ်။ ဒီနည်းကို ညအိပ်ရာ မဝင်ခင် အသုံးပြုနိုင်ပါတယ်။

ဒါမှမဟုတ် သခွားသီးရည်ကို သံပုရာရည်နဲ့ ရောပြီး နေ့စဉ် အသုံးပြုနိုင်ပါတယ်။

ဒီလိုလွယ်တဲ့ အိမ်သုံးနည်းတွေကို တစ်ပတ်မှာ အကြိမ်အနည်းငယ် လုပ်ဆောင်ခြင်းအားဖြင့် သင့်အရေပြားဟာ ကျန်းမာတောက်ပ လာမှာ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr . Phyu Mon Latt · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။