brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အာရှအသားအရေနှင့် ပတ်သက်ပြီး သင်မသိသေးသော အချက်များ

အာရှ လူမျိုးများ၏ အသားအရေသည် အခြားအသားအရေ အမျိုးအစားများနှင့် မတူညီကြောင်း ကျွန်ုပ်တို့အားလုံးသိကြပါသည်။ သို့သော်မည်သည့်အရာက ကွဲပြားစေသည်ကိုသင်သိပါသလား။ မတူညီသော မျိုးရိုးဗီဇနှင့် ရာသီဥတု အခြေအနေများကြောင့်ပဲ ဖြစ်ပါတယ်။ ထိုဂုဏ်သတ္တိများကြောင့် အာရှတိုက်သားများသည် မတူကွဲပြားသော အသားအရေထိန်းသိမ်းမှုနည်းလမ်းများ လိုအပ်ပါသည်။

အာရှအသားအရေနှင့် ပတ်သက်ပြီး သင်မသိသေးသော အချက်များ

အာရှလူမျိုးများ၏ အသားအရေသည် အိုမင်းရင့်ရော်မှု နှေးသည်။

အာရှတိုက်သူအမျိုးသမီးတစ်ဦးသည် အခြားသက်တူရွယ်တူ အမျိုးသမီးများထက် ပိုငယ်သည်ဟုထင်ရသည်။ ဘယ်အရာက အာရှအသားအရေကို အိုမင်းရင့်ရော်မှုမှ ခုခံနိုင်စေတာလဲ။ လျှို့ဝှက်ချက်ကတော့ အာရှအသားအရေရဲ့ အရေပြားအလွှာ dermis က ထူလို့ပဲဖြစ်ပါတယ်။ ဒီ dermis အရေပြားအလွှာမှာ ကော်လာဂျင် နှင့် ကျုံ့ဆန့်တစ်ရှူး တို့ပါဝင်ပါတယ်။ ၎င်းတို့ဟာနူးညံ့ပျော့ပျောင်းပြီး တင်းရင်းတဲ့အသားအရေကိုဖြစ်စေတဲ့အဓိက တွယ်ဆက်ဆဲလ်တွေပဲဖြစ်ပါတယ်။ သင့်အရေပြားမှာ ကော်လာဂျင် နှင့် ကျုံ့ဆန့်တစ်ရှူး များများရှိလေ အရေးအကြောင်းတွေ နည်းလေလေပါပဲ။

အာရှအသားအရေသည် အမာရွတ်ဖြစ်လွယ်သည်။

အာရှအသားအရေသည် အမာရွတ်(အထူးသဖြင့် ဝက်ခြံအမာရွတ်များ)ဖြစ်ရန်လွယ်ကူသည်။ အကြောင်းမှာ ဆဲလ်အသေများစွာရှိသော အရေပြား၏အပေါ်ဆုံးလွှာ stratum corneum သည် ပါးသောကြောင့်ဖြစ်သည်။ ဒီအရေပြားအပေါ်ဆုံးလွှာ stratum corneum သည် အောက်လွှာရှိ တစ်ရှူးများကို ကာကွယ်ပေးသည်။ Stratum corneum ပါးခြင်းကြောင့် သင့်အသားအရေသည် ကောင်းမွန်စွာအနာကျက်ရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် သင်၏အရေပြားအပြင်ပိုင်းကို ကာကွယ်သင့်သည့်အပြင် ဝက်ခြံများကိုလည်းဂရုတစိုက်ကုသသင့်သည်။

အာရှအသားအရေသည်အဆီပိုပြန်သည်။

အရေပြား၏ အပြင်ပိုင်းနှင့် အတွင်းပိုင်းနှစ်မျိုးလုံး၏ အခြေအနေများကြောင့် အာရှအသားအရေသည် အဆီပိုပြန်သည်။ ပထမအချက်မှာ အာရှအသားအရေတွင် အဆီထုတ်ပေးသော အဆီဂလင်းများပိုများသည်။ အဆီထုတ်ခြင်းသည် သင့်အသားအရေကိုနူးညံ့ချောမွေ့စေသော သဘာဝဖြစ်စဉ် ဖြစ်သည်။ သင့်တွင်အဆီဂလင်းများများရှိပါက အဆီပိုထုတ်မည်။ လေထုထဲရှိ စိုထိုင်းမှုကလည်း အဆီဂလင်းများ အလုပ်ပိုလုပ်ရန် လှုံ့ဆော်ပေးကာ အဆီပြန်သော အသားအရေကိုဖြစ်စေသည်။ အဆီပြန်သောအသားအရေသည် သင်၏ချွေးပေါက်များကိုကျယ်စေပြီး ဝက်ခြံဖြစ်လွယ်စေသည်။

အာရှအသားအရေသည ်ပို၍ထိခိုက်လွယ်သည်။

အာရှအသားအရေသည် ပို၍ထိခိုက်လွယ်ခြင်းမှာ အရေပြားအပေါ်ဆုံးအလွှာ stratum corneum ပါးသောကြောင့်ဖြစ်သည်။ အပူ၊ အအေး၊ ဆောင်းရာသီနှင့် ဓါတုပစ္စည်းများသည် အရေပြားကိုအလွယ်တကူ ထိခိုက်စေနိုင်သည်။ ကြမ်းတမ်းသောပစ္စည်းများပါဝင်သည့် အရေပြားထိန်းသိမ်းသည့် အလှကုန်များကို သတိထား၍ သုံးသင့်သည်။ “ထိခိုက်လွယ်သောအသားအရေအတွက်” ဟုသီးသန့်ထုတ်သော ကုန်ပစ္စည်းများကိုသာ သုံးသင့်သည် (သို့မဟုတ်) သင်၏အရေပြားဆရာဝန်နှင့် တိုင်ပင်၍ အကြံဉာဏ်တောင်းသင့်သည်။

အာရှအသားအရေသည် ရေဓါတ်ကိုပိုမိုလွယ်ကူစွာ ဆုံးရှုံးနိုင်သည်။

အရေပြားဆရာဝန်များက ချွေးမထွက်သည့်အချိန်တွင် ခန္ဓါကိုယ်မှဆုံးရှုံးသွားသော ရေငွေ့ပမာဏကိုတိုင်းတာရန် ” Transepidermal water loss” (TEWL) ဟူသောအခေါ်အဝေါ်ကိုသုံးကြသည်။ ၎င်းတန်ဖိုးများသည် အခြားအသားအရေများနှင့် နှိုင်းယှဉ်လျှင် အာရှအသားအရေများတွင် အမြင့်ဆုံးဖြစ်သည်ဟု အချို့လေ့လာမှုများကဆိုသည်။ သင်၏အသားအရေတွင် ရေဓါတ်အလုံအလောက်မရှိလျှင် ခြောက်သွေ့ ၍ အဖတ်များကွာလာပြီး ယားယံကာ အက်ကွဲလာမည်။ သင်၏အရေပြားကို ရေဓါတ်ဖြည့်တင်းရန် hyaluronic acid ကဲ့သို့ ရေပေါင်းနိုင်သည့် ပစ္စည်းများကြွယ်ဝစွာပါဝင်သည့် အစိုဓါတ်ထိန်း အလှကုန်များကို ရွေးချယ်သုံးစွဲရန် လိုအပ်သည်။

အာရှအသားအရေသည် ညိုမဲလွယ်သည်။

အရေပြားအမျိုးအစားအားလုံးတွင် အသားအရောင်ကိုဖြစ်စေသော melanin (မယ်လနင်) ထုတ်ပေးသည့် အရေပြားရောင်ခြယ်ဆဲလ် (melanocytes)ပမာဏ တူညီစွာပါရှိသည်။ ၎င်းတို့သည် သင်၏အရေပြားကို ခရမ်းလွန်ရောင်ခြည် များမှ ကာကွယ်ပေးသည်။ Melanocytes များမှထုတ်ပေးသော မယ်လနင် ပမာဏမှာ ပြောင်းလဲနိုင်သည်။ အာရှအသားအရေသည် မယ်လနင် ပိုများကြောင်း သုတေသီများက သက်သေပြထားသည်။ ထို့ကြာင့် အာရှအသားအရေသည် အသားညိုမည်းခြင်း၊ တင်းတိပ်၊ မှဲ့ခြောက် နှင့် အမည်းစက် စသည့် ရောင်ခြယ်ဆိုင်ရာပြဿနာများ အဖြစ်များသည်။ နေလောင်ခြင်းမှ ကာကွယ်နိုင်ရန် SPF 30 နှင့် အထက်ပါသော နေလောင်ခံခရင်မ်မျိုးသုံးသင့်သည်။ အပြင်ထွက်သောအခါ ရှပ်အင်္ကျီလက်ရှည် ၊ အနားကျယ်သောဦးထုပ်၊ နေကာမျက်မှန်စသော နေရောင်ကာပစ္စည်းများသုံးခြင်းကလည်း သင့်ကိုအထောက်အကူဖြစ်စေသည်။

အာရှအသားအရေသည် အခြားအသားအရေများနှင့် မတူသောကြောင့် အထူးဂရုပြုရန်လိုအပ်ပါသည်။ သင်၏အရေပြားကို နေဒဏ်မှကာကွယ်ရန်နှင့် သင့်တော်သောထိန်းသိမ်းမှုများ ပုံမှန်ပြုလုပ်ရန်မမေ့ပါနှင့်။ ထပ်မံသိရှိလိုပါက သင်၏အရေပြားဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Sandar Lin · 02/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။