လက်ဖဝါး ဘာ့ကြောင့်ယားတာလဲ
လက်ဖဝါးယားရတာ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။
ယားနာ
လက်မှာ ဝဲဖြစ်ချင်သလိုလို ယားစပ်စပ်နဲ့ ဖြစ်လာရာကနေ အရေပြားအရောင်ပြောင်းလာတတ်ပါတယ်။ အရေပြားကခြောက်သွေ့လာနိုင်ပါတယ်။ ဖုလေးတွေပေါက်ပြီးရင် အရေပြားကပိုဆိုးလာနိုင်ပါတယ်။ ဒါပေမယ့် ရက်ပိုင်း သို့မဟုတ် တစ်ပတ် နှစ်ပတ် လောက်ပဲဖြစ်နိုင်ပါတယ်။ လနဲ့ချီပြီးခံစားနေရမှာမဟုတ်ပါဘူး။
ဒီလိုမျိုးအဖြစ်များရတဲ့အကြောင်းရင်းက ဓါတုပစ္စည်းတွေနဲ့ထိတွေ့မှုများခြင်းလည်း ပါဝင်ပါတယ်။ သန့်ရှင်းရေး၊ ဆံသ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်ပြင် စတဲ့အလုပ်တွေက ဓါတုပစ္စည်းတွေနဲ့ လက်ဖဝါးထိတွေ့ရတာများတဲ့ အလုပ်အကိုင်တွေဖြစ်ပါတယ်။
ဓါတ်မတည့်မှု
အလှလက်စွပ်နဲ့တခြားလက်ဝတ်လက်စားတွေလိုမျိုးဆီက သံသတ္တုနဲ့ဓါတ်မတည့်ခြင်း၊ရေမွှေး၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ဖုန်မှုန့်စတဲ့ အရာတွေနဲ့ဓါတ်မတည့်မှုဖြစ်တတ်တာများပါတယ်။
ဆီးချိုရောဂါ
လူတစ်ယောက်မှာဆီးချိုရောဂါရှိနေတဲ့အခါသွေးတွင်းသကြားဓါတ်ပမာဏမြင့်လွန်းနေတဲ့အခါ အရေပြားခြောက်သွေ့ပြီး ယားယံလာနိုင်ပါတယ်။ အဲဒီလိုယားယံတဲ့အခါ လက်ဖဝါး သို့မဟုတ် တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ အရေပြားနီမြန်းလာတာ၊ အဖုလေးတွေဖြစ်လာတာတွေဖြစ်တတ်ပါတယ်။
အသည်းခြောက်ခြင်း
primary biliary cirrhosis (PBC) လို့ခေါ်တဲ့ အသည်းခြောက်ရောဂါဟာ လက်ဖဝါးမှာ ယားယံပြီး အကွက်လေးတွေဖြစ်လာစေနိုင်ပါတယ်။PBCကြောင့် အသည်းနဲ့အစာအိမ်ကိုဆက်သွယ်ပေးတဲ့ သည်းခြေပြွန်ကို ထိခိုက်စေနိုင်ပါတယ်။ အသည်းနဲ့အစာအိမ်ကြားမှာရွေ့လျားနေတဲ့သည်းခြေရည်တွေက အသည်းမှာစုနေပြီး အသည်းရွတ်ဖြစ်စေနိုင်ပါတယ်။ လက်ဖဝါးအကွက်တွေဖြစ်တာ၊မအီမသာဖြစ်တာ၊အရိုးနာကျင်တာ၊ဝမ်းပျက်တာ၊ ဆီးအရောင်ရင့်တာတွေရှိနိင်ပါတယ်။
လက်ဖဝါးယားတယ် ဆိုတိုင်း ရောဂါလက္ခဏာဖြစ်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေကျ ဘာရယ်မဟုတ် ခဏလောက် လက်ဖဝါးယားတာမျိုးလည်းရှိနိုင်ပါတယ်။ ဥပမာ ဆောင်းရာသီမို့ အသားခြောက်တာမျိုး။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ
- လက်အရေပြားမှာ နီမြန်း၊ရောင်ရမ်းလာပြီး အရေခွံကွာလာတာ၊
- အရေပြား အက်ကွဲလာတာ၊ သွေးစို့လာတာ၊
- ရေကြည်ဖုလေးတွေ ဖြစ်လာပြီး ပေါက်ပြဲလာတာ၊
- အနီကွက်တွေဖြစ်လာတာ၊
- ရေယုန်ဖြစ်လာတာ၊
- အရေပြားမှာလောင်တဲ့ပုံစံဖြစ်လာတာ
ဘယ်လိုဂရုစိုက်ရမလဲ၊ ကာကွယ်ရမလဲ
- ရေဓါတ်ပြည့်ဝအောင်နေပါ– ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝနေစေဖို့ရေဝဝသောက်ပါ။ရေဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို စားပါ။
- lotion လိမ်းပါ– အရေပြားကိုသက်တောင့်သက်သာဖြစ်စေပြီး အစိုဓါတ်ထိန်းပေးနိုင်ဖို့ lotions နဲ့ moisturizersတွေ လိမ်းပေးပါ။
- ကာကွယ်ပါ – လက်အရေပြားက ထိခိုက်လွယ်၊တုံ့ပြန်လွယ်အသားအရေဖြစ်တယ်ဆိုရင် ဓါတုပစ္စည်းပါတဲ့အရာတွေကို ထိတွေ့တော့မယ့် အခါတိုင်း လက်ကိုကာကွယ်ဖို့ သတိပြုပါ။ ဆပ်ပြာကိုင်မယ်ကြံတိုင်း၊ ပန်းကန်ဆေးမယ်ဆိုရင် ရော်ဘာလက်အိတ်စွပ်ပါ။ သိပ်ပြင်းတဲ့ ဆပ်ပြာတွေကို မသုံးတာအကောင်းဆုံးပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

















