brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခြောက်သွေ့အသားအရေပိုင်ရှင်များအတွက် နည်းလမ်းကောင်းများ

အရေပြားခြောက်ခြင်းဟာ အဖြစ်အများဆုံး အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ အချို့သူတွေဟာ မွေးကတည်းက အသားခြောက်တာဖြစ်ပြီးတော့ အချို့ကတော့ သူတို့နေထိုင်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ကြောင့် အသားခြောက်တာ ဖြစ်ပါတယ်။ အချို့ကတော့ အသက်ကြီးလို့ အသားခြောက်တာ ဖြစ်ပါတယ်။ အကြောင်းရင်းက ဘာပဲဖြစ်နေပါစေ အရေပြားခြောက်ခြင်းကို ကုသဖို့ နည်းလမ်းတွေ ရှိပါတယ်။

ခြောက်သွေ့အသားအရေပိုင်ရှင်များအတွက် နည်းလမ်းကောင်းများ

အဓိက နည်းလမ်းကတော့ အရေပြားကို ရေဓါတ်ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။ ရေဓါတ်ဟာ အရေပြား ခြောက်ခြင်းအတွက် ကောင်းမွန်ပြီး သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့ရပါလိမ့်မယ်။ နောက်တစ်ဆင့်ကတော့ အရေပြားခြောက်ခြင်းကို ဖြစ်စေတဲ့ ပတ်ဝန်းကျင်က အရာတွေကို ပြုပြင်ဖို့ပဲဖြစ်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ အသားအရည် ခြောက်သွေ့ခြင်းကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

အသားအရည်ခြောက်သွေ့ခြင်းကို ဘယ်လိုကုသမလဲ။

အခြေအနေအတော်များများမှာ အသားအရည်ခြောက်သွေ့ခြင်းဟာ လူနေမှု ပုံစံတွေ ပြောင်းလိုက်တာနဲ့ သက်သာတတ်ပါတယ်။ အစိုဓါတ်ထိန်း Moisturiser တွေ သုံးပေးခြင်းက စတင်ပြီး အရေပြားပေါ်က ကျန်းမာစေတဲ့ဆီတွေကို ထုတ်လိုက်တဲ့ ကြာမြင့်တဲ့ ရေပူနဲ့ရေချိုးခြင်းတွေ မပြုလုပ်သင့်ပါဘူး။ တကယ်လို့ အရေပြားဟာ အကြေးခွံလန်ပြီး တကယ်ခြောက်သွေ့တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဆိုင်မှာ ဝယ်နိုင်တဲ့ ရေဓါတ်မြင့်မားတဲ့ ခရင်မ်တွေကို အသုံးပြုနိုင်ပါတယ်။

Moisturiser တွေကို အသုံးပြုမယ်ဆိုရင် အောက်ပါပါဝင်ပစ္စည်းတွေကို ရှာဖွေနိုင်ပါတယ်။

• အရေပြား ပျက်စီးမှုကို ကာကွယ်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ

• အရေပြားဆဲလ်အသေတွေကို သန့်စင်ပေးပြီး အရေပြား အသစ်အလွှွာပေါ်မှာ ရေဓါတ်ထိန်းပေးတဲ့ လတ်တစ်အက်စစ် နဲ့ urea

• အရေပြားကို ပိုမိုချောမွေ့စေတဲ့ hyaluronic acid၊ sodium hyaluronate၊ cholesterol နဲ့ ceramides ပါဝင်တဲ့ အရေပြား ပြုပြင်ပေးတဲ့ ပါဝင်ပစ္စည်းများ

• ဆုံးရှုံးသွားတဲ့ရေဓါတ်ကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ အရေပြားကို ပျော့ပျောင်းချောမွေ့စေတဲ့ emollients။ emollients တွေဟာ အရည် (သို့) ပျစ်တဲ့အရာတွေဖြစ်ပြီး အနံ့မပါတဲ့ အပင်ဆီ၊ ရေနံဂျယ်လီ၊ linoleic acid အစရှိတဲ့ fatty acid၊ ဂလစ်စရင်း၊ triglycerides၊ အရက်နဲ့ အခြားအရာတွေ ပါဝင်နိုင်ပါတယ်။

• နီရဲခြင်းကို လျှော့ချပေးမယ့် အရောင်ကျဆေးများ

တခါတရံမှာ အရေပြားခြောက်သွေ့ခြင်းဟာ အရေပြားရောင်ခြင်းကို ဖြစ်စေပြီးတော့ နီရဲပြီး ယားယံတဲ့ အရေပြား ရရှိစေပါတယ်။ ဒီလိုအခြေအနေတွေမှာတော့ hydrocortisone ပါဝင်တဲ့ လိမ်းဆေးတွေကို လိမ်းသင့်ပါတယ်။ အရေပြား အက်ကွဲရင်တော့ ဆရာဝန်က ရောဂါပိုးဝင်မှုကို ကာကွယ်ဖို့ စိုစွတ်တဲ့ပတ်တီးစကို အရေပြားပေါ်မှာအချိန်တစ်ခုထိကပ်ပြီးလဲပေးခြင်း (wet dressing) ကို ညွှန်းပါလိမ့်မယ်။

အရေပြားခြောက်သွေ့ခြင်းကို ဘယ်လို ပြုပြင်ထိန်းသိမ်း သင့်သလဲ။

အရေးအကြီးဆုံးကတော့ အရေပြား ထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ အရေပြားခြောက်တာ သက်သာလာတာနဲ့ ကုသမှုရပ်လိုက်မယ်ဆိုရင် ပြန်ပြီး ခြောက်သွေ့သွားနိုင်ပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ အရေပြားကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာတွေပဲဖြစ်ပါတယ်။

• ရေဓါတ်ထိန်းသိမ်းပါ။ ရေဓါတ်ထိန်းသိမ်းတဲ့ ပစ္စည်းတွေဟာ အရေပြားပေါ်က ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပါတယ်။ moisturiser ကို တစ်နေ့မှာ အကြိမ်များစွာ လိမ်းပေးနိုင်ပါတယ်။ အသားခြောက်သူတွေအတွက်ကတော့ ထူတဲ့ moisturiser တွေဟာ အကောင်းဆုံးဖြစ်ပြီး ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ တံဆိပ်တွေကတော့ Eucerin နဲ့ Cetaphil တွေပဲဖြစ်ပါတယ်။

အလှကုန်တွေ ရွေးမယ်ဆိုရင် အသားခြောက်တဲ့သူတွေအတွက် အဓိကထားပြီး moisturiser ပါဝင်တဲ့အရာတွေကို ရွေးချယ်သင့်ပါတယ်။ အသားအလွန်ခြောက်သူတွေ အတွက်ကတော့ ကလေးတွေမှာသုံးတဲ့ baby oil အစရှိတဲ့ အဆီတွေကို သုံးသင့်ပါတယ်။ အဆီတွေဟာ ရေဓါတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

နောက်တစ်ခုကတော့ petroleum jelly (Vaseline®, Aquaphor®) ပါဝင်တဲ့ လိမ်းဆေးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဆီပါဝင်နိုင်တာကြောင့် ညအချိန်မှာပဲ အသုံးပြုသင့်ပါတယ်။

• ရေနွေးကိုအသုံပြုပြီး ရေချိုးချိန်ကို ကန့်သတ်ပါ။

တစ်နေကုန်ပင်ပန်းလာအပြီးမှာ ဘယ်အရာကမှာ အချိန်အကြာကြီးရေချိုးတာလောက် မကောင်းမွန်ပါဘူး။ ဒါပေမယ့် ရေပူနဲ့ အချိန်အတော်ကြာ ရေချိုးခြင်းဟာ အရေပြားမှာရှိတဲ့ တန်ဖိုးရှိတဲ့အဆီတွေကို ဖယ်ရှားလိုက်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် ရေနွေးနဲ့သာချိုးသင့်ပြီး ဆယ်မိနစ်လောက်သာ ရေချိုးသင့်ပါတယ်။

• ပျော့ပြောင်းပြီး ရေဓါတ်ပါတဲ့ ဆပ်ပြာတွေကို အသုံးပြုပါ။ ပျော့တဲ့ ခရင်မ် (သို့) နူးညံ့တဲ့ သန့်ဆေးတွေဟာ ကာကွယ်ပေးတဲ့အဆီအလွှာ တစ်ထပ်ပါဝင်တာကြောင့် အသားခြောက်သူတွေအတွက် ကောင်းမွန်ပါတယ်။ ပျော့တဲ့ ဆပ်ပြာတွေကို အသုံးပြုပါ။ ချွေးနံ့ပျောက်ဆေး၊ ဘက်တီးရီးယား သတ်ဆေး၊ ရေမွှေးတွေနဲ့ အရက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

• ရေချိုးပြီးတိုင်း moisturiser လိမ်းပါ။ ရေချိုးပြီးရင် သဘတ်နဲ့ ညင်သာစွာ ပွတ်ပါ။ ပြီးတော့ moisturiser လိမ်းပါ။ ရေငွေ့ပြန်ခြင်းကို တားမြစ်ပေးပြီး ရေဓါတ်ကို ထိန်းသိမ်းပေးပါလိမ့်မယ်။

• ရေငွေ့ပေးစက် အသုံးပြုပါ။ တကယ်လို့ အိမ်ထဲကလေကပူပြီး အရေပြားခြောက်သွေ့စေတယ်ဆိုရင် စိုထိုင်းမှုထိန်းစက်ကို အသုံးပြုပါ။ သန့်စင်တဲ့ရေကို အသုံးပြုပြီး စိုထိုင်းမှုထိန်းစက်ကို ဘက်တီးရီးယားတွေနဲ့ မှိုတွေရန်က သန့်စင်အောင် ထားပါ။

တကယ်လို့ ခြောက်သွေ့တဲ့ အသားအရည်က ယားယံနေတယ်ဆိုရင် ရေခဲကပ်ပါ။ ရောင်ရမ်းတာကို သက်သာစေဖို့ အနည်းဆုံး hydrocortisone ၁ ရာခိုင်နှုန်း ပါတဲ့ hydrocortisone ခရင်မ် (သို့) လိမ်းဆေးကို လိမ်းနိုင်ပါတယ်။ ဒီနည်းလမ်းတွေက လက္ခဏာတွေကို မသက်သာစေရင် (သို့) ပိုဆိုးလာရင် ဆရာဝန် (သို့) အရေပြား အထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr . Phyu Mon Latt · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။