brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်ဆေးရတာများလို့ လက်အရေပြား‌လေးတွေ ခြောက်သွေ့ပျက်စီးနေပြီဆိုရင်

COVID-19 ကို ကာကွယ်ဖို့ လက်ခဏခဏဆေးရလို့ အရေပြားတွေ ခြောက်သွေ့ ပျက်စီးနေပြီလား။ အရေပြားခြောက်သွေ့ရုံလောက်နဲ့ စိုးရိမ်စရာမရှိဘူးလို့ ထင်နိုင်ပေမဲ့ ခြောက်သွေ့ရာကတဆင့် အက်ကွဲတဲ့ အဆင့်ရောက်သွားရင်တော့ ရောဂါပိုး အမျိုးမျိုးဝင်နိုင်တဲ့ အတွက် ဂရုစိုက်ဖို့ လိုသွားပါပြီ။ ယခုလို COVID-19 ကို အသည်းအသန်ကာကွယ်နေကြရချိန်မှာ ကျွန်တော်တို့ရဲ့ လက်ကလေးတွေဟာ ဆပ်ပြာပေါင်းစုံ၊ Hand sanitizer ပေါင်းစုံနဲ့ ထိတွေ့ရတဲ့အပြင် ရံဖန်ရံခါ ဆိုသလို ပိုးသန့်စင်တဲ့ ဆေးရည် (အရက်ပြန်၊ chlorine ဆေးရည်) တို့နဲ့ပါ သန့်ရှင်းရေးပြုလုပ်ရင်း ထိတွေ့နေရပြန်ပါတယ်။ ဒီတော့ ဒီလောက်အလုပ်ကြိုးစားတဲ့ လက်ကလေးတွေကို ပြန်ဂရုစိုက်သင့်တာပေါ့။

လက်ဆေးရတာများလို့ လက်အရေပြား‌လေးတွေ ခြောက်သွေ့ပျက်စီးနေပြီဆိုရင်

ရေအပူချိန်ကို လျှော့ချပါ။

ပိုးသေဖို့အတွက် ရေနွေးနဲ့ မဖြစ်မနေ လက်ဆေးစရာ မလိုပါဘူးနော်။ ရေအပူဟာ အသားအရေကို ပိုမိုခြောက်သွေ့စေပြီး ပိုးသေဖို့လည်း အထောက်အကူ ပိုဖြစ်စေတာမျိုး မဟုတ်တဲ့အတွက် ရေအပူချိန်ကို လျှော့ချလိုက်ပါ။

ရေချိုးခန်းထဲမှာ mild cleanser လေးတွေ ဖြည့်ထားပါ။

ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ဆိုသလို ခဏခဏ လက်ဆေးဖို့ လိုတဲ့အတွက် လက်ဆေးဆပ်ပြာ ရွေးချယ်ရာမှာ အရေပြားကို မထိခိုက်စေဖို့ ဆပ်ပြာကောင်းကောင်းသုံးပေးပါ။ အထူးသဖြင့် အနံ့မပါတာ၊ nourishing, gentle, hydrating စသဖြင့် label တပ်ထားတာမျိုးတွေပေါ့။ မျက်နှာသစ်ဆပ်ပြာ နဲ့ ရေချိုးဆပ်ပြာတွေဟာလည်း gentle cleanser များဖြစ်တဲ့အတွက် သုံးပေးလို့ရပါတယ်။

Hand cream လိမ်းပေးပါ။

လက်ကို ဆပ်ပြာနဲ့ ဆေးပြီးနောက် hand cream သို့မဟုတ် lotion လိမ်းပေးနိုင်ပါတယ်။ ခဏခဏ လက်ဆေးရတာ ဖြစ်တဲ့အတွက် ဘယ်လောက်မှတော့ ကြာကြာခံမှာ မဟုတ်ပေမဲ့ ဘာမှမလိမ်းတာထက်တော့ သာပါတယ်။

ရေ နဲ့ ဓာတုပစ္စည်းများကို တတ်နိုင်သမျှ မထိပါနဲ့။

ဒါဟာ လက်မဆေးပါနဲ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ပန်းကန်ဆေးတဲ့အခါ၊ အိမ်သန့်ရှင်းရေး လုပ်တဲ့အခါမျိုးတွေမှာ လက်အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် Utility glove သို့မဟုတ် ရာဘာလက်အိပ်များ ဝတ်ဆင်ပေးဖို့ လိုအပ်ပါတယ်။

ညအိပ်ချိန်မှာ ပြန်လည်အားဖြည့်ပေးပါ။

ညဘက်အိပ်ချိန်မှာ လက်ခဏခဏဆေးစရာ မလိုတဲ့အတွက် လက်ဖဝါးနုနုကို ရေဓာတ်ဖြည့်ပေးဖို့၊ နူးညံ့အောင် လုပ်ပေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ ညအိပ်ခါနီး ခြေလက်မျက်နှာ ဆေးကြောပြီး လက်ကလေးတွေ နွေးပြီး စိုစွတ်နေတုန်း hand cream လေး လိမ်းပြီးမှ အိပ်ရာဝင်ပါ။ လက်ဖဝါးတွေဟာ အလွန်အမင်း ကွဲခြောက်နေရင်တော့ ပိုပြီး စိမ့်ဝင်မှုအားကောင်းစေဖို့အတွက် hand cream လိမ်း၊ လက်အိတ်လေးစွပ်ပြီး အိပ်‌ရာ၀င်နိုင်ပါတယ်။

လက်ဖဝါးတွေ ယားယံနေရင်

လက်ဖဝါးလေးတွေ ကုတ်ခြစ်ချင်လောက်အောင် ယားယံနေခဲ့မယ်ဆိုရင်တော့ ဆေးဆိုင်ကနေ hydrocortisone cream ဝယ်လိမ်းတာထက် Pramoxine ပါဝင်တဲ့ moisturizing cream ဒါမှမဟုတ် cooling effect ပါဝင်တဲ့ moisturizer ကို ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး လိမ်းပေးပါ။

အထက်ပါအခြေအနေများထက် ပိုဆိုးနေခဲ့မယ်ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်များထံ သွားရောက်ပြသဖို့ တိုက်တွန်းပါတယ်။ ရောဂါပိုးကင်းစင်သော လက်ဖဝါးနုနုလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

ရေးသားသူ – Dr. Saint

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Thiha Phyo Myint · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။