brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နေလောင်ခံခရင်မ် ဝယ်ရာတွင် မသိမဖြစ်အချက်ငါးချက်ကို သင်သိပါသလား။

ခရမ်းလွန်ရောင်ခြည်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိထားပြီးသားပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းက နေလောင်ခံလိမ်းဆေး တွေသုံးတာပဲဆိုတာကိုလည်း သိပြီးသားပါပဲ။ ဒါပေမယ့် တကယ်ဝယ်ယူဖြစ်ဖို့ဆိုတာတော့ အပြောကသာလွယ်ပါတယ်။ စတိုးဆိုင်ထဲဝင်သွားပြီး နေလောင်ခံလိမ်းဆေးဝယ်ကြမယ်ဆိုရင် ဈေးကွက်ထဲမှာရရှိနိုင်တဲ့ မြောက်များလှစွာသော နေရောင်ကာလိမ်းဆေးတွေကြားမှာ သင်မူးနောက်သွားမှာအမှန်ပါပဲ။ အသားအရည်အတွက် မှန်ကန်တဲ့နေလောင်ခံလိမ်းဆေးကို ရွေးချယ်ဖို့က တကယ်ကိုအရေးကြီးတာကြောင့် သင်ဘာကိုဝယ်ရမလဲဆိုတာကို ဂရုတစိုက် ရွေးချယ်ဖို့လိုပါတယ်။ နေလောင်ခံလိမ်းဆေးဝယ်ယူဖို့အတွက် မရှိမဖြစ်သိသင့်ပြီး စိတ်ထဲစွဲမှတ်ထားရမယ့် အချက်၅ချက်ကို ဖော်ပြပေးထားပါတယ်။

နေလောင်ခံခရင်မ် ဝယ်ရာတွင် မသိမဖြစ်အချက်ငါးချက်ကို သင်သိပါသလား။

• Broad-spectrum (ကျယ်ပြန့်စွာကာကွယ်နိုင်စွမ်း) ပါဝင်တာကို ရှာပါ။

ကောင်းပါတယ်ဆိုတဲ့ နေလောင်ခံလိမ်းဆေးတွေမှာ ရောင်ခြည်တွေကိုကျယ်ပြန့်စွာကာကွယ်နိုင်စွမ်းရှိရပါမယ်။ ဒါမှသာ သင့်ခန္ဓါကိုယ်တစ်ခုလုံးကို ခရမ်းလွန်ရောင်ခြည် (အေ) ရော (ဘီ) ဒဏ်ကပါ ကာကွယ်ပေးနိုင်မှာပါ။ Benzophenones (oxybenzone)၊ cinnamates (ocylmethyl cinnamate and cinoxate)၊ titanium dioxide၊ zinc oxide၊ avobenzone စတာတွေပါဝင်တဲ့ နေလောင်ခံလိမ်းဆေးကို ရွေးချယ်ပါ။

• သင်က ရေကူးဖို့အတွက်ရည်ရွယ်တာ သို့မဟုတ် ချွေးထွက်များတဲ့သူဖြစ်နေတာမျိုးဆိုရင် ရေစိုခံသော နေလောင်ခံလိမ်းဆေးကို ရွေးချယ်ပါ။

ရေစိုခံစွမ်းအားမြင့်မားစွာပါဝင်တဲ့ နေလောင်ခံလိမ်းဆေးတွေဟာလည်း အမြဲတမ်းတာရှည်ခံနေတာမဟုတ်ပါဘူး။ ဒီပစ္စည်းတွေ အကြာဆုံးခံနိုင်တဲ့အချိန်အတိုင်းအတာက မိနစ် ၈၀ပါပဲ။ ဒါကြောင့် ပုံမှန်လေးပြန်ထပ်လိမ်းပေးဖို့ လိုပါလိမ့်မယ်။

• ကိုယ်ကြိုက်တာဝယ်ပါ။

နားထောင်ရတာတော့ ရယ်စရာကောင်းနေပေမယ့် သင်တကယ်သဘောကျတာကိုပဲ သင်ဝယ်ယူသင့်တာပါ။ ဘယ်လောက်ပဲ နေလောင်ခံလိမ်းဆေးက ကောင်းနေပါစေ၊ သင်သဘောမကျဘူးဆိုရင် (အနံ့ကြောင့်ဖြစ်စေ အထိအတွေ့ကြောင့်ဖြစ်စေ) ဘယ်လိုမှအသုံးပြုချင်မှာမဟုတ်ပါဘူး။ ဒီအခြေအနေဖြစ်လာပြီဆိုရင် သင့်စိတ်ကြိုက်သာရွေးချယ်ပါ။

• အသားအရည်အခြေအနေကို သတိပြုပါ။

သင်ဟာ ပါးတွေ၊အသားတွေနီရဲနေတတ်တာမျိုး၊ ဓါတ်မတည့်တာမျိုး သို့မဟုတ် ထိခိုက်လွယ်တဲ့အသားအရည်မျိုးရှိရင် paraaminobenzoic acid (PABA)၊ dioxybenzone၊ oxybenzone၊ sulisobenzone စတာတွေပါတာမျိုးကို ရှောင်ကြဉ်ပါ။ Titanium dioxide သို့မဟုတ် zinc oxide တွေဟာ အသားအရည်ပျက်စီးစေတာမျိုး သိပ်မရှိတာကြောင့် ဒါတွေကို အစားထိုးအသုံးပြုဖို့ ပိုပြီးသင့်လျော်ပါတယ်။

• အသားအရည်အမျိုးအစားများ

နေလောင်ခံလိမ်းဆေးအများစုဟာ အသားအရည်ပုံစံတစ်မျိုးချင်းစီအလိုက် ထုတ်ထားကြတာပါ။ အဆီပြန်တဲ့အသားအရည်ဟာ ယေဘုယျအားဖြင့် လိမ်းပြီးတာနဲ့လုံးဝခြောက်သွားတဲ့ပုံစံမျိုးနဲ့သင့်လျော်ပြီး ခြောက်သွေ့တဲ့အသားအရည်တွေကတော့ အစိုဓါတ်ပေးနိုင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ နေရောင်ကာလိမ်းဆေးနဲ့ပိုသင့်လျော်ပါတယ်။ သင့်အသားအရည်အမျိုးအစား အတွက်သီးသန့်ထုတ်ထားတဲ့ နေလောင်ခံလိမ်းဆေးကို အသုံးပြုတာက သင့်ကိုပိုပြီး သက်တောင့်သက်သာရှိစေပါလိမ့်မယ်။

သင့်အတွက်မှန်ကန်တဲ့ နေလောင်ခံလိမ်းဆေးကို ရွေးချယ်ရခြင်းဟာ အတော်ခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။ လူတစ်ယောက် နဲ့တစ်ယောက် မတူညီတာကြောင့် အခြားလူတွေသုံးလို့အဆင်ပြေတဲ့အရာဟာ သင့်အတွက်လည်း သင့်လျော်မယ်လို့ ယူဆလို့မရပါဘူး။ အထက်ပါအချက်တွေက မှန်ကန်တဲ့ရွေးချယ်မှုကိုပြုလုပ်နိုင်ဖို့ သင့်ကိုကူညီပေးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သင်နဲ့အသင့်လျော်ဆုံးသော ပစ္စည်းကို ရှာမတွေ့သေးခင်မှာ အချို့တံဆိပ်တွေနဲ့ အချို့သောအမျိုးအစားတွေကို စမ်းပြီးအသုံးပြုကြည့်ဖို့ လိုကောင်းလိုပါလိမ့်မယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။