နေရောင်နှင့် အလွန်အမင်း ထိတွေ့သောအခါ သို့မဟုတ် အသက်ကြီးလာတဲ့အခါမှာ များသောအားဖြင့် ဒီလိုအရေပြားပေါ်မှာ အစက်အကွက်တွေ ထွက်လာလေ့ရှိပါတယ်။ သူတို့တွေဟာ သင့်ရဲ့မျက်နှာပေါ်မှာ အညိုရောင်ချပ်ပြားပုံစံများ ဖြစ်ပေါ်ခြင်း သို့မဟုတ် အသားမည်းခြင်းကိုတောင်မှ ဖြစ်စေနိုင်ပါတယ်။ အနက်ရောင်အကွက်တွေလည်း မျက်နှာပေါ်မှာ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ လက်မောင်း၊ လည်ပင်း၊ ရင်အုံနှင့် ကျောမှာပါ ဖြစ်လေ့ရှိပါတယ်။ တကယ်တော့ ဒီလိုဖြစ်လာတဲ့ အရေပြား အခြေအနေတွေကို လုံးဝပျောက်ကင်းသွားအောင် ကုသဖို့ရာ တိကျတဲ့ဖြေရှင်း နည်းလမ်း မရှိပါဘူး။ သို့သော် အချို့သောအစားအသောက်တွေကိုစားပေးခြင်းက သင့်ရဲ့အရေပြားမှာ အသက်ကြီးလို့ ဖြစ်လာတဲ့ အစက်အကွက်တွေ ဖြစ်ပေါ်ခြင်းကို တားဆီးနိုင်ပြီး ၎င်းတို့ကို တစ်စိတ်တစ်ပိုင်း မှေးမှိန်ပျောက်ကွယ်သွားအောင်တော့ ပြုလုပ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

လိမ္မော်သီး ဟာဆိုရင် အရေပြားကျန်းမာရေးကောင်းစေတဲ့ အာဟာရဓါတ်တွေ ကောင်းစွာ ပါဝင်တယ်လို့ လူအများက ထင်မြင်ယူဆထားလေ့ရှိပါတယ်။ တကယ်တော့ လိမ္မော်သီးဟာ ဗီတာမင်စီဓါတ် အများကြီးပါဝင်ပါတယ်။ ဒါကြောင့် အရေပြားမှာ ရှိတဲ့ ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ဒီနေရာမှာ နောက်ထပ်ဒဏ်ရာ အနာတရအသစ်တွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် လိမ္မော်ရေ တစ်ဖန်ခွက် သို့မဟုတ် လိမ္မော်သီးတွေကို နေ့စဉ်စားသုံးပေးခြင်းဟာ သင့်ရဲ့ အရေပြားပေါ်က အစက်အကွက်တွေ သက်သာအောင် ကူညီပေးရုံသာမက နောက်ထပ် အနာတရတွေ အရေပြားမှာ မဖြစ်အောင်လည်း ကာကွယ်ပေးနေပါတယ်။ တစ်ဖက်ကပြောရလျှင် လိမ္မော်သီးတွေဟာ အရေပြားကင်ဆာ အပါအဝင် အချို့သောကင်ဆာအမျိုးအစားတွေကို တိုက်ခိုက်ရာမှာ ကူညီပေးနိုင်ပါတယ်။
သင်စားနေကျ အစားအသောက်တွေထဲမှာ အတတ်နိုင်ဆုံး အသီးအရွက်ကို အစိမ်းအတိုင်း ၅၀ ရာခိုင်နှုန်းအထက် ပါဝင်အောင် စားပေးသင့်ပါတယ်။ သူတို့ဟာဆိုရင် အစားအသောက်မှရသော အမျှင်ဓါတ်၊ ဗီတာမင်စီ နှင့် ဗီတာမင်ဘီများကို သင့်အား ပေးစွမ်းနိုင်ပါတယ်။ ဒီဓါတ်တွေဟာဆိုရင် အရေပြားအစက် အကွက်တွေကို ဖြစ်စေနိုင်တဲ့ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်လာခြင်းကိုလည်း တားဆီးပေးပြီး အရေပြားကျန်းမာရေးကို ကောင်းမွန်တိုးတက်စေပါတယ်။ ဒီလို ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပစ်လိုက်ခြင်းဟာ ရှိပြီးသား အစက်အကွက်တွေကို ပိုပြီးထိထိရောက်ရောက် ဖယ်ရှားပစ်စေနိုင်ဖို့ဖြစ်ပါတယ်။
တူနာငါး
တူနာငါးဟင်းလျာဟာဆိုရင် အာဟာရဓါတ်များပြားကြွယ်ဝသော အစားအသောက်အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ၎င်းအစားအသောက်ထဲမှာ niacin ၊ pyridoxine ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နှင့် မရှိမဖြစ် အရေးကြီးသော fatty acid များ ပါဝင်ပါတယ်။ တူနာငါးဟင်းလျာကို လုံလောက်တဲ့ ပမာဏ စားသောက်ပေးမယ်ဆိုရင် သင်နေ့စဉ်လိုအပ်တဲ့ Selenium ဓါတ် ပမာဏရဲ့ ၄ပုံ၃ပုံကို ရရှိနိုင်ပြီး အသက်ကြီး၍ ဖြစ်လာသော အစက်အကွက်များနှင့် အရေပြားထိခိုက်မှုများ၊ နေရောင်ကြောင့်ဖြစ်သော အရေပြားထိခိုက်မှုများကို ပြန်လည်ပြုပြင် ကာကွယ်ပေးရမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့ သင့်ရဲ့ အရေပြားပေါ်က အစက်ကွက်တွေကို ကုသဖို့ ဆန္ဒရှိတယ်ဆိုရင် သင့်ရဲ့အကြိုက်ဆုံးဟင်းလျာ တွေထဲမှာ တူနာငါးဟင်းလျာ ကို ထည့်ဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။
ဒီလိုအရေပြားပေါ်က အစက်အကွက်တွေ ဖြစ်လာခြင်း အကြောင်းရင်းထဲက အဖြစ်အများဆုံးတစ်ခုကတော့ ပိုတက်ဆီယမ်ဓါတ် ချို့တဲ့မှုပဲဖြစ်ပါတယ်။ ထောပတ်သီးမှာဆိုရင် ပိုတက်ဆီယမ်ဓါတ်ပမာဏ အများအပြားပါဝင်ပါတယ်။ သင်ဟာ ပိုတက်ဆီယမ်ဓါတ် နည်းခြင်းကြောင့် အရေပြား အညိုအမည်း အကွက်တွေ ထွက်လာတာဆိုရင် ထောပတ်သီး စားခြင်းက သင့်ကို ကူညီပေးနိုင်ပါတယ်။ ထောပတ်သီးမှာဆိုရင် ဗီတာမင်အီး၊ အားကောင်းသော ဓါတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် မပြည့်ဝဆီ (monounsaturated fat) များစွာပါဝင်ပါတယ်။ ဒီပစ္စည်းတွေဟာ အရေပြားကျန်းမာရေးနှင့် အသက်ကြီးတဲ့အခါ ဖြစ်ပေါ်လာမယ့် အရေးအကြောင်းတွေ၊ အရေပြားပြဿနာတွေအတွက် အလွန်ကောင်းပါတယ်။ ရလဒ်အနေနဲ့ကတော့ သင့်ရဲ့ အရေပြားမှ အညိုအမည်းအစက်အပြောက်တွေ ပိုပြီးကောင်းမွန်လာအောင် ဦးဆောင်ပေးနိုင်ပြီး ကာကွယ်ပေးနိုင်ပါတယ်။
ကြက်သွန်ဖြူဟာဆိုရင် ကမ္ဘာအနှံ့အပြားမှာ အရသာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု အဖြစ်အသုံးပြုနေကြပါတယ်။ သို့သော်၎င်းဟာ သင့်ရဲ့ ညိုမည်းအရေပြားအစက်အကွက်တွေကို ကူညီပေးနိုင်တယ်ဆိုတာကို သင်သိပါသလား။ သင့်ရဲ့ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ဓါတ်တိုးပစ္စည်းတွေဟာ အရေပြားအညိုမည်းအစက်တွေကို ဖြစ်စေနိုင်တယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ ဒီအရေပြားအစက်အကွက်တွေကို ဖယ်ရှားပစ်ဖို့ သင်ဟာ ဆန္ဒရှိတယ်ဆိုရင် သွေးထဲမှာ ဒီဓါတ်တိုးပစ္စည်းတွေရဲ့ လှုပ်ရှားသွားလာနေမှုကို လျှော့ချဖို့လိုအပ်ပါတယ်။ အဖြေကတော့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့အစားသောက်တွေကို စားပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူဟာဆိုရင် သင့်အတွက်အကောင်းဆုံးရွေးချယ်မှု တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူဟာ သွေးသန့်ဖို့အတွက် အသုံးပြုတဲ့ ပစ္စည်းတစ်မျိုးလည်း ဖြစ်တဲ့အပြင် ဝက်ခြံတွေကိုဖယ်ရှားပစ်ဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားအနာအဆာတွေနဲ့ ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီလို ဝက်ခြံ ၊ အရေပြားအနာအဆာတွေ နှင့်ဆားဝက်ခြံတွေဟာ အသက်ကြီးလာတဲ့အခါမှာ အရေပြားအစက်အကွက်တွေကို ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
ဒီလိုအစားအသောက်တွေကို စားပေးခြင်းဟာ သင့်ရဲ့ အရေပြားအစက် အကွက်တွေကို ပျောက်ကင်းသက်သာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစားပေးခြင်းအပြင် နေရောင်ခံလိမ်းဆေးများလိမ်းပေးခြင်း၊ နေရောင်နှင့် ထိတွေ့မှုကြာချိန် လျှော့ချပေးခြင်းနှင့် သင့်ရဲ့ အရေပြားအခြေအနေကို ပိုဆိုးစေတဲ့ သို့မဟုတ် အရေပြားအပြစ်အနာအဆာ အသစ်တွေဖြစ်လာစေတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ သင့်ရဲ့အရေပြား အခြေအနေဟာ အရမ်းဆိုးရွားနေပြီဆိုရင်တော့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူနှင့် အကူအညီရဖို့ရာသွားရောက် တွေ့ဆုံသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။