brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Scar (အနာရွတ် သို့ အမာရွတ်) များအကြောင်း

လူအတော်များများမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အမာရွတ် လေးတွေ ဖြစ်ဖူးကြမှာပါ။ အချို့တွေတော့ scar တွေကို ဒီတိုင်း အမှတ်တရ (သို့) ကိုယ့်ရဲ့ အမှတ်တစ်ခုခု အနေနဲ့ ရှိနေတာကို သဘောကျကြပါတယ်။ ဒါပေမယ့် အများစုကတော့ scarsတွေကို အမြန်ပျောက်ကင်းချင်ကြပါတယ်။ Scarsတွေဟာ အနာတစ်ခုခု ဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က အနာကျက်အောင်၊ ကောင်းမွန်လာအောင် လုပ်ဆောင်ပေးတဲ့ သဘာဝဖြစ်စဉ်ကြောင့် ဖြစ်လာရတဲ့ အရာလေးတွေပါ။

Scar (အနာရွတ် သို့ အမာရွတ်) များအကြောင်း

ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ဒဏ်ရာဖြစ်တဲ့အခါ ပျက်စီးသွားတဲ့နေရာကို ပြုပြင်နိုင်ဖို့အတွက် သဘာ၀ ပရိုတင်းလေးတစ်မျိုးဖြစ်တဲ့ collagen fibre တွေကို ထုတ်လိုက်တာကြောင့် အမာရွတ်လေးတွေ ဖြစ်လာရတာပါ။ ဒဏ်ရာ အကြီးအသေး၊ အတိမ်အနက်နဲ့ ဖြစ်တဲ့နေရာ၊ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အပေါ်မူတည်ပြီး အမာရွတ်အခြေအနေ နဲ့ ပျောက်ကင်းနိုင်တဲ့ ပမာဏတွေ ကွာခြားပါတယ်။

ဒီဆောင်းပါးလေးမှာကတော့ scars အမျိုးအစား အမျိုးမျိုး အကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေပေးသွားမှာပါ။

၁။ Keloid scar

Keloid scars လေးတွေဟာ အသားအရောင် ရင့်တဲ့ ညိုတဲ့ သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။ သူတို့တွေဟာ ဖြစ်လာတဲ့အနာလေးတွေကို ကုသပေးတဲ့ healing process လေးက အလုပ်အရမ်းလုပ်တာကြောင့် အပေါ်ကို ထူပြီး ဖြစ်လာတဲ့ scar လေးတွေပါ။ ဒါ့အပြင် ထိခိုက်မိတဲ့ နေရာသာမက ဘေးပတ်ပတ်လည်နေရာတွေအထိပါ အမာရွတ်ဖြစ်သွားစေနိုင်ပါတယ်။ ဒီလို scars တွေအတွက် ကတော့ အမာရွတ်ကို ခွဲစိတ်ပြီး ဖယ်ထုတ်ခြင်း၊ steroid ထိုးခြင်း၊ သိပ်မကြီးဘူးဆိုရင် cryotherapy လို့ခေါ်တဲ့ nitrogen ကို သုံးပြီး ခဲအောင်လုပ်ခြင်း စတဲ့ ကုသမှုတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသနိုင်ပါတယ်။

၂။ Contracture scars

Contracture scars လေးတွေကတော့ အရေပြားလောင်သွားတဲ့အခါမျိုးမှာ အဖြစ်များပါတယ်။ ဒီလို scarမျိုးတွေမှာ အရေပြားတင်မကဘဲ ကြွက်သားတွေ၊ တစ်ရှူးတွေနဲ့ အာရုံကြောတွေအထိပါ ပါဝင်လာတတ်ပါတယ်။ ဒါ့အပြင် contracture scarဖြစ်လာတဲ့အခါ အရေပြားကိုပါ တင်းအောင် ဆွဲထားတာကြောင့် လှုပ်ရှားမှုလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၃။ Hypertrophic scars

Hypertrophic scar ကတော့ နီပြီး အပေါ်ကို ကြွတက်နေတဲ့ ပုံစံမျိုးလေးဖြစ်ပြီး ရင်ဘတ်တွေနဲ့ နောက်ကျောဘက်တွေမှာ အဖြစ်များပါတယ်။ keloid scarနဲ့ ပုံစံချင်းနည်းနည်းဆင်ပေမယ့် keloid scarလိုမျိုး ဖြစ်တဲ့အနာထက်ကျော်ပြီး ဘေးပတ်ပတ်လည်ကို ကြီးသွားလေ့မရှိပါဘူး။

၄။ Acne scars

နောက်တစ်ခုကတော့ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်လေးတွေပါ။ ဝက်ခြံ အမျိုးအစားအပေါ် မူတည်ပြီး အစက်အပျောက်လေးက အစ အမာရွတ်အကြီးကြီးတွေ ကျန်တဲ့အထိ ဖြစ်နိုင်ပါတယ်။

၅။ Atrophic scar(or) Depressed scars

Depressed ဆိုတဲ့အတိုင်းပဲ အမာရွတ်က ပုံမှန်အရေပြားထက်ကို အောက်အနည်းငယ် ချိုင့်တဲ့ ပုံစံမျိုးရှိတဲ့ scar လေးဖြစ်ပါတယ်။ သူကတော့ ဒဏ်ရာရတဲ့အချိန်မှာ အနာကို ပြုပြင်ဖို့အတွက် ခန္ဓာကိုယ်က လုံလောက်တဲ့ collagen fibers မထုတ်ပေးနိုင်တဲ့အတွက် ဖြစ်ရတာပါ။ ဒီလို scarမျိုးက မျက်နှာမှာ အဖြစ်များပါတယ်။

အမာရွတ်တွေကို ပျောက်ကင်းစေဖို့အတွက် အိမ်တွင်းဆေးဝါးအနေနဲ့ ရှားဆောင်းလက်ပပ်၊ ဗီတာမင် E ၊ သံပရိုသီး၊ အာလူး၊ သံလွင်ဆီ၊ baking soda တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြီးတဲ့ နက်တဲ့ အမာရွတ်တွေဆိုရင်တော့ ပိုပြီး ထိရောက်တဲ့ ကုသမှုရရှိနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ဆေးထိုးခြင်း၊ ခွဲစိတ်ခြင်း၊ လေဆာပစ်ခြင်း စတဲ့ ခေတ်မီနည်းလမ်းတွေကို ဆရာဝန်အကြံပေးချက်အတိုင်း လုပ်ဆောင်နိုင်ပါတယ်။

ရေးသားသူ – Khine Phoo Ngon

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Htet Htet Zaw Win · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။