တက်တူးကို အရေပြားပေါ်ကအနုပညာတစ်ခုလို့တင်စားပါရစေ။ အခုနောက်ပိုင်းမှာ အမျိုးသားတွေတင်မဟုတ်ဘဲ အမျိုးသမီးတွေပါ တက်တူးသေးသေးလှလှလေးတွေကို အရေပြားပေါ်မှာ အလှဆင်တဲ့အနေနဲ့ဖြစ်ဖြစ် အမှတ်တရတစ်ခုအနေနဲ့ဖြစ်ဖြစ် ထိုးလာနေကြပါပြီ။ မှတ်မှတ်ရရ လှလှပပလေးလိုချင်ပါတယ်ဆိုမှ မလှမပတက်တူးတွေဖြစ်လာမယ်ဆိုရင်တော်တော်လေးစိတ်ပျက်စရာကောင်းမှာနော်။ ထိုးလိုက်တဲ့ တက်တူးတိုင်းလှစေဖို့ လိုက်နာရမယ့်အချက်လေးတွေရှိနေပါတယ်။ တက်တူးလှလှလေးဖြစ်ချင်သူတွေ ဖတ်ကြည့်နော်။
တက်တူးလှလှပပဖြစ်စေဖို့ ဒီအချက်လေးတွေသတိထားပေးပါ
တက်တူးထိုးပြီးတဲ့အခါ အနည်းဆုံး တစ်နာရီလောက် ပတ်တီးခပ်ပါးပါးလေးစည်းထားပေးပါ
တက်တူးထိုးပြီးတဲ့အခါ တက်တူးထိုးထားတဲ့နေရာကို အနည်းဆုံးတစ်နာရီလောက် ပတ်တီးစခပ်ပါးပါးလေးနဲ့ စည်းထားပေးပါ။ အရမ်းတင်းတင်းကျပ်ကျပ်ကြီးတော့ မစည်းပါနဲ့။ တက်တူးထဲကိုပြင်ပကဖုန်မှုန့်တွေနဲ့ မသန့်ရှင်းတဲ့အရာတွေ မဝင်ရောက်စေဖို့အတွက်ပါ။
ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ
တစ်နာရီလောက်ပတ်တီးနဲ့စည်းပြီးသွားပြီဆိုရင်တော့ရေနွေးနွေးလေးနဲ့ အနံ့မပါတဲ့ဆပ်ပြာရည်ခပ်ပျော့ပျော့လေးနဲ့ တက်တူးနေရာကိုဆေးကြောသန့်စင်ပေးပါ။ ဆပ်ပြာအပြင်းစားတွေမသုံးပါနဲ့၊ အရေပြားယားယံတာမျိုးဖြစ်နိုင်တာကြောင့်ပါ။
တဘက်စသန့်သန့်လေးနဲ့ခြောက်အောင်သုတ်ပေးပါ
တက်တူးထိုးထားတဲ့နေရာကိုဆေးကြောသန့်စင်ပြီးတဲ့အခါမှာတော့ တဘက်စသန့်သန့်လေးကို သုံးပြီး ခပ်ဖွဖွလေးသုတ်ပေးပါ။လေတိုက်ခံပြီး အခြောက်ခံလို့လည်းရပါတယ်။
တက်တူးထိုးထားတဲ့နေရာကို တစ်နေ့ကို နှစ်ကြိမ်Antibacterial Cream လူးပေးပြီး ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာမျိုးမရှိအောင် ကာကွယ်ပေးပါ။ တက်တူးပိုးဝင်သွားတဲ့အခါ အနာရောင်ရမ်းပြီး မလှမပတက်တူးတွေဖြစ်သွားနိုင်တာကြောင့်ပါ။
အဝတ်အစားခပ်ကျပ်ကျပ်တွေမဝတ်ပါနဲ့
တက်တူးထိုးထားတယ်ဆိုရင် ချည်သားခပ်ပွပွတွေဝတ်ဆင်တာကအဆင်အပြေဆုံးပါ။ တက်တူးအနာမကျက်မချင်း အဝတ်အစားခပ်ကျပ်ကျပ်တွေမဝတ်ဖို့ သတိထားပါ။
ရေမကူးပါနဲ့
တက်တူးထိုးထားတဲ့အချိန်မှာ ရေကူးတာ၊ကမ်းခြေသွားပြီးရေဆော့တာ၊ရေပူစမ်းစိမ်တာမျိုးတွေမလုပ်ပါနဲ့။ရေချိုးတဲ့အခါမှာလည်းရေအေးအေးနဲ့ပဲချိုးပေးပါ။ရေနွေးနဲ့ချိုးတာမျိုးမလုပ်ပါနဲ့။
နေရောင်နဲ့တိုက်ရိုက်မထိတွေ့ပါစေနဲ့
တက်တူးထိုးထားတဲ့နေရာကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့စေတာမျိုးကိုရှောင်ပါ။ အပြင်ထွက်တဲ့အခါ တက်တူးထိုးထားတဲ့နေရာကိုသေချာနေရောင်ကနေကာကွယ်ပေးပါ။ တက်တူးနေရာကို ချည်သားပတ်တီးခပ်ပါးပါးလေးစည်းပြီးနေရောင်ကနေ ကာကွယ်လိုက်ပါ။ အနည်းဆုံး ၂ ပတ်လောက်နေမထိအောင်နေပါ။ တက်တူးကိုနေလောင်ကာခရင်မ်လုံးဝမလူးပါနဲ့။
တက်တူးကိုနေ့စဉ်သန့်စင်ဆေးကြောပါ
အနာကို ဂရုစိုက်သလိုပါပဲ။ တက်တူးထိုးထားတဲ့နေရာကို တစ်နေ့ နှစ်ကြိမ်လောက်တော့ အနည်းဆုံးသန့်စင်ဆေးကြောပါ။
မကုတ်ပါနဲ့
တက်တူးက အနာကျက်လာတဲ့အခါ ယားယံတာမျိုးရှိနိုင်ပါတယ်။ ဒီအချိန်မှာ တက်တူးလှလှလေးဖြစ်ချင်ရင် ဒီယားယံမှုကို သည်းခံလိုက်ပါ။ ကုတ်ခြစ်မိရာကနေ တက်တူးထိခိုက်နိုင်တာကြောင့်ပါ။
ရေများများသောက်ပေးပါ
တက်တူးမြန်မြန်ကျက်စေဖို့အတွက်ရော အရေပြားမှာ အစိုဓာတ်ရှိစေဖို့အတွက်ပါရေများများသောက်ပေးပါ။
တက်တူးထိုးပြီးတိုင်းမှာ ဒီအချက်တွေကိုသေချာဂရုစိုက်လုပ်ဆောင်ပေးမယ်ဆိုရင် တက်တူးလှလှလေးကိုပိုင်ဆိုင်နိုင်မှာပါ။ တစ်သက်စာအတွက် အမှတ်တရအဖြစ်ထိုးထားတဲ့ တက်တူးလေးတွေမထိခိုက်စေဖို့ လက်တွေ့လုပ်ကြည့်လိုက်ပါနော်။