brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မွေးကျွတ်နာဆိုတာ ဘာများလဲ………….

အရေပြားပေါ်မှာ ပေါက်နိုင်တဲ့အနာတွေ၊ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေ အမျိုးမျိုးရှိပါတယ်။ အကြောင်းကတော့ ပြင်ပက ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေနဲ့ အခြားသော ဓာတ်မတည့်တဲ့အရာတွေက ကိုယ်တွင်းကို မဝင်ရောက်ခင်မှာ ခန္ဓာကိုယ်ရဲ့ ခံတပ် အရေပြားကို အရင်တိုက်ခိုက်တာကိုး။ ဒီတော့ အရေပြားက ပြဿနာအမျိုးမျိုး ကြုံရပြီပေါ့။

မွေးကျွတ်နာဆိုတာ ဘာများလဲ………….

မွေးကျွတ်နာ ဆိုတာ

မွေးကျွတ်နာဆိုတာက အရေပြားမှာဖြစ်တဲ့ ပိုးဝင်တဲ့ ရောဂါတစ်မျိုးပါ။ အထူးသဖြင့် မွေးညှင်းပေါက်လေးတွေ အဆီဂလင်း လေးတွေ ပိတ်ဆို့မှုကနေ စတင်ဖြစ်တာပါ။ ပြီးတော့ ပိုးဝင်လာတာပေါ့။ ဖြစ်ကာစမှာ အရေပြားက အနီရောင်ပြောင်းလာမယ်။ ပြီးရင်ရောင်လာပြီး ပြည်တွေ စဖြစ်လာပါမယ်။ အနာဖြစ်ပြီး ၄ ရက် ကနေ ၇ ရက်လောက်မှာ ပြည်တွေက ဖောင်းတင်းနေပါလိမ့်မယ်။

ထိလိုက်ရင် တော်တော်လေးနာသလို ဖိမိရင်လည်း မျက်ရည်ကျတဲ့အထိ နာတာမျိုးခံစားရနိုင်ပါတယ်။

ဘယ်နားတွေမှာ ဖြစ်နိုင်လဲ……..

ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နိုင်ပါတယ်။ မျက်နှာ၊ ဂုတ်၊ ချိုင်းကြား၊ ပခုံး နဲ့ တင်ပါး၊ ခြေသလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ မျက်ခမ်းသားမှာတောင် ဖြစ်နိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ………..

မွေးကျွတ်နာ အများစုက ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ staphylococcal ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ဒီ ဘက်တီးရီးယားတွေက ချွေးပေါက်လေးတွေ၊ အရေပြားပေါ်က ပြတ်ရှရာလေးကနေတစ်ဆင့် မွှေးညှင်းအိတ်လေးတွေဆီကို ဝင်ရောက်သွားရာကနေ ရောင်ရမ်းပြီး စဖြစ်တာပါ။

သန့်ရှင်းမှုအားနည်းတာကြောင့်လို့တော့ တထစ်ချဆိုလို့ မရပေမယ့် အရေပြားကို သေချာသန့်စင်ဖို့ကတော့ လိုအပ်ပါမယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်လဲ………

မွှေးကျွတ်နာက လူတိုင်းမှာ ဖြစ်နိုင်ပေမယ့်

• ဆီးရှိသူတွေ

ကိုယ်ခံအားစနစ် ပြဿနာရှိသူတွေ

အာဟာရ ချို့တဲ့သူတွေ

တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းသူတွေ

• ဓာတုပစ္စည်း အပြင်းစားတွေနဲ့ ထိတွေ့နေရသူတွေ မှာ ပိုဖြစ်နိုင်ပါတယ်။

ဘယ်လို လက္ခဏာတွေရှိလဲ…………

မွေးကျွတ်နာဖြစ်တဲ့အခါ

• အရေပြားက မာလာမယ်

• အရေပြားက နီရဲလာမယ်

• နာကျင်မယ်

ပြည်တွေစုလာမယ်

• ပြည်တွေက တဖြည်းဖြည်းနဲ့ များလာမယ်

အနာတဝိုက်မှာ နွေးနေမယ်

အဖျား ငွေ့ငွေ့ရှိမယ်

• ပြန်ရည်ကြော ဂလင်းတွေရာင်လာမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြမလဲ………..

မွေးကျွတ်နာဖြစ်တာနဲ့အတူ

• အဖျားတက်မယ်

ပြန်ရည်ကြော ဂလင်းစ်တွေရောင်မယ်

• အနာတစ်ဝိုက်က နီရဲလာမယ်

• အနာနဲ့ အနာတဝိုက် အထိမခံနိုင်အောင် နာမယ်

• နာတာက ပိုပိုဆိုးလာမယ်

• ပြည်မထွက်ဘဲဖြစ်မယ်

• နောက်ထပ် အနာတစ်ခုထပ်ဖြစ်လာမယ်

ရောဂါအခံတစ်ခုခု ရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ဖို့လိုပါမယ်။

ဘယ်လို ကာကွယ်မလဲ………..

မွေးကျွတ်နာမဖြစ်အောင် ကာကွယ်ဖို့ဆိုရင်

• အဝတ်အစားတွေကို သေချာ သန့်စင်စွာ လျှော်ဖွတ်ပါ

• မျက်နှာသုတ်ပုဝါတွေကို ပုံမှန် သန့်စင်ပါ

အိပ်ရာခင်းတွေကို ပုံမှန် လဲလှယ်ပါ

• တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

• ထိခိုက်မိတဲ့ ဒဏ်ရာတွေကို သေချာ ဂရုစိုက်ပါ

• ကိုယ်ခံအားကောင်းအောင် နေပါ။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။