backup og meta

သင့်ကလေးအရေပြားကို ထိခိုက်စေသောအရာများမှ ကာကွယ်ပေးခြင်း

သင့်ကလေးရဲ့အရေပြားဟာ သင့်ထက်ပိုပြီးနူးညံ့၊ ထိခိုက်လွယ်ပါတယ်။ အရေပြားလေးတွေပိုပါးပြီး ရောဂါပိုးဝင်လွယ်တယ်။ အိမ်ဟာ ကလေးအတွက် အန္တရာယ်အကင်းဆုံးနေရာလို့ထင်နေတယ်မို့လား၊ တကယ်တော့ သင့်ကလေးဟာ အိမ်မှာပဲ အမျိုးမျိုးသော ပစ္စည်းတွေကြောင့် အရေပြားထိခိုက်မှုတွေရနိုင်ပါတယ်။

သင့်ကလေးအရေပြားကို ထိခိုက်စေသောအရာများမှ ကာကွယ်ပေးခြင်း

သင့်ကလေးကိုကာကွယ်နိုင်မယ့် နည်းလမ်းများကို အောက်တွင်ဖော်ပြလိုက်ပါတယ်။

၁။ ရနံ့ကင်းသောပစ္စည်းများသုံးပါ

ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ လိုးရှင်းတွေဟာ ရနံ့အမျိုးမျိုးပါပါတယ်။ ထိုရနံ့တွေဟာ အဝတ်တွေကိုမွှေးနိုင်စေသလို၊ သင့်ကလေးကိုလည်း ရနံ့လေးသင်းနေစေမှာပါ။ ဒါပေမယ့် ရနံ့တွေဟာဓါတ်မတည့်ခြင်းတွေဖြစ်နိုင်စေသလို ဒါတွေဟာ အရေပြားခြောက်သွေ့ယားယံစေနိင်တဲ့ ဓါတုပစ္စည်းတွေနဲ့ထုတ်ဖော်ထားတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ရနံ့ကင်းတဲ့အသုံးအဆောင်လေးတွေ သုံးပေးသင့်ပါတယ်။ ဒါတွေဟာ ရနံ့ပါတာတွေနဲ့ အကျိုးကတူတူပါပဲ။ အဝတ်တွေကိုပိုပြီးနူးညံ့စေချင်ရင် နောက်ဆုံးရေထဲကို ရှာလကာရှည်နည်းနည်း ထည့်ပေးလို့ရပါတယ်။

၂။ အမြှုပ်နည်းတဲ့ဆပ်ပြာသုံးပါ

ဆပ်ပြာတွေဟာ သင့်ကလေးငယ်ကိုသန့်စင်ပေးဖို့ သုံးတာတွေပါ။ ဒါပေမယ့် ထိုဆပ်ပြာတွေက ကလေးအရေပြားကိုခြောက်သွေ့ယားယံစေပြီး ထိခိုက်စေပါတယ်။ အမြှုပ်ကင်းသော သို့မဟုတ် နည်းသော ပစ္စည်းများကိုသုံးကြည့်ပါ။ မသေချာသည်များရှိပါက အရေပြားဆရာဝန်နဲ့ဆွေးနွေးကြည့်နိုင်ပါတယ်။

၃။ သစ်သီးတွေကိုသတိထားပါ

သစ်သီးတွေမှာပါတဲ့ အမျှင်ဓါတ်နဲ့ ဗီတာမင်တွေဟာ ကလေးတွေအတွက်ကောင်းပေမယ့် အရေပြားဓါတ်မတည့်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဥပမာ- သံပုရာသီး၊ လိမ္မော်သီးများဆီမှ အရည်များ အရေပြားပေါ်ကျပြီး ထိုနေရာကိုနေရောင်ထိလိုက်ပါက ရောင်ရမ်းယားယံခြင်းတွေဖြစ်လာနိုင်ပါတယ်။

ကလေးတွေမစားခင် သစ်သီးတွေကို သေချာဆေးကြောဖို့လည်းလိုပါလိမ့်မယ်။

၄။ အပင်များမှထုတ်သောပစ္စည်းများကိုရှောင်ပါ

အော်ဂဲနစ်ပစ္စည်းတွေ သဘာဝပစ္စည်းတွေက အမြဲကောင်းတယ်ထင်ပါသလား။ အပင်များမှလုပ်တာမှန်ပေမယ့် သင့်ကလေးရဲ့အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ သဘာဝရနံ့များကိုလည်း ရှောင်ရှားသင့်ပါတယ်။

၅။ အငွေ့ထွက်စေသောပစ္စည်းများရှောင်ပါ

ဖယောင်းတိုင်၊ အမွှေးတိုင် စသည်ကဲ့သို့ အငေ့ွထွက်စေတဲ့အရာတွေကို ရှောင်ပါ။ အငေ့ွတွေဟာ ကလေးအရေပြားကိုထိခိုက်စေတာကြောင့် ပရိဘောဂတွေမှာဖျန်းတဲ့ ပေါလစ်ဖျန်းဆေးတွေ၊ ပိုးသတ်ဆေးတွေအပါအဝင် အိမ်သန့်စင်ရာမှာသုံးတဲ့ ဖျန်းဆေးတွေကိုပါ အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

၆။ အိမ်မွေးတိရိစ္ဆာန်များကိုသတိထားပါ

အိမ်မွေးတိရိစ္ဆာန်တွေကြောင့်လည်း ကလေးတွေမှာ အရေပြားဓါတ်မတည့်ခြင်းတွေဖြစ်နိုင်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ဆပ်ပြာတွေဟာလည်း ဓါတ်မတည့်မှုများဖြစ်စေတာကြောင့် ကလေးကို တိရိစ္ဆာန်နဲ့ထိတွေ့မှု လျှော့သင့်ပါတယ်။ အိမ်ကိုလည်းမကြာခဏသေချာသန့်ရှင်းရေးလုပ်ပြီး တိရိစ္ဆာန်တွေကိုလည်း မကြာခဏရေချိုးသန့်စင်ပေးသင့်ပါတယ်။

၇။ အရေပြားထိခိုက်စေသောအရာများကိုရှင်းလင်းပါ

ကလေးအရေပြားကိုထိခိုက်စေသောအရာများတွေ့ပါက ချက်ခြင်းဖယ်ပစ်ပါ။ ဖျန်းဆေးတွေ၊ ပေါလစ်တွေ၊ လိုးရှင်းတွေဖြစ်နိုင်ပါတယ်။ အရေပြားတုံ့ပြန်မှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါက ထိတွေ့လိုက်တဲ့နေရာမှာ လက္ခဏာပြလာပါလိမ့်မယ်။

၈။ ဆရာဝန်သွားပြပါ

အရေပြားထိခိုက်စေတာများကိုရှောင်ကျဉ်တာ ထိခိုက်မှုအတွက်အကူအညီဖြစ်ပေမယ့် တချို့အခြေအနေတွေက ကုသမှုလိုအပ်ပါတယ်၊ ဥပမာ-

• ဖျားခြင်း

• အရည်ကြည်ဖုများပေါက်ခြင်း၊ နီရဲခြင်း

• အနီဖုများတော်ရုံပြန်မပျောက်ခြင်း သို့မဟုတ် ပျံ့လာခြင်း များတွေ့ပါက ဆေးခန်းချက်ခြင်းသွားပါ။ အခြေအနေကိုစစ်ဆေးပြီး ကုသမှုပေးပါလိမ့်မယ်။

သင့်အိမ်မှပစ္စည်းအမျိုးမျိုးက ကလေးအရေပြားကိုထိခိုက်နိုင်ပါတယ်။ တုံ့ပြန်မှုတွေက သာမန်ယားတာလေးမှ ပြင်းထန်သောအနီဖုများအထိ အမျိုးမျိုးဖြစ်နိုင်တယ်။ အထက်ဖော်ပြပါအချက်တွေနဲ့ ကလေးကိုကာကွယ်စောင့်ရှောက်နိုင်ပါတယ်။ အခြေအနေဆိုးလာပါက ဆေးခန်းချက်ခြင်းသွားဖို့လည်းမမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Protect Your Child’s Skin From Irritants. http://www.webmd.com/skin-problems-and-treatments/features/childrens-skin#1. Accessed March 14, 2017.
  2. Contact Dermatitis in Children. http://www.hopkinsmedicine.org/healthlibrary/conditions/pediatrics/contact_dermatitis_in_children_90,P01679/. Accessed March 14, 2017.
  3. How to Treat Your Kid’s Skin Allergy. http://www.webmd.com/allergies/treating-skin-allergy-symptoms-kids. Accessed March 14, 2017.
  4. Common Skin Allergies in Kids. http://www.webmd.com/allergies/common-skin-allergies-kids. Accessed March 14, 2017.

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။


ဆက်စပ် အကြောင်းအရာများ

ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား

အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတဲ့ အကြောင်းရင်း



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။