brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေပြားအိုမင်းလာခြင်းက အခြေအနေတစ်ခုပါ

အရေပြားဟာ လူ့ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အရေးကြီးလုပ်ငန်းဆောင်တာအများအပြားကို လုပ်ဆောင်ပါတယ်။ အရေပြားဟာ ကျွန်ုပ်တို့ကို အန္တရာယ်များမှကာကွယ်ပေးသည့်အပြင် ပြင်ပပတ်ဝန်းကျင်နှင့်လည်း ဆက်သွယ်ပေးတယ်။ ဒါ့အပြင်ရုပ်ရည်ရူပကာပေါ်မှာလည်း သက်ရောက်မှုရှိနေပါသေးတယ်။ ဒါပေမယ့် ထိုအရေပြားဟာလည်း တဖြေးဖြေးအိုမင်းလာပြီး အလှလျော့လာတတ်တဲ့ အရာတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့်အရေပြား မြန်မြန်အိုမင်းလာရခြင်း အကြောင်းအရင်းတွေကို သိထားခြင်းဟာ သင့်အတွက် အတော်ကို အထောက်အကူဖြစ်မှာပါ။

အရေပြားအိုမင်းလာခြင်းက အခြေအနေတစ်ခုပါ

ဘာတွေကအရေပြားအိုမင်းစေသလဲ

သဘာဝအရ– အသက်တွေကြီးလာတာနဲ့အမျှ ခန္ဓါကိုယ်လုပ်ဆောင်ချက်တွေက ငယ်ရွယ်စဉ်ကနဲ့မတူ ပြောင်းလဲလာမယ်။ Collagen တွေနည်းလာမယ်၊ ဆဲလ်အသေရှင်းထုတ်မှုတွေနှေးလာပြီး ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းတွေ လျော့ကျလာမယ်၊ ခန္ဓါကိုယ်အဆီတွေဆုံးရှုံးလာမယ်။ ဒါတွေဟာ အရေပြားအိုမင်းမှုဆီဦးတည်နေပါလိမ့်မယ်။

နေလောင်ခြင်း– နေရောင်မှ ခရမ်းလွန်ရောင်ခြည်ဟာ collagen နဲ့ elastin ကိုပျက်စီးစေတာကြောင့် အရေပြားတင်းမာမှုနဲ့ ဆန့်ကျုံ့သတ္တိလျော့နည်းစေတယ်။ အချိန်အကြာကြီးနေလောင်ခံခြင်းဟာလည်း အသားအရေမည်းညစ်စေပါတယ်။

မျက်နှာအမူအရာ– မျက်နှာကြွက်သားတွေ တစ်ခါအသုံးပြုလိုက်တိုင်း အရေပြားအောက်မှာ အရာလေးတွေဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ဘဝတစ်လျှောက်လုံး တချို့သောမျက်နှာအမူအရာတွေ လုပ်ပါများလာတဲ့အခါ- ဥပမာ- မျက်မှောင်ကျုံ့ခြင်း၊ ပြုံးခြင်း၊ အရေပြားဟာ ပုံမှန်နေရာကိုပြန်မဆန့်နိုင်တော့ဘဲ ထာဝရအရေးအကြောင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဆေးလိပ်၊ အရက်သောက်ခြင်း– ထိုအကျင့်တွေဟာ အရေပြားဆီသွေးလျှောက်မှုနည်းစေတာကြောင့် အောက်စီဂျင်နဲ့ အာဟာရအရောက်နည်းဟာ အရေပြားခြောက်သွေ့ပျက်စီးလာစေပါတယ်။

အရေပြားအိုမင်းလာခြင်းလက္ခဏာများ

များသောအားဖြင့် အသက် ၃၀ ဝန်းကျင်လောက်မှာ အရေပြားအိုမင်းလာခြင်း လက္ခဏာများကို စတင်တွေ့ရှိလာရတတ်ပါတယ်။

ခြောက်သွေ့ယားယံလာခြင်း– တောက်ပချောမွတ်မှုမှာ တဖြေးဖြေးဆုံးရှုံးလာပြီး ခြောက်သွေ့လာတယ်။

အရေးအကြောင်းများ– အရေးအကြောင်းတွေဟာ အခြေအနေတွေပေါ်မူတည်ပြီး အတိမ်အနက်ကွဲသွားနိုင်ပါတယ်။ မျက်လုံး၊ ပါးစပ်နဲ့ လည်ပင်းတဝိုက်ဟာ အရေးအကြောင်းအထင်ရှားဆုံးနေရာတွေဖြစ်တယ်။

အစက်အပြောက်များ-အသက်ကြီးလာလျှင်ပေါ်လာတတ်သော အညိုရောင်အစက်ကလေးများဖြစ်ပြီး နေရောင်ထိတာများလာသောကြောင့်ပေါ်လာခြင်းဖြစ်တယ်။ မျက်နှာ၊ လက်မောင်း၊ လက်၊ ကျောနဲ့ခြေထောက်တို့မှာ တွေ့ရတတ်တယ်။

အဖုငယ်လေးများ– အရေပြားပေါ်မှာပေါ်လာတတ်တဲ့ အဖုသေးသေးပျော့ပျော့လေးတွေဖြစ်တယ်။ မျက်ခွံ၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနဲ့ ရင်သားအောက်ဖက်တွေမှာ တွေ့ရတတ်ပါတယ်။

အရေပြားအိုမင်းမှုမှဘယ်လိုကာကွယ်မလဲ

အချိန်ကိုရပ်တန့်လို့မရနိုင်ပေမယ့် စောစီးစွာအရေပြားအိုမင်းခြင်းကိုတော့ ကာကွယ်နိုင်မှာတွေအများကြီးရှိပါတယ် အရေပြားကိုထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ ကျန်းမာတဲ့အသားအရေကိုရရှိစေမှာပါ။

  • နေလောင်ထိခြင်းရှောင်ပါ– နေလောင်ခံခရင်၊ နေကာမျက်မှန်၊ လက်ရှည်၊ ဦးထုပ်များဝတ်ဆင်ခြင်းဖြင့် နေလောင်ခြင်းမှကာကွယ်နိုင်ပါတယ်။ မိမိနေထိုင်ရာဒေသ၏ရာသီဥတု၊ မိမိအသားအရေတို့နှင့် အဆင်ပြေမည့် SPF ပါသော နေလောင်ခံခရင်မျိုးရွေးသင့်ပါတယ်။
  • အစားအသောက်– antioxidant တွေပါတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် နဲ့ တူနာငါး၊ ဆာမွန်ငါးများကဲ့သို့အိုမီဂါ-3 ကြွယ်ဝစွာပါသောအစားအစာတွေစားသင့်ပါတယ်။ သကြားဓါတ်များသော သရေစာများအစား သစ်သီးဝလံများပိုမိုစားသုံးပေးပါ။
  • နေထိုင်မှုပုံစံ– အရက်၊ ဆေးလိပ်သောက်သုံးခြင်းများရှိပါက ဖြတ်လိုက်သင့်ပါတယ်။ ညဘက်တွေမှာ ညဉ့်နက်အောင်မနေဘဲ လုံလောက်စွာအိပ်စက်ခြင်းဟာလည်း ခန္တာကိုယ်ကိုအထောက်အကူပြုပါတယ်။
  • ဆေးဝါးများ– အိုမင်းရင့်ရော်ခြင်းကို လျှော့ချရန် သုံးစွဲနိုင်တဲ့ဆေးတချို့ရှိပါတယ်။ ဒါပေမယ့် ထိုဆေးတွေကို ကျွမ်းကျင်သူဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီးမှ ညွှန်ကြားချက်တွေအတိုင်းသာ သုံးစွဲသင့်ပါတယ်။

ဘယ်လိုပြန်လည်နုပျိုအောင်လုပ်မလဲ

တချို့သောနည်းလမ်းတွေနဲ့ ပြန်လည်နုပျိုအောင်လုပ်လို့ရပါတယ်။ သို့ပေမယ့် ဒီနည်းတွေဟာ ကျွမ်းကျင်သော လိုင်စင်ရအရေပြားဆရာဝန်ထံမှာသာ လုပ်ဆောင်သင့်ပါတယ်။

  • Botox ဆေးထိုးခြင်း
  • အရေပြားစားပစ်ခြင်း
  • အရေပြားပင့်တင်ခြင်း
  • ကယ်မီကယ်အသုံးပြုပြီး ဆဲလ်အသေများခွာထုတ်ခြင်း
  • လေဆာဖြင့်ကုသခြင်း တို့ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr.Aye Myat Myat Noe · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။