brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့်အဖုများပေါက်ခြင်း

Autoimmune ရောဂါတွေဆိုတာ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မိမိတစ်သျှူးတွေကို မှားယွင်းတိုက်ခိုက်တဲ့အခြေအနေပါ။ အကြောင်းအမျိုးမျိုးပေါ်မူတည်ပြီး ထိုအခြေအနေက ကိုယ်တွင်းအင်္ဂါတွေ၊ အရိုး၊ အဆစ်၊ ကြွက်သားနဲ့ တခြားတစ်သျှူးများအပါအဝင် ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်း အများအပြားကိုထိခိုက်စေနိုင်ပါတယ်။ ထို autoimmune ရောဂါတွေရဲ့ အများအားဖြင့် တိုက်ခိုက်ခံရတာတော့ အရေပြားဖြစ်တယ်၊ ထိုကနေ အရည်ဖုတွေပေါ်တတ်တဲ့ အခြေအနေတစ်ရပ်ဆီ ဦးတည်သွားပါတော့တယ်။

ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့်အဖုများပေါက်ခြင်း

Autoimmune ရောဂါဆိုတာဘာလဲ

ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ ပုံမှန်အားဖြင့် ခန္ဓါကိုယ်အတွက် အန္တရာယ်ဖြစ်စေမယ့် ပြင်ပအရာတွေ၊ အဆိပ်ဖြစ်စေတဲ့ပစ္စည်းတွေကို ချေမှုန်းပစ်ဖို့၊ ဒါမှမဟုတ် အားလျော့သွားစေဖို့ ပဋိဇီဝပစ္စည်းလို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ ပရိုတင်းတွေထုတ်ပေးလေ့ရှိပါတယ်။ ထိုခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မှားယွင်းပြီး ကျန်းမာနေတဲ့ တစ်သျှူးတွေကိုတိုက်ခိုက်မိတဲ့အခါ အရည်ကြည်ဖုတွေလို အဖုတွေ အရေပြားနဲ့တခြားအမြှေးပါးတွေမှာ ပေါ်လာပါတော့တယ်။ ဒီ autoimmnue blistering diseases (ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့် အဖုတွေပေါက်ရတဲ့အခြေအနေ) မှာဆိုရင် အရေပြားအလွှာလေးတွေ တစ်ခုနဲ့တစ်ခုကပ်နေဖို့ လိုအပ်တဲ့ ပရိုတင်းတွေကို မှားပြီးတိုက်ခိုက်လိုက်မိတာဖြစ်တယ်။

လက္ခဏာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားနိုင်ပါတယ်။ အရည်ကြည်ဖုလေးတွေက သေးနိုင်တယ်… ကြီးနိုင်တယ်၊ ပြီးတော့ ထိုထိခိုက်ထားရာအရေပြားအောက်မှာ အရည်ကြည်လေးတွေစုနေပါလိမ့်မယ်။ တချို့အခါတွေမှာ အရည်ကြည်ဖုတွေကပေါက်ပြီး ရောင်ရမ်းနာကျင်နိုင်တဲ့ အနာပေါက်တွေဖြစ်သွားနိုင်ပါတယ်။ ထို autoimmnue blistering diseases (ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့် အဖုတွေပေါက်ရတဲ့အခြေအနေ) ကိုလွှမ်းမိုးတဲ့ အချက်တွေအများကြီးရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်ကိုထိတွေ့ခြင်း၊ တချို့သောပိုးသတ်ဆေးများနဲ့ ထိတွေ့မိခြင်း၊ ဟော်မုန်းများ၊ ရောဂါပိုးအမျိုးမျိုး၊ နဲ့ တချို့သောစားစရာတွေပါနိုင်ပါတယ်။ ဆေးတချို့နဲ့ စိတ်ဖိစီးမှုလည်း ရောဂါဖြစ်စေ၊ ပိုဆိုးစေနိုင်တဲ့ အချက်တွေထဲကတစ်ချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သုတေသနပညာရှင်တွေကတော့ pemphigoid ၊ dermatitis herpetiformis ကဲ့သို့ autoimmnue ရောဂါတွေဟာ မျိုးရိုးဗီဇနဲ့လည်းဆိုင်နိုင်တယ်လို့ ထင်ကြပါတယ်။ ထိုရောဂါတစ်မျိုးမျိုးဖြစ်စေနိုင်တဲ့ ဗီဇသယ်ဆောင်ထားတဲ့ လူတစ်ယောက်ဟာ တခြားရောဂါဖြစ်မှုကိုအားပေးတဲ့ အချက်တစ်ခုခုနဲ့ တွေ့သွားကာမှ ရောဂါလက္ခဏာတွေပေါ်လာတာ ဖြစ်နိုင်တယ်လို့ တွေးကြပါတယ်။

အရည်ကြည်ဖုများပေါ်စေတဲ့ autoimmune ရောဂါတွေကတော့-

Pemphigus- အဖြစ်မများပါဘူး၊ ဒါပေမယ့် ပါးစပ်အနားသတ်တွေ၊ မိန်းမကိုယ်၊ ယောက်ျားအင်္ဂါနဲ့ တခြားသော အမြှေးပါးတွေမှာ အဖုများပေါက်ခြင်းဖြင့် သေလောက်သည်ထိလည်းဖြစ်နိုင်ပါတယ်။ ထိုအခြေအနေမျိုးမှာဆိုရင် ကိုယ်ခံအားစနစ်ကိုလျှော့ချပေးမယ့်ဆေးမျိုးပေးနိုင်သလို၊ တခါတလေ သွေးရည်ကြည်လဲတဲ့စနစ်နဲ့လည်း ကုသလို့ရပါတယ်။

Bullous pemphigoid- pemphigoid ထက်ပိုပြီး အန္တရာယ်နည်းပါတယ်။ Pemphigoid နဲ့မတူတာက bullous pemphigoid ရဲ့အရည်ကြည်ဖုတွေက ပါးစပ်မှာမပေါ်ပါဘူး။ အရည်ကြည်ဖုတွေက မာပြီးယားယံကာ၊ ဘေးတဝိုက်ကအရေပြားကလည်း နီရဲရောင်ရမ်းနေတတ်ပါတယ်။

Dermatitis herpetiformis- gluten(ကစီဓါတ်တစ်မျိုး) နဲ့ဓါတ်မတည့်တဲ့ လူတွေမှာရတတ်ပါတယ်။ တံတောင်ဆစ်၊ ဒူး၊ တင်ပါး၊ ခါး၊ ခေါင်းနောက်ပိုင်းတွေမှာ အဖုတွေပေါက်တတ်ပြီး မျက်နှာနဲ့ လည်ပင်းတဝိုက်မှာပါဖြစ်တတ်ပါတယ်။ ထိုလူမျိုးက ဂျုံ၊ ဘာလီ၊ အုတ်ဂျုံ တို့နဲ့ပြုလုပ်ထားတဲ့ စားစရာတွေကို ရှောင်ရပါမယ်။ ဒီ autoimmnue blistering diseases (ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့် အဖုတွေပေါက်ရတဲ့ရောဂါ)တွေဟာ မကုသပါက တဖြေးဖြေးနဲ့ အသက်အန္တရာယ်ကိုထိခိုက်လာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအားစနစ်ကိုထိန်းချုပ်ပေးတဲ့ဆေးတွေနဲ့ ထိန်းသိမ်းထားလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr.Aye Myat Myat Noe · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။