လစ်တာနဲ့ လက်သည်းလေးတွေ ကိုက်နေတတ်တာ ဘယ်သူတွေရှိလဲ။ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အတွေးတွေများနေတုန်းပဲဖြစ်ဖြစ် လက်သည်းကိုက် နေရရင် ကျေနပ်နေတာမျိုး။ ဘာတဲ့..လက်ကို စင်အောင်ဆေးပြီး ကိုက်ရင် ဘာပိုးမှမဝင်နိုင်ဘူးဆိုတဲ့ ဆင်ခြေကလည်းပြောကြသေးတယ်။
သေချာပြီလား ဘာဆိုးကျိုးမှမဖြစ်နိုင်ဘူးဆိုတာ…
လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား
လက်သည်းကိုက်ရာကနေ ဒါတွေဖြစ်နိုင်တယ်နော် –
လက်သည်းကိုက်ရင် လက်သည်းပဲ့မှာပဲ။ လက်က သန့်တယ်ဆိုလည်း ကိုယ့်ပါးစပ်က ဘယ်လောက်သန့်နေမယ်ထင်ပါသလဲ။ လက်သည်းကိုက်ခါနီးတိုင်း သွားတိုက်၊ ပါးစပ်ဆေးပါသလား။ လက်သည်းရဲ့အောက်က အရေပြားနုလေးပေါ်လာရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေနဲ့ ထိတွေ့နိုင်တယ်။ ခံတွင်းဆိုတာ စားကြွင်းစားကျန်တွေကပ်ငြိနေတတ်တဲ့ ဘက်တီးရီးယားအသိုက်ကြီးတစ်ခုဆိုတာ မသိလေရော့သလား။
လက်သည်းကို ပိုးဝင်ရာကနေ ရုပ်ပျက်တဲ့ အနာတွေ၊ ပြည်တည်တာတွေ၊ သွေးတစိုစိုဖြစ်လာတာ၊ အနာရင်းပြီး လက်ထိပ်တွေ ပျက်စီးရတာတွေအထိ ဖြစ်လာနိုင်တယ်။ လက်သည်းထိပ်တွေ နီရဲ၊ ရောင်ရမ်းလာတာ၊ နာကျင်ရတာ၊ ပြည်တွေတည်တာ ဖြစ်လာနိုင်ပါတယ်။
တံတွေးရဲ့ ဓာတုပစ္စည်းပါဝင်မှုကြောင့် အဆီနဲ့ တခြားအစားအစာမော်လီကျူးတွေကို ဖြိုခွဲပေးနိုင်တာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က အစာခြေစနစ်ကို အကူအညီပေးတယ်ဆိုပေမယ့် လက်ကို ပါးစပ်ထဲထည့်ထည့်ထားမယ်ဆိုရင် လက်ချောင်းထိပ်အရေပြားကို ထိခိုက်ရောင်ရမ်းစေနိုင်တယ်။ ဥပမာပြရရင် နှုတ်ခမ်းကို လျှာနဲ့တံတွေးဆွတ်တာက နှုတ်ခမ်းခြောက်ပြီးကွဲစေနိုင်တာ သိကြတယ်မလား။ တံတွေးက အရေပြားကိုဆိုရင် တိုက်စားသွားနိုင်တယ်လို့ ပညာရှင်တွေကပြောပါတယ်။

















