အရေပြားမှိုစွဲတယ်ဆိုတာက အရေပြားမှာ ပွေး၊ သဲဝဲ၊ ညှင်း စတာတွေ ပေါက်တာပါ။ ဒါတွေက အဖြစ်လည်း များပါတယ်။ ကူးလည်း ကူးလွယ်ပါတယ်။ ဒါပေမယ့် သေချာကုရင် ပျောက်တဲ့ရောဂါတွေပါ။ ဒီလိုမဟုတ်ဘဲ ဖြစ်လိုက် ပျောက်လိုက်နဲ့ အမြစ်မပြတ်ဘဲ ကိုယ့်ဆီမှာ သံယောဇဥ်လာတွယ်နေရင်တော့ တစ်ခုခုလုပ်ဖို့ လိုနေပါပြီ။ မှိုစွဲတာကလည်း အရေပြားရောဂါပဲ ဖြစ်တာကြောင့် ဒီလိုခဏခဏ ပြန်ဖြစ်နေတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။
ဘာကြောင့် အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတာလဲ။
ဒါက ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့လည်း ဆိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ ဒီအချက်တွေထဲက တစ်ခုခု တိုက်ဆိုင်နေမယ်ဆိုရင် မှိုစွဲတာက အမြစ်မပြတ်ဘဲ ခဏခဏပြန်ဖြစ်နေမှာပါ။
ပူနွေး စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ နေတာ မြန်မာနိုင်ငံက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်လို့ ပတ်ဝန်းကျင်အခြေအနေအရကို မှိုပိုးတွေ ပေါက်လွယ်ပွားလွယ်ပါတယ်။ မိုးတွင်းလိုမျိုးဆို ပိုဆိုးပါတယ်။ ဒီတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးသာ ဂရုမစိုက်ဘူးဆိုရင် ခဏခဏ ပြန်ဖြစ်နေမှာပါ။
ချွေးထွက်များတဲ့ ချောင်ကြိုချောင်ကြားနေရာတွေ (ဥပမာ ချိုင်း၊ ပေါင်ခြံ၊ ခြေဖဝါး) စတဲ့နေရာတွေက မှိုပိုးတွေ အကြိုက်ဆုံးပါ။ မှိုစွဲပြီဆိုရင်လည်း ဒီနေရာတွေမှာ စွဲတာများပါတယ်။ ခဏခဏပြန်ဖြစ်တာကလည်း ဒီနေရာတွေပါပဲ။
- တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းတာ
နေတာက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်ရတဲ့အထဲ ချွေးထွက်ပါများမယ်ဆိုရင်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို နိုင်နိုင်လေး လုပ်ဖို့ လိုပါတယ်။ ချွေးထွက်ပြီဆိုရင် ချွေးကို သေချာသုတ်ပြီး ခြောက်အောင်ထားဖို့၊ ရေပုံမှန်ချိုးဖို့၊ အဝတ်အစားပုံမှန်လဲဖို့ လိုပါတယ်။ မဟုတ်ရင် ခဏခဏ ပြန်ဖြစ်နေမှာပါ။
- အဝတ်အစား၊ ဖိနပ်၊ မျက်နှာသုတ်ပဝါနဲ့ အိပ်ရာခင်းတွေ မျှသုံးတာ
မှိုပိုးတွေက ထိတွေ့မှုကနေတဆင့် ကူးစက်တာပါ။ အဝတ်အစားတို့၊ ဖိနပ်တို့ကို မှိုစွဲနေတဲ့သူက စီးလိုက်ရင် မှိုတွေက ဒီပစ္စည်းတွေမှာ ကပ်ပါသွားတတ်ပါတယ်။ ဒါကို မသိဘဲ တခြားသူက သွားသုံးရင် သူပါကူးမှာပါ။ ဒီတော့ ခဏခဏ မှိုစွဲတာ မဖြစ်ချင်ရင် သူများပစ္စည်းတွေ ငှားပြီး သုံးတာကို ရှောင်ပါ။
- အဝတ်အစားကျပ်ကျပ်၊ ဖိနပ်ကျပ်ကျပ်တွေ ဝတ်တာ
အဝတ်အစားကျပ်ကျပ်တွေဝတ်ရင် ချွေးထွက်လွယ်ပါတယ်။ ကျပ်နေတော့ ချွေးက မခြောက်ဘဲ ပူနွေးစိုစွတ်တဲ့ နေရာလေးပဲ ဖြစ်သွားပါတယ်။ ဒီတော့ မှိုစွဲပါတယ်။ ဖိနပ်ဆိုရင်လည်း ရှူးဖိနပ်အပိတ်တွေက ချွေးထွက်ရင် ဖြစ်ဖြစ်၊ ရေစိုရင် ဖြစ်ဖြစ် ခြောက်ဖို့ ခက်ပါတယ်။ ဒီလို အဝတ်အစားတွေ၊ ဖိနပ်တွေကို ဝတ်နေမယ်ဆိုရင် မှိုစွဲတာက ပျောက်လည်း ခဏပဲ ပြန်ပြန်ဖြစ်နေမှာပါ။
- အရေပြားချင်းထိတွေ့ရတဲ့ လှုပ်ရှားမှုတွေမှာ ပါတာ
အဓိကကတော့ ကိုယ်လုံးချင်း တိုက်တိုက်တွန်းတွန်းလုပ်ရတဲ့ အားကစားတွေပေါ့။ မှိုစွဲနေတဲ့ အရေပြားနဲ့အမြဲလိုလို ထိတွေ့နေရရင် ကုလည်း ခဏပဲ ပြန်ဖြစ်မှာပါ။
နောက်တစ်ခုက ရေကူးတာပါ။ ရေကနေတဆင့် ကူးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရေကူးကန်ကြမ်းခင်းတွေမှာ ရောဂါရှိသူက ဖိနပ်မစီးဘဲ လျှောက်သွားမယ်ဆိုရင် မှိုပိုးတွေက ကြမ်းခင်းမှာ ကပ်နေမှာပါ။ ဒါကို ကိုယ်ကမသိဘဲ ခြေဗလာနဲ့ နင်းမိရင် ကိုယ့်ပါ ကူးမှာပါ။ ရေကူးကန်ဆိုတာ အမြဲတမ်းတစိုစိုဖြစ်နေတဲ့နေရာဆိုတော့ မှိုတွေလည်း ကြိုက်ပါတယ်။
- မှိုစွဲနေတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့မိတာ
အထူးသဖြင့်တော့ ပွေးပေါ့။ အိမ်မွေးတိရစ္ဆာန်တွေမှာ ပွေးရှိနေရင် ကိုယ့်ဆီလည်း ကူးလာနိုင်ပါတယ်။ သူတို့ကို အပြီးပျောက်အောင် မကုပေးမချင်း ကိုယ့်ဆီကို ပြန်ပြန်ကူးနေမှာပါ။
ခုခံအားကျနေတဲ့သူတွေဖြစ်တဲ့ ကင်ဆာရောဂါကုထုံးခံယူသူတွေ၊ HIV ပိုးရှိသူတွေ၊ ခုခံအားထိန်းဆေးသောက်နေရတဲ့သူတွေကလည်း ခဏခဏ မှိုစွဲတတ်ပါတယ်။
တချို့သူတွေမှာ အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ခြေထောက်နဲ့ ခြေသည်းလက်သည်းတွေမှာ ခဏခဏမှိုစွဲနေတာက မျိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အရေပြားက မှိုကို တိုက်ထုတ်ရကောင်းမှန်း မသိတာကြောင့်ပါ။ မှိုတွေက ခဏခဏပြန်စွဲနေတာကြောင့်လည်း ခုခံအားက ရင်းနှီးသွားပြီး မတိုက်ထုတ်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် အရေပြားမှိုစွဲတာကို အမြစ်ပြတ်အောင် ဘယ်လိုလုပ်ကြမလဲ။
မှိုစွဲတာကို အမြစ်ပြတ်ချင်တယ်။ ခဏခဏပြန်မဖြစ်ဘူးဆိုရင် ဒီအချက်တွေကို သေချာလိုက်နာပါ။ အရေပြားမှိုစွဲတာကနေ ဘက်တီးရီးယားပိုးတွေ ဝင်လာနိုင်သလို လူအများကြားမှာ အရှက်ရစရာကိစ္စလည်း ဖြစ်လာနိုင်ပါတယ်။
American Osteopathic College of Dermatology (AOCD)က အကြံပြုထားတာကတော့
- မှိုသေဆေးသုံးမယ်ဆို ဆေးပတ်လည်အောင် သုံးပါ။ ဆရာဝန် ညွှန်ထားတဲ့အတိုင်း သုံးပါ။ လက္ခဏာတွေ သက်သာလာပြီဆိုပြီး ရပ်မပစ်ပါနဲ့။ လက္ခဏာတွေ သက်သာလာပေမယ့် မှိုပိုးတွေ ကျန်နိုင်ပါတယ်။ အကင်းမသေသေးရင် ပြန်ပွားလာမှာပါ။
- သဲဝဲစားရောဂါ မဖြစ်အောင် ခြေထောက်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။ ရှူးဖိနပ်အစား ဖိနပ်အပွင့်ကို စီးပါ။ ရှူးဖိနပ်စီးမယ်ဆို ကျပ်လွန်းတာကို မစီးပါနဲ့။ ခြေစွပ်တွေကို ပုံမှန်လဲပါ။
- ရှူးဖိနပ်စီးမယ်ဆို ဖိနပ်မှာ မှိုသေဆေးအမှုန့်တွေကို ဖြူးထားလို့ရပါတယ်။ မှိုစွဲနေတဲ့ ဖိနပ်တွေကို မစီးပါနဲ့။ အထူးသဖြင့် ကတ္တီပါဖိနပ်တွေက မှိုတက်လွယ်ပါတယ်။
- ခဏခဏ သဲဝဲစားတဲ့သူဆိုရင် ဆရာဝန်က ခြေထောက်နဲ့ ခြေသည်းမှာ မှိုသေဆေးတွေ လိမ်းခိုင်းတာမျိုး ရှိနိုင်ပါတယ်။ သောက်ဆေးတွေလည်း လိုကောင်းလိုနိုင်ပါတယ်။
- အများသုံးရေချိုးခန်း၊ gym စတာတွေမှာ ခြေဗလာနဲ့ မသွားပါနဲ့။
- ခြေသည်းလက်သည်းတွေကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပါ။
- မှိုရောဂါဖြစ်ပြီဆိုတာနဲ့ ချက်ချင်းကုပါ။ မဟုတ်ရင် အတူနေသူတွေဆီ ကူးသွားပါလိမ့်မယ်။ ပြီးရင် ကိုယ့်ဆီ ပြန်ကူးပါလိမ့်မယ်။ ဒီလိုနဲ့ ဖြစ်လိုက်ပျောက်လိုက် သံသရာလည်နေပါလိမ့်မယ်။
- အရေပြားမှာ မှိုစွဲနေတယ်ဆိုရင် မှိုသေစေတဲ့ အာနိသင်ရှိတဲ့ ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေကို အချိန်တစ်ခုကြာအောင် သုံးရနိုင်ပါတယ်။ ဒါမှ အမြစ်ပြတ်ပြီး ပြန်ပြန်မဖြစ်မှာပါ။
Takeaways
မှိုရောဂါတွေက ကုသရလွယ်ပါတယ်။ ပျောက်လည်း ပျောက်ပါတယ်။ ဒါပေမယ့် ကုသမှုကို သေချာမခံယူရင်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အခြေအနေနဲ့ ကိုယ့်ရဲ့ နေထိုင်ပုံကြောင့်ဖြစ်ဖြစ် ခဏခဏပြန်ဖြစ်နိုင်ပါတယ်။