brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဓါတုကုထုံးခံယူနေချိန်မှာဆံပင်ကျွတ်တာတွေကို ဘယ်လိုရင်ဆိုင်မလဲ

ကင်ဆာဆေးသွင်းကုသတဲ့ ဆေးတွေဟာ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေတာမို့ သင့်ပုံပန်းသွင်ပြင်ရယ် သင့်ကိုယ်သင် ထင်တဲ့ အတွေးတွေရယ်ကို ပြောင်းလဲစေပါတယ်။ ဒါပေမယ့် ကုသမှု အတွင်း (သို့) အပြီးမှာ ဆံပင်ပြန်ပေါက်လာပါလိမ့်မယ်။ ဒီအချိန်အတွင်းမှာ အချို့အချက်တွေဟာ ဆံပင်ကို ဒီအခြေအနေကို ထိန်းချုပ်ဖို့ ကာကွယ်ပေးပြီး သင့်ကိုယ်သင် ပိုသက်တောင့်သက်သာ ဖြစ်လာပါလိမ့်မယ်။

ဓါတုကုထုံးခံယူနေချိန်မှာဆံပင်ကျွတ်တာတွေကို ဘယ်လိုရင်ဆိုင်မလဲ

ဖြစ်နိုင်တဲ့ ဆံပင်ပြောင်းလဲမှုတွေကို သိရှိပါ။

ကင်ဆာဆေးသွင်းကုသမှု မပြုလုပ်ခင် သင့်ဆရာဝန်ကို ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို မေးမြန်းသင့်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းဟာ ကိုယ်ခန္ဓါအတွင်းမှာ ကြီးထွားလာတဲ့ ဆဲလ်တွေကို တားမြစ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေကိုသာမက သင့်ဆံပင်အရင်းမှာ ရှိတဲ့ ပုံမှန်ဆဲလ်တွေကိုပါ တားမြစ်ပါတယ်။ အချို့သူတွေဟာ ဆံပင်အကုန်ကျွတ်သွားပေမယ့် အချို့ကတော့ အနည်းငယ်သာ ကျွတ်ပါတယ်။ သင့်ဆံပင်ဘယ်လိုပြောင်းလဲမယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် ဘယ်လိုအခြေအနေကြုံရပါစေ ကြိုတင်ပြင်ဆင် ထားဖို့ လိုအပ်ပါတယ်။

သင့်ဆံပင်ကို ဂရုစိုက်ပါ။

ခေါင်းကို ပျော့တဲ့ Baby shampoo လိုမျိုးနဲ့ လျှော်သင့်ပါတယ်။ အရက်ပြန်၊ အရောင်နဲ့ အခြားဓါတုဆေးဝါးတွေ ပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးမပြုသင့်ပါဘူး။ သင့်ဆံပင်ကို ဘီးအတိုကို အသုံးပြုပြီး ဖြည်းညင်းစွာ ဖီးသင့်ပါတယ်။ ခေါင်းအခြောက်ခံစက်၊ ဆံပင်ကောက်တံနဲ့ ဖြောင့်တံတွေကို အသုံးမပြုသင့်ပါဘူး။ သင့်ဆံပင်ကို သဘာဝအတိုင်း ခြောက်သွေ့စေသင့်ပါတယ်။

ဆံပင်အတိုထားပါ။

ဆံပင်စကျွတ်ရင် ဆံပင်အတိုထားနိုင်ပါတယ်။ ဆံပင်အရှည်ဟာ သင့်ခေါင်းပေါ်မှာ အပြားလိုက်ရှိနေမှာကြောင့် ပါးသွားမှာ ပိုသိသာပါတယ်။ ဆံပင်တိုဟာ ပိုမိုထူသယောင် ထင်ရပြီး ခေါင်းဖီးရင် ကျွတ်ဖို့ ရာခိုင်နှုန်း ပိုနည်းပါတယ်။ ဆံပင်အတိုနဲ့ ဆို ဆံပင်တုတပ်ရတာလဲ ပိုလွယ်ပါတယ်။ အချို့သူတွေက ဆံပင်ကျွတ်တာကို မခံနိုင်တော့တာကြောင့် ခေါင်းရိတ်လိုက်ကြပါတယ်။ တကယ်လို့ ခေါင်းရိတ်မယ်ဆိုရင် လျှပ်စစ်ရိတ်စက် (သို့) ဆံပင် ပြုပြင်သူကို သင့်အစားလုပ်ခိုင်းသင့်ပါတယ်။ သင့်ကိုယ်တိုင် ဓါးအသုံးပြုပြီး ပြုလုပ်ခြင်းဟာ အနာတရ ဖြစ်စေနိုင်ပါတယ်။

ခေါင်းယားယံလာခဲ့ရင်တော့ ရေဓါတ်ထိန်းသိမ်းဖို့ mostiuriser ကို အသုံးပြုနိုင်ပါတယ်။

ဆံပင်အတုကို အသုံးပြုပါ။

သင့်ခေါင်းမှာ ဆံပင်တုကို အသုံးပြုနိုင်ပါ။ ဆံပင်တု ကျွမ်းကျင်သူဟာ သင်နဲ့ လိုက်ဖက်တဲ့ အရောင်နဲ့ ပုံစံကို ရွေးချယ်ပေးပါလိမ့်မယ်။ သင်ကြိုက်တဲ့ ဒီဇိုင်းကိုလည်း အော်ဒါမှာ နိုင်ပါတယ်။ ဆံပင်တုကို တစ်ခုထက်ပိုပြီး ဝယ်ထားသင့်ပါတယ။် ဒါဆို သင်ကြိုက်တဲ့အချိန် လဲပြီး အသုံးပြုနိုင်ပါတယ်။ သင့်လျော်တဲ့ သန့်စင်ဆေးတွေနဲ့ သန့်ရှင်းရေးလုပ်ပြီး ပျော့ပြောင်းတဲ့ ဘီးနဲ့ ဖီးပေးသင့်ပါတယ်။

ဆံပင်အလှပြင် ပစ္စည်းတွေ အသုံးပြုပါ။

အချို့ဆံပင်အလှပြင် ပစ္စည်းတွေဟာ သင့်ကို ပိုမို စတိုင်ကျစေပါတယ်။ မိန်းကလေးဆောင်းဦးထုပ်၊ လည်စည်းပုဝါနဲ့ ဆံညှပ်တွေကို ဝတ်ကြည့်နိုင်ပါတယ်။ ဒီလို ချစ်စရာကောင်းနဲ့ အရာလေးတွေနဲ့ဆို သင့်ကိုယ်သင် ပိုမို ယုံကြည်မှု ရှိပါလိမ့်မယ်။

တိုးတက်မှုကို စောင့်မျှော်ပါ။

အရာရာတိုင်းဟာ အချိန်ယူတတ်ပါတယ်။ ကုသမှု အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဆံပင်ပြန်ပေါက်လာတာကို တွေ့ရမှာပါ။ ပေါက်လာတဲ့ဆံပင်က နဂိုဆံပင်နဲ့တော့ ကွာခြားမှု ရှိပါတယ်။ အချို့သူတွေမှာ ဆံပင်ဟာ တစ်နှစ်အတွင်းမှာ ပြန်ပေါက်လာတတ်ပါတယ်။ ရှားပါးတဲ့ သူတွေမှာတော့ hair follicles တွေဟာ လောင်သွားတတ်ပါတယ်။ စောင့်မျှော်ခြင်းဟာ သင့်ကို အံ့သြဖွယ် ရလဒ်ကို ပေးစွမ်းမှာပါ။

ဆံပင်ကျွတ်ခြင်း အကြောင်းပြောပါ။

ဆံပင်ကျွတ်လာရင် စိတ်ပူတာ၊ မပျော်တာ၊ စိတ်ဓါတ်ကျတာတွေဟာ ပုံမှန်သာဖြစ်ပါတယ်။ သူဟာ သင့်ရုပ်ပန်းသွင်ပြင်ကို ထိခိုက်စေပြီး ရောဂါကို သတိပေးနေသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဒီမကောင်းတဲ့အတွေးတွေက သင့်ဘဝကို ခြယ်လှယ်တာကို မခံသင့်ပါဘူး။ သင်ခင်မင်တဲ့သူငယ်ချင်း၊ သင့်မိသားစု၊ ကျွမ်းကျင်သူ ပညာရှင်နဲ့ ဘယ်လိုခံစားရကြောင်း ပြောဆိုသင့်ပါတယ်။ သူတို့ဟာ သင့်ကို အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။

ကင်ဆာဆေးသွင်းကုသနေစဉ်မှာ ဆံပင်ကျွတ်မကျွတ်ဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် ဒါကို ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ကြိုတင် ပြင်ဆင်နိုင်ပါတယ်။ ဒါမှသာ ဆံပင်ကျွတ်ရင် သင့်ကိုယ်သင်ပိုပြီး သက်တောင့်သက်သာ ဖြစ်မှာဖြစ်ပြီး သင့်ဘဝဟာလည်း ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။