brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆိုင်မသွားဘဲ အိမ်မှာပဲ ဆံပင် ပေါင်းတင်ကြမယ်

ဆံနွယ်လေးတွေ လှပနေဖို့ မိန်းကလေးတိုင်း မျှော်လင့်ကြတာပေါ့။ ငွေအကုန်ကျခံပြီးတောင် ဆိုင်သွားသွားပြီး ဆံပင် ပုံလှလှလေး ရအောင် အပ်ရတာလေ။ ဆံနွယ်လေးတွေ ထူဖို့၊ ပျော့ပျောင်းဖို့၊ ပုံကျလှပဖို့၊ အရောင် လှဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့။

ဆိုင်မသွားဘဲ အိမ်မှာပဲ ဆံပင် ပေါင်းတင်ကြမယ်

ဆံပင် ပျော့ပျောင်းလှပဖို့တော့ ဆံပင်ပျော့ဆေးတွေ သုံးကြတာပေါ့။ ဆိုင်မှာ လျှော်ရင် ပိုသုံးပါသေးတယ်။ ဒါပေမယ့် ဆံပင်ပျော့ဆေးကို တံဆိပ်အမျိုးမျိုးနဲ့ တွေ့ရတတ်တာကြောင့် အရည်အသွေး မကောင်းတဲ့ ဆံပင်ပျော့ဆေးတွေ ကြုံခဲ့ရင် ကောင်းကျိုးထက် ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်စီးတာသာ အဖတ်တင် ပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အိမ်မှာပဲ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ ရတဲ့ သဘာဝဆံပင်ပျော့ဆေး လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥ အနှစ် + ဗီနီဂါ

ကြက်ဥက ဆံသားထဲမှာ အစိုဓာတ် ထိန်းပေးနိုင်တဲ့ lecithin ကြွယ်ဝပါတယ်။ ဗီနီဂါက သန်း၊ ဗောက်နဲ့ တခြားဦးရေပြားပြဿနာ တွေကိုပျောက်ကင်းစေနိုင်တယ်။

ဒီပစ္စည်း နှစ်မျိုး ပေါင်းစပ်တဲ့ ဆံပင်ပျော့ဆေး ပြုလုပ်နည်းကတော့ –

  • ကြက်ဥ အနှစ် ၂လုံးကို ပန်းကန်လုံးထဲမှာထည့်ခေါက်ပါ။
  • ဗီနီဂါအဖြူ လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ သံလွင်ဆီ သို့မဟုတ် အုန်းဆီ ၂ ဇွန်း၊ ပျားရည် ၁ ဇွန်းထည့်ပါ။
  • စေးပျစ်လာတဲ့ အထိ မွှေခေါက်ပေးပါ။
  • ရလာတဲ့ အနှစ်ကို ဆံပင်မှာလိမ်းပြီး ၁၅ -၂၀ မိနစ်ကြာရင် ရေဆေးချပါ။

အုန်းဆီ + ပျားရည်

  • extra virgin coconut oil အုန်းဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ပျားရည် ၂ ဇွန်းကို ပန်းကန်လုံးထဲမှာ ရောမွှေပါ။
  • ပျစ်လာရင် ရလာတဲ့အနှစ်ကို ရေနွေးဆူဆူထည့်ထားတဲ့ပန်းကန်လုံးတစ်ခုထဲကို ထည့်ပြီးမွှေပါ။
  • ဒါကိုလည်း ခေါင်းမလျှော်ခင် ဆံပင်မှာ မိနစ် ၂၀ လောက်လိမ်းထားရမှာဖြစ်ပြီး ဆံပင်ကရှည်ရင်တော့ ပမာဏအတိုင်းအဆကို လိုသလို အတိုးအလျှော့လုပ်နိုင်ပါတယ်။

Cocoa Butter + Lavender Oil

ဒီနည်းကတော့ ဆံသားပျက်စီးနေသူ တွေအတွက် ပိုကောင်းပါတယ်။ Cocoa butter က ဆံသားကို အစိုဓာတ်ရစေပြီး တောက်ပြောင်လှပစေပါတယ်။ lavender oil ကတော့ ဆံပင် ကျွတ်ခြင်းကို ကုသနိုင်စွမ်းရှိလို့ နှစ်မျိုး ပေါင်းစပ်တဲ့အခါ ဆံသားပြန်လည် အားဖြည့်တဲ့အာနိသင်ကောင်းတာ ဖြစ်ပါတယ်။

  • cocoa butter လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အပူပေးထားတဲ့ ပန်းကန်လုံးထဲထည့်ကာ အရည်ပျော်အောင်လုပ်ထားပါ။
  • almond oil ၁ ဇွန်း၊ lavender essential oil ၁၀ စက်၊ ပျားရည်အနည်းငယ်ကိုထည့်ပါ။
  • ကိုယ့်ဆံသားက အဆီပြန်တတ်တယ်ဆိုရင် ဒီဆေးကို ဦးရေပြားပေါ် တိုက်ရိုက် မသုံးသင့်ပါဘူး။
  • ဆံပင်ကိုသာ လိမ်းပါ။
  • ၁၅မိနစ်နေမှ ခေါင်းလျှော်ပါ။

အလုပ်တွေ များကြတဲ့ ယနေ့ခေတ်မှာ ဒီလိုပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲဖို့က အချိန်ပေးဖို့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမယ့် ပိတ်ရက်လေးမှာဖြစ်ဖြစ် တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စလုပ်သင့်ပါတယ်။

ဆံပင်ကို ကောက်လိုက် ဖြောင့်လိုက် မကြာခဏ ပြောင်းလဲနေတတ်တဲ့သူတွေ ဆို ဒီနည်းတွေကို မကြာခဏ သုံးပေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။