brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ခေါင်းမှာ ချွေးထွက် လွန်းလို့ မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ ဆံပင်တွေ ကပ်သွားတဲ့ အဖြစ်မျိုး လူတိုင်းကြုံတွေ့ဖူးမှာပါ။ တကယ်တော့ ချွေးထွက်တယ်ဆိုတာ ကိုယ်တွင်းမှာရှိနေတဲ့ အပူတွေကို ချွေးအဖြစ်ပြောင်းလဲပြီး အပြင်ကို ထုတ်ပေးတဲ့အတွက် ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် အရမ်းကြီး ချွေးထွက်များတဲ့အခါကျ ချွေးနဲ့ ပြင်ပကဖုန်တွေ ရောသွားပြီး ဦးရေပြားမှာ ဂျီး( ချေး) တွေ များလာတာ၊ ခေါင်းယားတာနဲ့ ဆံပင်တွေကပ်သွားတဲ့ ပြဿနာတွေ ဖြစ်လာတော့ စိတ်ညစ်ရပြီပေါ့။

ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ဘာလို့ ကိုယ့်ကျမှ ပိုပြီး ဦးရေပြား ချွေးထွက် ရတာလဲ။

ဦးရေပြားမှာ ချွေးထွက်သန်တာ ဒါတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

  • စိတ်ဖိစီးမှုများတာ၊ ပူပန်စရာတွေ များတာ
  • ဒေါသထွက်လွယ်တာ
  • ဟော်မုန်းအပြောင်းအလဲဖြစ်တာ
  • ရာသီဥတု ပူတာ
  • သိုင်းရွိုက်ဟော်မုန်း ဆေးတွေ သောက်နေရတာ
  • လေ့ကျင့်ခန်းလုပ်ထားတာ နဲ့
  • ပူစပ်တဲ့ အစားအသောက်တွေ စားထားတာကြောင့် ဖြစ်နိုင်ပါတယ်။

အပေါ်ကပြောထားတဲ့ အချက်တွေ နဲ့လည်း ကိုက်ညီနေပြီဆိုတော့ ခေါင်းချွေးထွက်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ။

  • ခေါင်းလျှော်ရည် အပျော့စားနဲ့ ခေါင်းကို တစ်နေ့တစ်ခါ လျှော်ပေးလို့ရပါတယ်။ မိမိဆံပင်ပေါ် မူတည်ပြီး သင့်တော်သလို လျှော်ပေးနိုင်ပါတယ်။ ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်မှာ for oily scalp အတွက်ထုတ်ထားတာမျိုးဆို ပို အဆင်ပြေပါတယ်။
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း အနည်းငယ်လောက်ကို ရေနွေးလေးနဲ့ရောပြီး ဦးရေပြားမှာ မိနစ် ၃၀ ခန့် သုတ်လိမ်းထားပေးပါ။ ပြီးရင် ပုံမှန် အတိုင်း ရေပြန်ဆေးချပါ။

ဘယ်လိုကာကွယ်ကြမလဲ ။

  • ပူစပ်တဲ့ အစားအသောက်တွေက ချွေးထွက်များစေတာကြောင့် စပ်တဲ့ အစားအစာတွေ ကို ရှောင်ပါ။
  • လေဝင်လေထွက်ကောင်းပြီး သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။
  • ရေများများသောက်ပါ။ ရေများများသောက်တာကြောင့် ကိုယ်တွင်းအပူချိန် လျော့ကျသွားပြီး ချွေးထွက်လည်း နည်းသွားမှာပါ။
  • စိတ်ဖိစီးမှုမရှိအောင် အတတ်နိုင်ဆုံးနေပါ။ စိတ်ဖိစီးမှုများခြင်းကလည်း ခေါင်းချွေးထွက်စေတဲ့ ပြဿနာတွေထဲက တစ်ခုဖြစ်လို့ စိတ်ဖိစီးမှုနည်းအောင် တရားထိုင်ပါ၊ ယောဂကျင့်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 07/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။