backup og meta

လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ

ဆံသား ကျန်းမာရေးကို ထိန်းသိမ်းချင်တယ်။ ဘာတွေနဲ့ ထိန်းသိမ်းရမလဲ မသိဘူး ဆိုတဲ့သူလေးတွေရှိလား…… ဒါဆိုရင်တော့ ဆံသား ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်မယ့် ရှာဖွေရလွယ်ကူတဲ့ ပစ္စည်းလေးတွေအကြေင်း ပြောပြပေးပါရစေလား……………

လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ

လက်တစ်ကမ်းအကွာမှာ ရှိနေတဲ့ ဆံသားထိန်းသိမ်းမှုပေးနိုင်တဲ့ ပစ္စည်းတွေက ဘာတွေများလဲ………

ဆံသားထိန်းသိမ်းမှုပေးနိုင်တဲ့ လက်လှမ်းမီနိုင်တဲ့ ပစ္စည်းလေးတွေက သတိမထားမိပေမယ့် တော်တော်လေးများပါတယ်။

ဆန်ဆေးရည်

ဆန်ဆေးရည်ကို ဒီအတိုင်းသွန်ပစ်မယ့်အစား ဆံသားကျန်းမာရေးအတွက် အသုံးပြုပေးလို့ရပါတယ်။ ဆန်ဆေးရည်မှာ ပရိုတင်း ၁၆ ရာခိုင်နှုန်းပါဝင်ပြီး ဆံသားကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဆန်ဆေးရည်မှာပါတဲ့ အဆီဓာတ်က ၊ ကာဗိုဟိုက်ဒရိတ်၊ inositol နဲ့ phytic အက်ဆစ်တို့က ဆံပင်ကဆဲလ်တွေကို ကျန်းမာစေပြီး အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဆံပင်လျှော်ပြီးတဲ့အခါ အသန့်ခံထားတဲ့ ဆန်ဆေးရည်ကို လောင်းချပြီး ဆေးပေးတာက ဆံပင်ကျွတ်တာနဲ့ ဆံပင်မဖြူအောင် ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဥ

ကြက်ဥကလည်း ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ ကျိုးပျက်ခြောက်သွေ့နေတဲ့ ဆံသားတွေကို အားဖြည့်ပေးပါတယ်။ ကြက်ဥမှာ ​ဆံသားကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင် B  အုပ်စုတွေဖြစ်ကြတဲ့ ဗီတာမင် B1 (thiamin)၊ B2 (riboflavin) နဲ့ B5 (pantothenic acid) တို့ပါဝင်နေပါတယ်။ ဆံသားကျန်းမာရေးကို အားဖြည့်ပေးတဲ့ ဖေလစ်အက်ဆစ်လည်း ပါဝင်ပါတယ်။

ကြက်ဥနဲ့ ဆံပင်ပေါင်းတင်တာက အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အုန်းဆီ

ဆံသားခြောက်သွေ့တာ၊ ဦးရေပြားခြောက်သွေ့တာနဲ့ ဗောက်ပြဿနာတွေကို ကင်းစေဖို့ဆိုရင် ဆံသားအရင်းကနေ အဖျားထိ၊ ဦးရေပြားတို့ကို အုန်းဆီ ပုံမှန်လိမ်းလို့ နှိပ်နယ်ပေးပါ။ ဆံသားကို ကျန်းမာသန်စွမ်းစေပြီး ဆံပင်ကျိုးတာ၊ ခြောက်တာ၊ ဆံပင်ကျွတ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဆံသားကို ပရိုတင်းဓာတ်ဖြည့်ပေးပါတယ်။

နှမ်းဆီ

ဆံသားတွေခြောက်သွေ့နေတယ်ဆိုရင် နှမ်းဆီကို အသုံးပြုပေးလို့ရပါတယ်။ ဟင်းချက်တဲ့အခါသုံးတဲ့ နှမ်းဆီကို ဆံပင်အရင်းကနေ အဖျားအထိ လူးပေးပါ။ ဦးရေပြားကိုလည်း လူပေးပြီး ၄၅ မိနစ်ကြာ ပလပ်စတစ်ခေါင်းစွပ်လေး စွပ်ထားပေးပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။

ဘီယာ

အရည်အသွေးမြင့် ဘီယာက ဆံပင်ကို ပျော့ပျောင်းနူးညံ့စေနိုင်ပါတယ်။ ခေါင်းကို စင်အောင်လျှော်ပြီး ဘီယာနဲ့ ဆေးချလို့ ၁၅ မိနစ်လောက်ထားပေးပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဆံပင်ကို ပျော့ဆေးသုံးစရာမလိုဘဲ ပျော့ပျောင်းနက်မှောင်စေမှာပါ။

စန္ဒကူးမှုန့်

ဆံသားကို သန်စွမ်းစေပြီး ဦးရေပြားကို အေးမြစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ စန္ဒကူးမှုန့်ကို ရေနဲ့ဖျော်ပြီး ဆံသားနဲ့ဦးရေပြားကို လိမ်းပေးရုံပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ခေါင်းလျှော်ချလိုက်ပါ။

Green tea 

Green tea မှာ EGCG လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ဆံပင်ကို အဖျားကနေ အရင်းထိ ကျန်းမာစေနိုင်ပါတယ်။ ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗောက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

ခေါင်းလျှော်ပြီးတဲ့အခါ အအေးခံထားတဲ့ Green tea ကို ဆေးချလိုက်ရုံပါ။ ဆံသားကို ပျော့ပျောင်းပြီး အာဟာရဖြည့်ပေးသလို အဖျားနှစ်ခွမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားအရောင်တက်စေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဇီးဖြူသီး

ဆံသား ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ​ဗီတာမင် C ကြွယ်ဝမှုက ကော်လာဂျင်ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်သလို ဆံပင်ထူပြီး ဆံပင်အရှည်မြန်စေဖို့လည်း အားဖြည့်ပေးပါတယ်။ ဆံပင်နဲ့ဦးရေပြားကိုလည်း ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။

ဦးရေပြားကို သန့်စင်စေနိုင်သလို ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပြီး ဆံသားပျက်စီးတာနဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြိတ်ခြေပြီး ရလာတဲ့ အရည်ကို ဆံသားနဲ့ ဦးရေပြားကိုလိမ်းပေးရုံပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Tips for Healthy Natural Hair https://globalhealing.com/natural-health/natural-hair-care-tips/ Accessed Date 1 April 2020

Homemade Hair Care Tips https://www.femina.in/beauty/hair/homemade-hair-care-tips-109902.html Accessed Date 1 April 2020

8 Genius Things Women With Amazing Natural Hair Always Do https://www.cosmopolitan.com/style-beauty/beauty/a4709847/healthy-natural-hair-care-tips/ Accessed Date 1 April 2020

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

ဆံသား နဲ့ မာလကာရွက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။