brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။

ဒီ ခေါင်းစဉ်လေးဖတ်ပြီးတာနဲ့ ခေါင်းလျှော်တယ်ဆိုတာ ကိုယ်ငယ်ငယ်လေးထဲက လုပ်နေကျမို့ ဘာများခက်ခဲလို့ ဒီလိုဆောင်းပါးရေးရတာလဲဆိုတဲ့အတွေးလေး ခေါင်းထဲ ရောက်မှာ ကျိန်းသေပါတယ်။ ဟုတ်ပါတယ်။ ဒီလို ငယ်ငယ်လေးထဲကလုပ်နေကျ၊ လွယ်ကူတဲ့ ကိစ္စတွေကိုပဲ တလွဲတွေ လုပ်နေတတ်ကြတာ လူတိုင်းနီးပါးပါ။ ဒီတော့ခေါင်းလျှော်တဲ့ကိစ္စမှာလည်း လွယ်လွယ်နဲ့ ပြီးစလွယ်လုပ်လိုက်ကြတာများပါတယ်။ ကြာလာတော့ ဆံသားတွေ ခြောက်သွေ့ အဖျားနှစ်ခွဖြစ်တာ၊ ဦးရေပြားဗောက်ထတာတွေ ဖြစ်လာပါတော့တယ်။

နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။

ဒီတော့ ခေါင်းကို စနစ်တကျ သေချာဘယ်လိုလျှော်ကြမလဲ ။

( ၁ ) နည်းလေးကောင်းလေပါ။

ခေါင်းကို နေ့တိုင်း လျှော်တာမျိုးထက် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်ခွဲလျှော်တာက ပိုပြီး စနစ်ကျပါလိမ့်မယ်။ လူတော်တော်များများက ဆံပင် လေးပုံကျချင်လို့ အဆီပြန်နေတာမလိုချင်လို့ ဆိုပြီး ခေါင်းကို နေ့တိုင်း လျှော်တတ်ကြပါတယ်။ တကယ်တော့ တစ်ပတ်သုံးကြိမ်လောက်လျှော်တာကသာ ဆံသားအတွက်ရော ဦးရေပြားအတွက်ပါ အကောင်းဆုံးဖြစ်မှာပါ။ အဆီပြန်တာမလိုချင်လို့ ခေါင်းကို နေ့တိုင်းလျှော်လေ ခေါင်းက အဆီတွေပိုထုတ်လေနဲ့ သံသရာလည်နေပါလိမ့်မယ်။

( ၂ ) ရေပူကြီးနဲ့ ခေါင်းမလျှော်သင့်ပါ။

ရေပူကြီးနဲ့ ခေါင်းလျှော်လိုက်ရင် ဆံသားတွေ ခြောက်သွေ့သွားပြီး အဖျားနှစ်ခွ ပိုပြီး ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ချိန် ရေအပူကြီးတွေ မသုံးဘဲ ရေနွေးနွေးလောက်ပဲ သုံးလို့ရပါမယ်။ ခေါင်းလျှော်ပြီးလို့ ရေချိုးချိန်းထဲက ပြန်ထွက်ချိန်မှာ ရေအေးနဲ့ ခေါင်းကို ရေပြန်လောင်းချပေးခဲ့ဖို့လည်း မမေ့ပါနဲ့။ ဒါမှ ရေနွေးနဲ့ လျှော်ထားတုန်က ပွင့်နေတဲ့ဦးရေပြားချွေးပေါက်လေးတွေ ပြန်ပိတ်သွားမှာ ဖြစ်ပါတယ်။

( ၃ ) ဦးရေပြားကို နှိပ်နယ်ပေးပါ။

ဆံသားကောင်းခြင်း မကောင်းခြင်းက ဦးရေပြားနဲ့ အများကြီးသက်ဆိုင်နေတာမို့ ခေါင်းလျှော်နေတဲ့အချိန် ဦးရေပြားကို နှိပ်နယ်ပေးဖို့ အရေးကြီးပါတယ်။ နှိပ်တဲ့နေရာမှာ လက်သည်း တွေနဲ့ မကုတ်ခြစ်မိဖို့ကလည်း သတိထား၇မယ့် အချက်ပါ။ ကိုယ်ကသာ ဆံပင် က စေးကပ်ကပ်ဖြစ်နေလို့ အရမ်းညစ်ပတ်နေမယ် ထင်ပေမယ့် တကယ်တမ်း အဲလောက်လည်း မညစ်ပတ်တဲ့အတွက် လက်သည်းနဲ့ အတင်းကုတ်ပြီး ခေါင်းလျှော်စရာမလိုပါဘူး။ လက်ချောင်းလေးတွေနဲ့ အသာဖွပြီး နှိပ်ပေးခြင်းကြောင့် ဦးရေပြားက အကြောတွေ ပြေလျော့ပြီး လန်းဆန်းစေမှာ အသေအချာပါ။

( ၄ ) ခေါင်းလျှော်ရည်၂ ကြိမ်ထည့်ပါ။

ခေါင်းလျှော်တဲ့အခါ ပထမတစ်ကြိမ်ခေါင်းလျှော်ရည်ထည့်တာက ရှိနေတဲ့ ဦးရေပြားက ချေးတွေ စင်သွားအောင်လို့နဲ့ နောက်တစ်ကြိမ်ထည့်တဲ့ ခေါင်းလျှော်ရည်ကကျတော့ ခေါင်းလျှော်ရည်က ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်ကိုရဖို့နဲ့ ဆံသားကို အားဖြည့်ပေးဖို့ဖြစ်ပါတယ်။ ခေါင်းလျှော်ရည်ရွေးနဲ့ နေရာမှာလည်း ကိုယ့်ဦးရေပြား ဆံသားနဲ့ ကိုက်ညီတဲ့ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့လည်း လိုပါသေးတယ်။

( ၅ ) ပေါင်းဆေးသုံးပါ။ ပျော့ဆေးသုံးပါ။

ပေါင်းဆေး ပျော့ဆေးတွေက ဆံသားကို အားဖြည့်ပေးရုံသာမက ရှုပ်နေတဲ့ ဆံသားတွေကိုပါ ရှင်းပေးတဲ့အတွက်ကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ကျွတ်ဆတ်တာတွေကို သက်သာစေမှာပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 27/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။