ခေါင်းလည်း ပုံမှန်လျှော်တယ်။ ဆံပင်ကိုလည်း ဆီလိမ်းတယ်။ Hair coat ထည့်ပါတယ်။ ဆံပင်တွေကို သေချာလည်း ဖြီးသင်ပါရက်နဲ့ ဆံပင်က အမြဲလိုလို ကျွတ်နေတာပဲ ဆိုတဲ့ သူတွေ ရှိလား ……. ဒါဆိုရင်တော့ ဆံပင်ကျွတ် နေရတဲ့ အဖြေကို သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။
ဆံပင်ကျွတ်နေရတာ ခေါင်းသေချာ မလျှော်လို့လား ……
ဆံပင်က ပုံမှန်လည်း ကျွတ်တတ်ပေမယ့် တစ်နေ့ကို သတိထားမိလောက်အောင် အများကြီး ကျွတ်နေတယ်ဆိုရင်တော့ ဆံပင်က အရမ်းကျွတ်နေပြီလို့ ပြောရပါမယ်။ ဆံပင်ကျွတ်ရခြင်းက ရောဂါကြောင့်အပြင် ခေါင်းမလျှော်တာ၊ ခေါင်းလျှော်ရည် မကောင်းတာကြောင့် ကျွတ်နိုင်တယ်ဆိုပေမယ့် စားသောက်မှုပုံစံကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။
ဒီတစ်ခေါက်တော့ ဆံပင်ကို သေချာ ဂရုစိုက်နေရက်နဲ့ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းလေးနဲ့ ဆံပင်မကျွတ်ရအောင် ဘာတွေကို သတိထား ရှောင်ကြဉ်စားသောက်ဖို့ လိုမလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။
သတိ! ဒါတွေမစားပါနဲ့။ ဆံပင်ကျွတ် တတ်သည်။

သတိ! ဒါတွေမစားပါနဲ့။ ဆံပင်ကျွတ် တတ်သည်။ ဘာတွေများဖြစ်မလဲ။ နေ့တိုင်းစားမိတဲ့ အစားအစာတွေများ ပါနေမလားဆိုပြီး စိတ်ဝင်စားနေပြီလား…… အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
သကြားလို့ပြောလိုက်ရင် သကြား၊ သကြားလုံး၊ အချိုရည် စတာတွေအပါအဝင် အချိုပါဝင်မှု များတဲ့ အစားအစာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဆံသားတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ သကြား အလွန်အကျွံ စားသုံးတာက အင်ဆူလင် တုံ့ပြန်မှု အားနည်းစေပြီး ဆီးချိုနဲ့ အဝလွန်တာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါ့ပြင် အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဆံပင်ကျွတ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တာ သက်သာစေဖို့ အချို စားတာကို လျှော့ဖို့ လိုပါမယ်။
- သကြားညွှန်းကိန်းများတဲ့ အစားအစားတွေ
High glycemic index လို့ခေါ်တဲ့ သကြားညွှန်းကိန်းများတဲ့ အစားအစာတွေဆိုတာ စားပြီးတာနဲ့ သွေးထဲမှာ သကြားဓာတ်တွေ ထိုးတက်စေတဲ့ အစားအစာမျိုးပါ။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ၊ ပေါင်မုန့်ဖြူတွေ၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေ ဟော်မုန်း မညီမျှမှုကို ဖြစ်စေပါတယ်။ အထူးသဖြင့် အင်ဆူလင်နဲ့ အန်ဒရိုဂျင်တွေ ထိုးတက်လာတဲ့အတွက် မွေးညင်းအိတ်လေးတွေ ပျက်စီးပြီး ဆံပင်ကျွတ်စေနိုင်ပါတယ်။
ဆံပင်ကို အဓိက ဖွဲ့စည်းထားတာက keratin လို့ခေါ်တဲ့ ပရိုတင်းနဲ့ပါ။ အယ်လ်ကိုဟောက ပရိုတင်း ဖြစ်ပေါ်မှုကို ထိခိုက်စေပြီး ဆံပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်တာကြောင့် အာဟာရမျှတစွာ မရရှိပဲ ဆံပင်ကျွတ်စေပါတယ်။
Diet soda တွေထဲမှာပါတဲ့ ပြုပြင်ထားတဲ့ သကြားဖြစ်တဲ့ aspartame က ဆံသားတွေရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်ပြီး ဆံပင်ကျွတ်စေနိုင်ပါတယ်။ များများ သောက်လေလေ ဆံပင်ပိုကျွတ်လေလေပါ။
အသင့်စား သွားရေစာတွေမှာ ပြည့်ဝဆီရော မပြည့်ဝဆီတွေပါ ပါဝင်နေတာကြောင့် အဝလွန်စေနိုင်သလို ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နှလုံးသွေးကြောရောဂါတွေကို ခံစားရနိုင်သလို ဆံပင်ကျွတ်တာ ကိုလည်း ဖြစ်စေနိုင်ပါတယ်။
အကြောင်းကတော့ အသင့်စား သွားရေစာတွေက ဟော်မုန်းမမျှတတာ၊ ဦးရေပြား အဆီပြန်စေတာ၊ ဆံပင်တွင်းပေါက်လေးတွေ ပိတ်ဆို့စေတာမျိုး ဖြစ်စေနိုင်လို့ပါ။
ကြက်ဥက ဆံသားတွေကို ကျန်းမာစေတယ် ဆိုပေမယ့် ကြက်ဥအကာကို အစိမ်းစားတာကတော့ ဆံသား ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။
ကြက်ဥအကာ အစိမ်းက biotin ချို့တဲ့မှု ဖြစ်စေပြီး ဆံသားတွေကို အာဟာရ ချို့တဲ့စေနိုင်တာကြောင့် ဆံပင်ကျွတ်တာ ဖြစ်စေနိုင်ပါတယ်။
ပြဒါးများလွန်းတဲ့ ငါးတွေက ဆံပင်ကျွတ်စေနိုင်ပါတယ်။ အထူးသဖြင့် ပင်လယ်ငါးတွေပါ။ ပြဒါးပါဝင်မှု များတဲ့ ငါးတွေကို အများကြီး စားသုံးတာက ဆံပင်ကျွတ်ရခြင်းရဲ့ အကြောင်းရင်းခံပါ။
ကဲ …ဆံပင်ကျွတ်စေတဲ့ အစားအစာတွေထဲက ဘာတွေကိုများ နှစ်နှစ်ခြိုက်ခြိုက် စားမိနေပါသလဲ။