brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား

တစ်နေ့တစ်နေ့ မျက်နှာပေါ်မှာ မလိုချင်ဘဲ တိုးလာနေတာက ဝက်ခြံ တွေ များလား။ မနက်နိုးလို့ မှန်ထဲကြည့်လိုက်မိတိုင်း မျက်နှာပေါ်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်က အကျအနကို နေရာယူလို့ မောင်းထုတ်မယ် ကြံပြန်တော့လည်း ချန်ခဲ့တဲ့ အမာရွတ်ကို အမှတ်တရ အနေနဲ့ သိမ်းထားရပြန်ရောလေ။

မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား

ဒီပြဿနာကို မကျေနပ်ခြင်းများစွာနဲ့ အဖြေထုတ်ကြည့်တော့ ဘာရယ် ရေရေရာရာ မသေချာဘဲ ကောက်ချက်ချလိုက်မိတာက ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ဆိုပြီး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကိုယ်ထုတ်ထားတဲ့ အဖြေက မှန်ရဲ့လားဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ကြည့်လိုက်နော်။

မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား

မျက်နှာပေါ်မှာ ဝက်ခြံ ပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ……. ဒီအဖြေက ရာနှုန်းပြည့်မမှန်ပါဘူး။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ဖုန်းစခရင်မ်နဲ့ မျက်နှာကို ကပ်ပြောတဲ့အခါ ပုံမှန်အားဖြင့် ကတော့ ဘာမှ သိပ်မဖြစ်ပါဘူး။ ဒါပေမယ့် ဖုန်းကို အကြာကြီး ပြောမယ် ဖုန်းမျက်နှာပြင် ပူလာတဲ့အထိ ပြောမယ်ဆိုရင်တော့ အပူဒဏ်ကြောင့် အသားအရေကို ထိခိုက်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ဖုန်းစခရင်မ်မှာ ဖုန်တွေရှိနေမယ်။ အဆီပြန်နေတဲ့ မျက်နှာပြင်မှာ ကပ်ပြောတဲ့အခါ ဖုန်မှုန့်တွေ မျက်နှာမှာ ကပ်ညှိပြီး ချွေးပေါက်တွေကို ပိတ်စေမှု ကနေတဆင့် မျက်နှာမှာ ဆားဝက်ခြံ နဲ့ အဖြူဆံတွေ ထွက်တဲ့ ဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ဖုန်းက touch screen ဆိုတဲ့အတွက်ကြောင့် ဘာပဲလုပ်လုပ်လက်ချောင်းလေးတွေကို သုံးပြီးလုပ်တယ်ဟုတ်။ ခန္ဓာကိုယ်ပေါ်က ရောဂါပိုးတွေ အများဆုံး ရှိနေနိုင်တဲ့ အစိတ်အပိုင်းကလည်း လက်ချောင်းလေးတွေပါ။ ဒီတော့ လက်ချောင်းတွေနဲ့ ဖုန်းစခရင်မ်ကို ထိတွေ့မှုက ဖုန်မှုန့်တွေ၊ ရောဂါပိုးတွေကို ပေါင်းကူးပေးသလို ဖြစ်သွားတာပေါ့။

သူတို့က ချွေးပေါက် ပိတ်ဆို့တာ၊ ချွေးပေါက်ထဲကနေ ဝင်ရောက်ပြီး အရေပြားကို ထိခိုက်စေတာတွေ ဖြစ်လာတဲ့အခါ ထိခိုက်လွယ်တဲ့ အသားအရေမှာ ဝက်ခြံဖြစ်တာ၊ အမည်းစက်တွေဖြစ်တဲ့ ဆားဝက်ခြံတွေ ဖြစ်တာအပြင် အခြား အသားအရေ ထိခိုက်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ရာနှုန်းပြည့် မမှန်ဘူး ဆိုပေမယ့် ဖုန်းစခရင်မ်က အပေါ်မှာ ပြောခဲ့သလို အားပေးနေတဲ့ အရာတစ်ခု ဆိုတာကတော့ မှန်ပါတယ်။

ဝက်ခြံဖြစ်လွယ်သူတွေက အခြားသူတွေထက် အသားအရေကို ပိုဂရုစိုက်ဖို့လိုမယ်

ဒီတော့ ဝက်ခြံ ပေါက်တတ်သူ တစ်ဦးအနေနဲ့ အစစအရာရာကို ဂရုစိုက်နိုင်မှ တော်ကာကျတော့မပေါ့။ ဒီတော့ ဝက်ခြံ ကင်းပြီး ကြည်လင်လှပချင်တယ်ဆိုရင်

• မျက်နှာကို ဝက်ခြံ အတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးနဲ့ သန့်စင်ပါ

• မိတ်ကပ်တွေကို သေချာဖျက်ပါ (Micellar water၊ Cleansing oilတွေ သုံးပါ)

• တိုနာ သုံးပါ

• ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားပေးပါ

• တစ်နေ့ နှစ်ကြိမ် မျက်နှာ သန့်စင်ပါ

• ဖုန်းစခရင်မ် အပါအဝင် တစ်နေ့တာမှာ ထိတွေ့မယ့် အရာတွေကို သန့်စင်အောင်လုပ်ပါ (အနည်းဆုံး တစ်နေ့ တစ်ကြိမ် လုပ်ပါ)

• မျက်နှာကို ခဏခဏ မကိုင်ပါနဲ့

• ဝက်ခြံတွေကို ဆိတ်ဆွတာမျိုး မလုပ်ပါနဲ့

• ရေများများ သောက်ပါ

• ဆေးလိပ် နဲ့ အရက်ကို တတ်နိုင်သမျှ လျှော့ပါ

• သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်း လုပ်ပါ

• အိပ်ရေးဝဝ အိပ်ပါ

• အသားအရေ ထိန်းသိမ်းမှု လုပ်ပေးပါ။

နိဂုံးချုပ် အနေနဲ့ ပြောပြချင်တာက မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ….. ဆိုတော့ သင့်ကို ဝက်ခြံ ထွက်စေတဲ့အချက်က ဖုန်းစခရင်မ် တစ်ခုထဲကြောင့် မဟုတ်ဘဲ နေ့စဉ် ထိတွေ့နေရတဲ့ ညစ်ညမ်းတဲ့ အရာတွေကြောင့်လည်း ပါတယ်ဆိုတာပါ။ ဒါကြောင့် နေ့စဉ် ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲ ကြည့်ဖို့ ပြောပါရစေ ဝက်ခြံကြောင့် စိတ်ညစ်နေရသူလေးတို့ရေ………………

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။