brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး အံ့သြဖွယ် အချက် ၅ ချက်

မိန်းမကိုယ်ဟာ ဂရုစိုက်ဖို့လိုအပ်တဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သူဟာ လိင်ဆက်ဆံစဉ် (သို့) ကလေးမွေးချိန်တို့မှာ ၂၀၀ ရာခိုင်နှုန်း လောက်အထိ ဆွဲဆန့်နိုင်တာကို သိပြီး ဖြစ်ကြပါတယ်။ မိန်းမကိုယ်ဆိုတာ အရာအားလုံးကိုဆွဲသွားနိုင်တဲ့ အာကာသတွင်းရှိ တွင်းနက်ကြီး (black hole) မဟုတ်သလို သူ့ထဲမှာ ဘယ်အရာမှ ပျောက်မသွားနိုင်ပါဘူး။ ဒီဆောင်းပါးမှာတော့ ဒီလိုလျှို့ဝှက်တဲ့ နေရာတစ်ခုရဲ့ အံ့သြဖွယ် အချက်ငါးချက်ကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး အံ့သြဖွယ် အချက် ၅ ချက်

(၁) လေ့ကျင့်ခန်းဟာ မိန်းမကိုယ်အတွက် ကောင်းမွန်ပါတယ်။

တစ်ကိုယ်လုံးပါဝင်တဲ့ လေ့ကျင့်ခန်းတွေဟာ ယေဘုယျကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် pubococcygeus ကြွက်သား လေ့ကျင့်ခန်းကတော့ မိန်းမကိုယ်ကို ကျစ်လျစ်စေပါတယ်။ မိန်းမကိုယ်ကို တတ်နိုင်သမျှ ညှစ်ပြီး ဒီလိုပုံစံမျိုးနဲ့ ၁၀ စက္ကန့် လောက်နေသင့်ပါတယ်။ ဆီးသွားချင်တာကို ထိန်းထားရတဲ့ ပုံစံမျိုးကို မှန်းဆကြည့်နိုင်ပါတယ်။ ဒါကို ၁၀ခါကနေ အခါ ၂၀ အထိပြုလုပ်နိုင်ပြီး တစ်နေ့ကို နှစ်ခါ ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ မိန်းမကိုယ်ကို ပိုမိုကျစ်လျစ်စေပြီး လိင်စိတ်အထွတ်အထိပ် ရောက်ခြင်းကို တစ်လအတွင်းမှာ ပိုမိုလွယ်ကူစွာ ရရှိလာမှာ ဖြစ်ပါတယ်။

(၂) သူဟာ အံ့သြဖွယ် ကျုံ့နိုင်၊ ဆန့်နိုင် စွမ်းရှိပါတယ်။

မိန်းမကိုယ်ဟာ ကြီးမားတဲ့ လိင်တံကို လက်ခံနိုင်စွမ်းရှိသလို လိင်ဆက်ဆံပြီးသွားရင်လည်း သူ့နဂို တင်းကျပ်မှုမျိုးကို ပြန်ရောက်သွားနိုင်ပါတယ်။ ဒါပေမယ့် အချို့အမေတွေမှာတော့ ကလေးမွေးပြီးရင် မိန်းမကိုယ်ဟာ အရင်ကလို မပျော့ပြောင်းတော့ပဲ ပိုမို လျော့ရဲလာတတ်ပါတယ်။ ဒါဟာ အမေတိုင်းတော့ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်း အမြဲလုပ်ခြင်းအားဖြင့်တော့ ဒီလိုအခြေအနေမျိုးကို တိုးတက်စေနိုင်ပါတယ်။

(၃) သူဟာ ရာသီလာစဉ်မှာ ပြောင်းလဲမှု ရှိပါတယ်။

ပထမဦးစွာ ရာသီမလာခင်မှာ သဘာဝအတိုင်း ချောဆီထွက်တာကြောင့် အရင်ကထက် အက်ဆစ်ဓါတ်ပိုများလာပြီး အနံ့လည်း ပိုပြင်းပါတယ်။ အနံ့ကတော့ တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိပြီး အရမ်းမခံနိုင်အောင် ပြင်းထန်လာရင် ဆရာဝန်ဆီကို ရောဂါပိုး ဝင်ရောက်မှု ရှိမရှိ သွားရောက် ပြသသင့်ပါတယ်။

နောက်တစ်ချက်ကတော့ မျိုးဥကြွေတဲ့အချိန်မှာ ကိုယ်ခန္ဓါဟာ တစ်နေ့ကို လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာ အရည်တွေ ထွက်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ချောမွေ့စေပြီး သုက်ပိုးကို သူ့လမ်းကြောင်းအတိုင်း မျိုးဥဆီကို လွယ်လွယ်ကူကူ သွားနိုင်ဖို့ ဖြစ်ပါတယ်။ သူဟာ အနံ့ မပြင်းသင့်ပဲ အနံ့နံပြီး ယားယံလာပြီ၊ အရည်ဟာ ပျစ်လာပြီဆိုရင်တော့ ဆရာဝန်ထံ သွားရောက်စစ်ဆေးသင့်ပါတယ်။

(၄) Clitoris (အမျိုးသမီး အင်္ဂါစေ့) ဟာ လိင်တံထက်စာရင် အာရုံကြောတွေ ပိုမိုပါဝင်ပါတယ်။

Clitoris ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ လိင်စိတ်ကျေနပ်မှု ရရှိဖို့ ဖြစ်ပါတယ်။ အခြားအစိတ်အပိုင်းတွေနဲ့ ယှဉ်ရင် Clitoris မှာ အကုန်လုံးထက်သာလွန်ပြီး အာရုံကြောအဆုံးပိုင်းပေါင်း ၈၀၀၀ ကျော်ပါဝင်ပါတယ်။ ဒါဟာ ဘာလို့အမျိုးသမီးတွေမှာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းဟာ အမျိုးသားတွေမှာထက် ပိုပြင်းထန်ရသလဲဆိုတာရဲ့ အဖြေပဲ ဖြစ်ပါတယ်။

(၅) သင့်မိန်းမကိုယ်ဟာ သူ့ကိုယ်သူ သန့်ရှင်းရေး လုပ်ပါတယ်။

မိန်းမကိုယ်က ထွက်တဲ့အရည်တွေဟာ သဘာဝချောဆီလိုမျိုး ပြုလုပ်ပေးရုံသာမက မလိုအပ်တဲ့အရာတွေကို စွန့်ထုတ်ပေးပါတယ်။ ဘက်တီးရီးယား၊ မိန်းမကိုယ် နံရံပေါ်က ပိုလျှံနေတဲ့ရေတို့ကို စွန့်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် ဘယ်လိုကြော်ငြာတဲ့ ပစ္စည်းကိုမှ မိန်းမကိုယ်အတွင်းဘက်ကို သန့်ရှင်းရေး မလုပ်ပေးသင့်ပါဘူး။ ဒါပေမယ့် ပျော့တဲ့ ဆပ်ပြာတွေကိုတော့ labial folds (မိန်းမကိုယ်အပြင်ဘက် နှုတ်ခမ်းသား) တွေကို ဆေးကြောဖို့ သုံးနိုင်ပါတယ်။

ဒါဆိုရင် မိန်းမကိုယ်နဲ့ ပတ်သက်တဲ့အချက်ငါးချက်ကိုတော့ သိပြီးလောက်ပါပြီ။ သူမကို သန့်ရှင်းအောင်၊ ကျန်းမာအောင်၊ အနံ့မရှိအောင် ထားဖို့လိုပြီး နဂိုအတိုင်း ကျစ်လျစ်မှုကို ထိန်းသိမ်းပေးဖို့လိုပါတယ်။ ဒါဆို သူမကလည်း အပြန်အလှန်အနေနဲ့ သာယာမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/10/2021 ဖြစ်ပါသည်။