brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ

Deep throat ဆိုတာ သာမန်အတိုင်း ပါးစပ်နဲ့ လိင်ဆက်ဆံတာထက် ပိုပါတယ်။ အမျိုးသားလိင်အင်္ဂါကို မျိုချပြီး ဆက်ဆံတာပဲ ဖြစ်ပါတယ်။ ပါးစပ်ဆက်ဆံတာက တချို့သော လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ဒီလိုပဲ Deep throatကလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု ရှိနေတာပါ။

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လိုဆက်စပ်နေသလဲ။

Deep throat လုပ်တဲ့အခါ လည်ချောင်းထဲထိ မျိုချရတာကြောင့် အာခေါင်နောက်က လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ မြှင့်တက်လာနိုင်ပါတယ်။ Deep throatကြောင့် လည်ချောင်းဖြစ်စေတဲ့ တရားခံက HPV ဗိုင်းရပ်စ်လို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။

ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိထားပြီးသား ဖြစ်မှာပါ။ ရောဂါပိုး ရှိနေတဲ့ လိင်တံနဲ့ မိန်းမကိုယ်နဲ့ ဆက်ဆံတဲ့အခါ မိန်းမကိုယ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။ စအိုနဲ့ ဆက်ဆံတဲ့အခါ စအိုကင်ဆာဖြစ်နိုင်ပါတယ်။ ဒီလိုပဲ ပါးစပ်နဲ့ ဆက်ဆံအခါ၊ မျိုချပြီး ဆက်ဆံတဲ့အခါ လည်ချောင်းကင်ဆာ ဖြစ်လာနိုင်ပါတယ်။

Deep throat လုပ်တိုင်း ကင်ဆာ ဖြစ်မှာလား။

လည်ချောင်းကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဆေးလိပ်သောက်တာနဲ့ အရက်အလွန်အကျွံသောက်တာကြောင့်ပါ။ HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တာက သိပ်မများဘူးဆိုပေမယ့် မဖြစ်တာတော့ မဟုတ်ပါဘူး။

အထူးသဖြင့် လိင်ဆက်ဆံဖော်များတဲ့သူတွေ၊ အကာအကွယ်မပါဘဲ ပါးစပ်နဲ့ ဆက်ဆံသူတွေ၊ လိင်ဆက်ဆံတဲ့ အရွယ်စောတဲ့သူတွေမှာ ဖြစ်နိုင်ခြေများတာကို တွေ့ရပါတယ်။

ကင်ဆာဖြစ်မဖြစ် ဘယ်လိုသိမလဲ။

HPV ဗိုင်းရပ်စ်က ကူးခံရတဲ့အခါ လက္ခဏာပြလေ့မရှိပါဘူး။ နောက်ပြီး ကူးခံရတဲ့သူတိုင်းကလည်း ကင်ဆာဖြစ်တာမဟုတ်ပါဘူး။ ဆိုလိုတာက အကူးခံရတယ်။ လက္ခဏာလည်း မပြတဲ့အပြင် ခုခံအားက ပြန်တိုက်ထုတ်လိုက်တဲ့အတွက် ၁-၂နှစ်လောက်ကြာတဲ့အခါ ပိုးမရှိတော့ပါဘူး။

ဒီလိုမဟုတ်ဘဲ တချို့သူတွေမှာ မပျောက်ဘဲ ဆက်ရှိနေရင်တော့ ကင်ဆာဖြစ်သွားနိုင်ပါတယ်။ HPV ဗိုင်းရပ်စ်အမျိုးအစားပေါင်း ၂၀၀လောက် ရှိပေမယ့် လည်ချောင်းကင်ဆာဖြစ်စေတဲ့ အမျိုးအစားကတော့ HPV type 16ပဲ ဖြစ်ပါတယ်။

အကူးခံရတဲ့အဆင့်ကနေ ကင်ဆာအဖြစ်ပြောင်းဖို့ဆိုရင်လည်း နှစ်နဲ့ချီကြာတတ်ပါတယ်။ ကင်ဆာဖြစ်သွားပြီဆိုရင်တော့ ဘေးနားက တစ်ရှူးတွေကို ပြန့်ဖို့က အင်မတန်လွယ်ပါတယ်။ ပိုးကူးခံရတဲ့အချိန်တုန်းက လက္ခဏာမပြဘဲ ကင်ဆာဖြစ်တော့မှ လည်ပင်းမှာ အကျိတ်တစ်ခုခု ရှိနေသလို ခံစားရတာ၊ အစာမျိုရခက်တာ၊ အနာတွေဖြစ်တာတွေ ပေါ်လာတတ်ပါတယ်။

ဒီတော့ လက္ခဏာပြမှပဲ သိနိုင်မှာ ဖြစ်ပါတယ်။

လိင်တံမျိုချ ပြီးဆက်ဆံတာကြောင့် ကင်ဆာမဖြစ်စေဖို့ ဘယ်လိုကာကွယ်ကြမလဲ။

Deep throatကြောင့် ကင်ဆာအပါအဝင် လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ မဖြစ်စေဖို့ဆိုရင်

  • လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးပါ။
  • လိင်ဆက်ဆံဖော် မများပါစေနဲ့။
  • မြီးကောင်ပေါက်အရွယ်တည်းက HPV ကာကွယ်ဆေး ထိုးထားပါ။ လိင်ဆက်ဆံမှု လုပ်ထားတဲ့သူ၊ အသက် ၂၆နှစ်အထက်သူတွေကတော့ ကာကွယ်ဆေးထိုးမယ်ဆို ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။

Deep throatလုပ်ရင်း နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်သလဲ။

Deep throatလုပ်တာက လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ မြင့်စေတာအပြင် လုပ်နေရင်းနဲ့
  • လေပြွန်ပိတ်တာ
  • လည်ချောင်းပွန်းတာ
  • လည်ချောင်းနာတာ
  • နင်တာ
  • အန်တာတွေ ဖြစ်တတ်ပါတယ်။

အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့

လိင်ဆက်ဆံမှုမှာ မိန်းမကိုယ်နဲ့ ဆက်ဆံတာဖြစ်ဖြစ်၊ စအိုနဲ့ပဲ ဖြစ်ဖြစ်၊ ပါးစပ်နဲ့ပဲဖြစ်ဖြစ်၊ လိင်တံကို မျိုချတဲ့ Deep throatပဲဖြစ်ဖြစ် ဒါက နှစ်ဦးနှစ်ဖက်ရဲ့ သဘောထားနဲ့ပဲ ဆိုင်ပါတယ်။

ဒါပေမယ့် ဘယ်လိုပုံစံနဲ့ပဲ ဆက်ဆံဆက်ဆံ နှစ်ဦးနှစ်ဖက် အန္တရာယ်ကင်းဖို့၊ ရောဂါကင်းဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့ဆို အပေါ်က ပြောခဲ့တဲ့ နည်းလမ်း ၃ခုကို လိုက်နာပါ။ ဒါတွေအပြင် Deep throatလုပ်ရင်း ထိခိုက်ဒဏ်ရာတွေ မရစေဖို့

  • အသက်ရှူကျပ်လာရင်
  • ပျို့အန်ချင်လာရင်
  • လည်ပင်းတွေ နာလာရင် ချက်ချင်းရပ်လိုက်ပါ။

ကိုယ်နိုင်တဲ့ ဝန်ထက် ပိုမထမ်းဖို့ အကြံပြုချင်ပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 08/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။