လိင်ဆက်ဆံခြင်းကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ ဒါပေမယ့်လည်းလိင်ဆက်ဆံမှုအကြိမ်အရေအတွက် များလွန်းခြင်းကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုထိခိုက်စေနိုင်သလဲဆိုရင်

အဝတ်နဲ့ ဒါမှမဟုတ် ခန္ဓာကိုယ်ချင်းပွတ်တိုက်မှုတွေကြောင့် သွေးခြည်ဥတာတွေ၊ အမှတ်အသားတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒါဟာလိင်ဆက်ဆံထားတဲ့၊ ပြောရရင် ပြင်းပြင်းလေးဆက်ဆံထားတဲ့ လက္ခဏာတွေပါပဲ။
ပွန်းပဲ့မှုများကတော့ ပိုပြီးထင်သာမြင်သာပါတယ်။ အဲဒါတွေကြောင့် တချို့သော လိင်ဆက်ဆံမှုပုံစံတွေမှာ မသက်မသာ ဖြစ်စေပြီးသတိထားမိတဲ့အချိန်မှာ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုသွေးခြည်ဥခြင်း၊ ပွန်းပဲ့ခြင်းများ ဖြစ်စေတဲ့ ပုံစံမျိုးတွေနဲ့ မဆက်ဆံတာကတော့ အကောင်းဆုံးပါပဲ။
လိင်ဆက်ဆံခြင်းဟာ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ ပြုလုပ်ရတာကြောင့် ချွေးထွက်တယ်၊ ခန္ဓာကိုယ်ကနေ ရေဓာတ်တွေ ဆုံးရှုံးပါတယ်။ နောက်ဆက်တွဲအနေနဲ့ လိင်ဆက်ဆံမှုပြုပြီး ရေမသောက်ရင် ကိုယ်ခန္ဓာမှာ ရေဓာတ်ခမ်းခြောက်သွားနိုင်ပါတယ်။ အထူးသဖြင့် လိင်မဆက်ဆံခင်နဲ့ ဆက်ဆံနေစဉ်အတွင်းမှာ အရက်သောက်ထားခဲ့မယ်ဆိုရင် ပိုလို့ဖြစ်နိုင်ပါတယ်။ ထူးထူးခြားခြားတော့ မဖြစ်နိုင်ပေမယ့် အချိန်ကြာမြင့်စွာ ရေဓာတ်ခမ်းခြောက်ခြင်းကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
လူ့ခန္ဓာကိုယ်ဟာ လိင်စိတ်နှိုးဆွမှုများကို ခံနိုင်ရည်ရှိတာမှန်ပေမယ့် ပြင်းထန်တဲ့နှိုးဆွမှုတစ်ခု ပြီးသွားရင်တော့ အာရုံကြောတွေဟာအနည်းငယ် နာကျင်ကိုက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုတွေ အများကြီး ပြုလုပ်ခဲ့မယ်ဆိုရင် ဆန္ဒပြီးမြောက်ဖို့ ခက်ခဲသွားတာ ဖြစ်ပါတယ်။
တခြားသော ကိုယ်ကာယလှုပ်ရှားမှုများလိုပဲ လိင်ဆက်ဆံခြင်းဟာလည်း ကြွက်သားများကိုနာကျင်စေတယ်၊ ပိုဆိုးရင် မလှုပ်ရှားနိုင်တော့တာမျိုးတွေ ဖြစ်စေနိုင်တယ်။ အဲဒီလို ဖြစ်ခဲ့ရင်တော့ ကိုယ့်ခန္ဓာကိုယ် ပြန်ကြံ့ခိုင်လာတဲ့အထိ လိင်ဆက်ဆံခြင်းမပြုဖို့ အကြံပေးရပါလိမ့်မယ်။ တစ်ဖက်မှာလည်း အဲဒီထိခိုက်သွားတဲ့ ကြွက်သားတွေကို သိပ်မသုံးရတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်းလိင်ဆက်ဆံသွားဖို့လည်းလိုအပ်ပါမယ်။
မောပန်းခြင်းဟာ အလွန်အကျွံ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ သေနိုင်လောက်သော ပြဿနာတစ်ခုတော့ မဟုတ်တာမှန်ပေမယ့် ကိုယ့်ရဲ့ ဘဝနေထိုင်မှုမှာတော့ အကျိုးသက်ရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် အလွန်အကျွံ လိင်ဆက်ဆံခြင်းက အာရုံလွှင့်ပျံ့စေတယ်၊ အားအင်ကုန်ဆုံးစေတယ်၊ ကိုယ့်အလုပ်ချိန်၊ စာသင်ချိန်တွေမှာပါ မောပန်းနွမ်းနယ်စေပါလိမ့်မယ်။
တကယ်တော့ လိင်ဆက်ဆံနေစဉ်မှာ ခန္ဓာကိုယ်ကနေ Norepinephrine, Epinephrine, Cortisol စတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းတွေက နှလုံးခုန်နှုန်းကို မြန်စေတယ်၊ သွေးထဲကို သကြားဓာတ်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ တချို့သောအသက်သေစေနိုင်လောက်တဲ့ အခြေအနေမျိုးတွေမှာဆို အဲဒီဟော်မုန်းတွေက သိပ်အရေးကြီးပြီး အသက်ကိုကယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီဟော်မုန်းတွေကိုအများကြီးထုတ်မယ်၊ ခဏခဏထုတ်နေမယ်ဆိုရင်တော့ အဲဒါတွေက ကိုယ့်ကိုမောပန်းနွမ်းနယ်စေပါလိမ့်မယ်။
လိင်ဆက်ဆံခြင်းကကောင်းမွန်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ဆိုရင် လုံလောက်တယ်လို့ ပြောမှာလဲ။ အဖြေမှန်ရယ်လို့ မရှိပါဘူး။ ကိုယ်ရော ကိုယ့်အဖော်ရော ဒါနဲ့ပတ်သက်ပြီး သက်သောင့်သက်သာ ဖြစ်နေသရွေ့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံချင်စိတ်ကို ထိန်းချုပ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတယ်၊ ဒါမှမဟုတ် ကိုယ့်ခန္ဓာကိုယ်မှာ တခြားပုံမမှန်တာတွေ ခံစားမိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီးကုသမှု၊ လမ်းညွှန်မှုတွေ ရယူဖို့ တုံ့ဆိုင်းမနေသင့်ပါဘူး။