brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါများစွာ ရှိပါတယ်။ လူသိများတာကတော့ HIV ပိုး နဲ့ ကာလသားရောဂါပိုးတွေ ကူးနိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အသည်းရောင် အသားဝါ Bပိုး၊ Cပိုး တွေဟာလည်း လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တာကို မေ့ထားလို့မရပါဘူး။

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

ရောဂါပိုးတွေရဲ့ သဘာဝ နဲ့ ဗီဇလက္ခဏာ တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြတဲ့ အလျောက် incubation period လို့ခေါ်တဲ့ ကူးစက်မှုအစပျိုးချိန်တွေဟာလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါ။ ဆိုလိုတာကတော့ သင်စိုးရိမ်လို့ စစ်‌ဆေးချင်ရင်‌တောင် တစ်နေ့တည်း တစ်ချိန်တည်းမှာ စစ်ဆေးကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ရောဂါပိုးတွေ က ဘယ်အချိန်တွေမှာ စစ်ဆေးမှ အဖြေမှန်ပေါ်နိုင်မလဲဆိုတဲ့ အသေးစိတ်ကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

  • Bacterial infections (ဘက်တီးရီးယားပိုးမွှားများ)ဖြစ်တဲ့ Chalamydia, Gonorrhoea(ဆီးပူညောင်းကျ), Mycoplasma, Ureplasma တို့ အတွက် incubation period ကတော့ ၇ ရက် ဖြစ်ပါတယ်။
  • Syphilis (ဆစ်ဖလစ်ပိုး)၊ အသည်းရောင်အသားဝါ B ပိုး နဲ့ Herpes simplex (ရေယုန်) ပိုးတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့ အချိန်ကစပြီး ၆ ပတ် အတွင်းဟာ incubation period ဖြစ်ပါတယ်။ ဆိုလိုတာက သင်ဟာ ရောဂါပိုးကူးစက်ခံရခြင်းရှိမရှိကို ၆ပတ်ကျော်တွင်စစ်တဲ့အခါမှာ အဖြေမှန်ရရှိမှာ ဖြစ်ပါတယ်။
  • အသည်းရောင်အသားဝါ C ပိုး ကတော့ ၉ပတ်ခန့် ကြာမြင့်ပါတယ်။
  • HIV ရောဂါပိုး ကတော့ စစ်ဆေးနည်းပေါ်မူတည်ပြီး နှစ်မျိုးကွဲပါတယ်။
  • ELISA test – ယခုလက်ရှိမှာ တွင်တွင်ကျယ်ကျယ် လွယ်လွယ်ကူကူ အသုံးပြုနေတဲ့ နည်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီးနောက် ခန္ဓာကိုယ်မှာထွက်လာတဲ့ antibodies (ပဋိပစ္စည်း) ကို စစ်ဆေးတဲ့နည်းပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၃လ ကနေ ၆လ အတွင်းမှာ စစ်ဆေးနိုင်ပါတယ်။
  • PCR test (polymerase chain reaction test)- သွေးထဲမှာ ဗိုင်းရပ်စ်ပိုးရှိမရှိကို တိုက်ရိုက်စစ်တဲ့နည်းဖြစ်တဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီး ၉ရက်ကနေ ၁၁ရက်‌လောက်ဆို စစ်ဆေးလို့ရပါပြီ။ အဆင့်မြင့်ဓာတ်ခွဲခန်းတွေမှာပဲ စစ်ဆေးလို့ရမှာဖြစ်ပြီး ပထမနည်းနဲ့ ယှဉ်ရင် ငွေကုန်ကြေးကျပိုများပါတယ်။

လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတော်တော်များများဟာ ‌‌ရောဂါလက္ခဏာမပြတတ်ကြတဲ့အတွက် စစ်ဆေးစရာမလိုဘူး စိုးရိမ်စရာမလိုဘူးလို့ ထင်နိုင်စရာရှိပါတယ်။ အလွန်မှားတဲ့ အတွေးအခေါ်ပါပဲ။ အကယ်၍ သင်ဟာ STI ရောဂါရာဇ၀င် ရှိမရှိ သေချာမသိတဲ့သူတစ်ယောက်နဲ့ အကာအကွယ် မပါဘဲ အတူတူနေမိခဲ့တယ်ဆိုရင် ရောဂါလက္ခဏာပြတဲ့ အထိမစောင့်ဘဲ အမြန်ဆုံးစစ်ဆေးမှု ခံယူဖို့ အရမ်းအရေးကြီးပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ အတူတူနေစဉ် အခါတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုပြီး ကာကွယ်ဖို့ပါပဲလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

ရေးသားသူ – Dr. Saint

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။