brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

HIVမှာ တွေ့ရတဲ့ opportunistic infectionများ

HIVရှိတဲ့ လူနာတစ်ယောက်မှာ တချို့သော ရောဂါပိုးတွေ၊ ကင်ဆာတွေ ဖြစ်လာခဲ့ရင် ဒါကို Opportunistic လို့ ခေါ်ပါတယ်။ ဒီပိုးတွေ၊ ကင်ဆာတွေ ရှိနေရင် HIVကနေ AIDS (ခုခံအားကျဆင်းမှု ရောဂါအစုအဝေး)လို့ ပြောင်းခေါ်လို့ရပါပြီ။ CD4လို့ ခေါ်တဲ့ ခုခံအားဆဲလ်တွေ ပမာဏတစ်ခုအောက် ကျဆင်းသွားရင်လည်း AIDS လို့ ပြောလို့ရပါတယ်။

HIVမှာ တွေ့ရတဲ့ opportunistic infectionများ

Opportunistic infection ဆိုတာဘာလဲ။

Opportunistic infection ဆိုတာ ခုခံအားကျဆင်းတဲ့ သူတွေမှာ အတွေ့ရများတဲ့ ရောဂါတွေပါ။ ခဏခဏလည်း ဖြစ်တတ်သလို ပြင်းလည်း ပြင်းထန်ပါတယ်။ HIV အစပိုင်းမှာတော့ ဆေးသောက်တာရော၊ ခုခံအားကောင်းနေသေးတဲ့ အတွက်ကြောင့်ရော ဒီရောဂါတွေ ဝင်မလာသေးပါဘူး။ ဒါပေမယ့် တချို့တွေကျတော့ HIV ရှိမှန်းလည်း မသိဘူး၊ ဆေးလည်း မကုကြဘူး၊ ခုခံအားကလည်း မကောင်းဘူးဆိုရင် ရောဂါပိုးတွေ အလွယ်တကူ ဝင်လာနိုင်ပါတယ်။

ဒါကြောင့် HIV ရှိတဲ့သူတွေက ဖြစ်တတ်တဲ့ Opportunistic infection တွေအကြောင်း သိထားဖို့ လိုပါတယ်။ လက္ခဏာတွေကို သိထားမှ စောစောသိပြီး စောစောကုလို့ ရမှာပါ။

အတွေ့ရများတဲ့Opportunistic infection များ

ဒီနေရာမှာ ရောဂါပိုးနဲ့ ကင်ဆာဆိုပြီး နှစ်ခုခွဲပြောပါမယ်။

ရောဂါပိုးများ

  • Candida မှိုပိုး

Candida မှိုပိုးက ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ စွဲတတ်ပါတယ်။ ပြောရရင် ပါးစပ်မှာ ဖြစ်တဲ့ မှက္ခရုကစလို့ မိန်းမကိုယ်အထိ မှိုစွဲတတ်ပါတယ်။ အစာရေမျိုပြွန်၊ လေပြွန်၊ လေပြွန်ခွဲ၊ အဆုတ်မှာပါ မှိုစွဲနေရင်တော့ AIDSလားဆိုပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ မှိုသတ်ဆေးတွေ၊ လိမ်းဆေးတွေနဲ့ ကုသရပါမယ်။

Cryptococcus ဆိုတာ မှိုပိုးဖြစ်ပြီး မြေကြီးနဲ့ ငှက်ချေးတွေ (အထူးသဖြင့် ခိုချေး)တွေမှာ အများဆုံးတွေ့ရပါတယ်။ ဒီမှိုရှိတဲ့ အမှုန်တွေကို ရှူမိရင် ဦးနှောက်အမြှေးပါးရောင်တတ်ပါတယ်။

  • Cryptosporidiosis

ဒီကပ်ပါးကောင်လေးတွေက လူတွေနဲ့ တိရိစ္ဆာန်လေးတွေရဲ့ အူလမ်းကြောင်းမှာ တွေ့ရတတ်ပါတယ်။ မသန့်ရှင်းတဲ့ ရေတွေ၊ အစားအစာတွေကို စားရာကနေ ကူးစက်တာပါ။ သာမန်လူကောင်းမှာတောင် ပြင်းပြင်းထန်ထန် ဝမ်းလျှောတတ်တဲ့ ဒီပိုးက HIV ရှိတဲ့သူတွေမှာဆို ပိုပြင်းထန်ပြီး ပျောက်ဖို့ အချိန်ပိုကြာတတ်ပါတယ်။

ဒီဗိုင်းရပ်စ်က ခုခံအားကျတဲ့သူတွေမှာ ဆိုးရွားတဲ့ မျက်စိပြဿနာကို ဖြစ်စေပါတယ်။ အခန့်မသင့်ရင် အမြင်ပါ ကွယ်တတ်ပါတယ်။ မျက်လုံးအပြင် တခြားနေရာတွေဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း၊ အာရုံကြောစနစ်ကိုလည်း ထိခိုက်တတ်ပါတယ်။

ရေယုန်က အားလုံးသိတဲ့အတိုင်းပဲ ပါးစပ်၊ နှုတ်ခမ်းတစ်ဝိုက်နဲ့ လိင်အင်္ဂါတွေမှာ ပေါက်တတ်ပါတယ်။ ဘယ်သူမဆို ရေယုန်ပေါက်တတ်ပါတယ်။ ခုခံအားကျလို့ပဲ ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲ ဖြစ်ဖြစ် သာမန်လူတွေတောင် ရေယုန်ပေါက်တတ်ပါတယ်။ HIV ရှိတဲ့သူတွေဆိုရင်တော့ ခဏခဏ ပေါက်နိုင်သလို ပြင်းလည်း ပြင်းထန်တတ်ပါတယ်။

  • Pneumocystis အဆုတ်ရောင်ရောဂါ

ဒီအဆုတ်ရောင်ရောဂါက စောစောမသိ စောစောမကုရင် သေနိုင်တဲ့ ရောဂါမျိုးပါ။ ပိုးသတ်ဆေးတွေနဲ့ ကုရတာပါ။ အဖြစ်များတဲ့ ရောဂါမို့လို့ HIVရှိတဲ့ သူတွေမှာ CD4ပမာဏ ၂၀၀အောက်ဆိုတာနဲ့ ကာကွယ်ဖို့ ပိုးသတ်ဆေးတွေ ကြိုပေးပါတော့တယ်။

တီဘီရောဂါက HIVပိုးရှိတဲ့သူတွေကို သေစေတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဆိုပါတယ်။ Mycobacterium tuberculosis ကြောင့် ဖြစ်ပြီး လေကနေ တဆင့် ကူးစက်နိုင်ပါတယ်။ HIVရှိတဲ့သူတွေက ခုခံအားကျနေတဲ့အတွက် တီဘီပိုဖြစ်နိုင်ပါတယ်။ အချိန်မီကုသမှ သက်သာရာရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။

ကင်ဆာများ

  • သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာက လိင်အင်္ဂါကြွက်နို့ကြောင့် ဖြစ်တယ်ဆိုတာ သိပြီးသားပါ။ လိင်ဆက်ဆံဖော်များတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ခုလေ့လာချက်တွေအရ HIVပိုးရှိတဲ့သူတွေမှာ လိင်အင်္ဂါကြွက်နို့ ဖြစ်နိုင်ချေ ပိုများပါတယ်တဲ့။ ဒါကြောင့် HIVပိုးရှိတဲ့ အမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

  • Kaposi sarcoma

ကြွက်နို့ ဗိုင်းရပ်စ် အမှတ် ၈ human herpes virus 8 (HHV-8) ကြောင့် ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ ကင်ဆာရောဂါ ဖြစ်စေပါတယ်။ အရေပြားမှာ ခရမ်းပုပ်ရောင် အကွက်တွေ တွေ့ရတတ်ပါတယ်။

  • ပြန်ရည်ကျိတ် ကင်ဆာ Non-Hodgkin’s lymphoma (NHL)

Lymphocytesလို့ ခေါ်တဲ့ သွေးဆဲလ်လေးတွေက ခုခံအားစနစ်ရဲ့ အရေးပါတဲ့ ဆဲလ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ပြန်ရည်ကျိတ်တွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ ရိုးတွင်းခြင်ဆီနဲ့ ဘေလုံးမှာလည်း တွေ့ရပါတယ်။ HIVရှိတဲ့သူတွေမှာ ဒီဆဲလ်တွေက ကင်ဆာဆဲလ်အဖြစ် ပြောင်းသွားတတ်ပါတယ်။

Opportunistic infection ကို ဘယ်လို ကာကွယ်ကြမလဲ။

အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆေးပုံမှန်သောက်နေဖို့လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ ရောဂါအခြေအနေကို အမှန်အတိုင်းသိရမှာပါ။ ဒါ့ပြင်

  • လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာ
  • အတူနေရင် ကွန်ဒုံးသုံးတာ
  • မွေးမြူရေး တိရိစ္ဆာန်တွေ၊ ခွေးတွေ၊ ကြောင်တွေ၊ငှက်တွေရဲ့ မစင်နဲ့ ဝေးဝေးနေတာ
  • ကလေး သေးခံလဲပေးတဲ့အခါ လက်အိတ်စွပ်တာ
  • နေမကောင်းတဲ့ သူနဲ့ ဝေးဝေးနေတာ
  • အသားမကျက်တကျက်တွေ၊ အစိမ်းတွေ၊ ပိုးမသတ်ထားတဲ့ နို့တွေကို ရှောင်တာ
  • ရေစိမ်း မသောာက်တာ
  • လက်ဆေးတာ
  • တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို သူများနဲ့ မျှဝေ မသုံးစွဲတာ စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။