HIV ပိုးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိပါ လူတွေ မှားယွင်းစွာသိထားတဲ့ အလွဲတွေ အများကြီးရှိပါတယ်။ ဒီအလွဲတွေကြောင့်ပဲ HIV ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေရဲ့ အကြောက်တရားက ပိုလာသလို ပတ်ဝန်းကျင်ရဲ့ နှိမ့်ချဆက်ဆံမှုတွေဟာလည်း ဆိုးသထက် ဆိုးလာပါတယ်။ ဒီဆောင်းပါးလေးမှာ HIV ပိုးကူးစက်ပုံတွေ၊ ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေသိထားတဲ့အလွဲတွေအကြောင်း ဖြေရှင်းပေးချင်ပါတယ်။
HIV ဆိုတာဘာလဲ။
ခုခံအားစနစ်ကို အားနည်းအောင် တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး သူဟာ ရောဂါတစ်ခုမဟုတ်ပါဘူး။ HIV ပိုးဟာ သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်၊ မိခင်နို့ရည်မှာ တည်ရှိပြီး ဒီအရည်တွေက တခြားသူတစ်ယောက်ရဲ့ သွေးလမ်းကြောင်းထဲကို တိုက်ရိုက်ဝင်မှသာ ရောဂါပိုး ကူးစက်ခံရတာဖြစ်ပါတယ်။
HIV ပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တယ်ဆိုပေမယ့် လူတွေသိထားသလို အသားချင်းထိလို့၊ နမ်းလို့၊ ပစ္စည်းတစ်ခုကို အတူသုံးစွဲတာ၊ တစ်အိမ်တည်း အတူနေတာနဲ့ မကူးစက်နိုင်ပါဘူး။ ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးမယ်ဆိုရင် ရောဂါပိုးကို တခြားသူဆီ မကူးစက်အောင် ထိန်းပေးနိုင်သလို သွေးထဲမှာရှိတဲ့ ပိုးတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။
HIV ပိုး အများဆုံးကူးစက်ခံရတဲ့ အကြောင်းရင်း
အကာအကွယ် မပါဘဲ လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော် တစ်ဦးထက် ပိုများတာ၊ လိင်အပျော်အပါး လိုက်စားတာ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲတာ၊ ပိုးရှိသူ မိခင်က ပိုးထိန်းဆေး သေချာမသောက်တာတွေဟာ HIV ပိုးကူးစက်ခံရတဲ့ အဓိကအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။
HIV က နမ်းရုံနဲ့ ကူးစက်နိုင်လား။
လုံးဝမကူးစက်နိုင်ပါဘူး။ တံတွေးထဲမှာ ပါနေတဲ့ အင်ဇိုင်းဓါတ်ဟာ HIV ဗိုင်းရပ်စ်ပိုးကို ချက်ချင်းသေစေတဲ့အတွက် နောက်ထပ် မပြန့်ပွားစေတော့ပါဘူး။ ဒါကြောင့် နမ်းတာ၊ လျှာချင်းထိတာ၊ တံတွေးချင်းဖလှယ်တာ အစရှိတဲ့ နမ်းတဲ့ပုံစံတွေကြောင့် ကူးစက်တာမျိုးမရှိပါဘူး။ အလွန်ရှားပါးလွန်းတဲ့ ဖြစ်စဉ်ကတော့ ပိုးရှိတဲ့သူရဲ့ ပါးစပ်မှာ အကြောင်းအမျိုးမျိုးကြောင့် သွေးထွက်နေတာ၊ ပိုးမရှိတဲ့သူရဲ့ ပါးစပ်မှာ အနြာဖစ်နေတာ၊ ပွန်းပဲ့ပြီး ဒဏ်ရာဖြစ်နေရင်တော့ ကူးစက်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ဒီလို ကူးစက်ဖို့ ရာခိုင်နှုန်းဟာ အလွန်ကိုနည်းတယ်လို့ ဆိုနိုင်ပါတယ်။
HIV ပိုး မကူးစက်နိုင်တဲ့ နည်းလမ်းတွေက ဘာတွေလဲ။
- ပွေ့ဖက်နမ်းရှုံ့တာ
- အသားချင်းထိတာ
- ချွေး၊ တံတွေးချင်းထိတာ
- တစ်အိမ်တည်း အတူနေတာ
- မုန့်တစ်ခုတည်းကို မျှစားတာ
- လက်ကိုင်တာ
- လေထဲကတစ်ဆင့်
- အိမ်သာ၊ ရေချိုးခန်း အတူသုံးစွဲတာ
- ပိုးကောင်၊ တိရစ္ဆာန်တွေ အကိုက်ခံရတာ
- ဆီး
- ခြောက်နေတဲ့ သုက်ရည်၊ သွေးကနေတစ်ဆင့် မကူးစက်နိုင်ပါဘူး။
HIV ပိုးကူးစက်ခံရခြင်း ကင်းဝေးစေဖို့ ဘယ်လိုဂရုစိုက်နေထိုင်မလဲ။
၁။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးဖြစ်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို အသုံးပြုပါ။
၂။ ကိုယ့်မှာ ရောဂါပိုးရှိ၊ မရှိ ၃လ တစ်ခါ သွေးစစ်ပါ။
၃။ HIV ပိုးရှိတယ်ဆိုရင် ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးပါ။
၄။ ကိုယ့်မှာရောဂါပိုးရှိတဲ့အကြောင်းကို မိသားစုဝင်၊ အိမ်ထောင်ဖက်၊ ချစ်သူကို ပြောပြထားပါ။
၅။ ရောဂါပိုးရှိတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်မယ်ဆိုရင် မွေးလာမယ့်ကလေးကို ပိုးမကူးစက်စေဖို့ ART ဆေး ပုံမှန်သောက်ပြီး ကာကွယ်ပေးနိုင်ပါတယ်။
၆။ ဆေးထိုးအပ်ကို တခြားသူနဲ့ မျှဝေမသုံးစွဲပါနဲ့။ သုံးပြီးသား ဆေးထိုးအပ်တွေကို ထပ်ခါထပ်ခါ ပြန်မသုံးပါနဲ့။
၇။ ပါးစပ်ဖြင့် လိင်ဆက်ဆံမယ်ဆိုလည်း ကွန်ဒုံးကို အသုံးပြုပါ။ အထူးသဖြင့် ပါးစပ်ထဲ သုက်မလွှတ်မိစေဖို့၊ တခြား ပွန်းပဲ့ဒဏ်ရာ၊ အနာတွေ မရှိစေဖို့ ဂရုစိုက်ပါ။
HIV ပိုးကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးပညာ မပေါ်လာသေးဘူးဆိုပေမဲ့ ပိုးကို ထပ်မပြန့်ပွားအောင် ထိန်းပေးနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ရောဂါပိုးရှိမှန်း သိသိချင်း ကုသမှုခံယူမယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေထိုင်သွားနိုင်မှာပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-ovulation]

















