brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘာအကြောင်းကြောင့်မှ အနှောင့်နှေးမခံပါနဲ့

မမျှော်လင့်ထားဘဲ အိမ်ထောင်ကျသွားတယ်၊ ကလေးရသွားတယ်၊ ဘာမှ ပြင်ဆင်မှု မရှိချိန်မှာ ဒီလိုတွေ ဖြစ်လာတော့ စီစဉ်ထားတဲ့ Life Goal တွေ၊ Career Goal တွေ အကုန်လုံး သဲထဲရေသွန်…

အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘာအကြောင်းကြောင့်မှ အနှောင့်နှေးမခံပါနဲ့

ခဏလေးပါ။ ပြောပြချင်လို့။ အိမ်‌ထောင်ပြုပြီးသွားတာနဲ့ ဘဝကြီးက တက်လမ်းတွေ မရှိတော့တဲ့ခေတ်က ကုန်ခဲ့တာ ကြာပါပြီ။ ကလေးတစ်ယောက် ရတာနဲ့ စီးပွားရေးနဲ့ မိသားစုရေးကြားထဲမှာ လှောင်ပိတ်နေရတယ်ဆိုတာ Family Planning ကို သေချာ မသုံးဖြစ်ခဲ့လို့ပါ။

အိမ်ထောင်မပြုရသေးတဲ့သူတွေ ဆိုရင် အိမ်ထောင်ကို ဘယ်အချိန်မှာ ပြုမယ်၊ အိမ်ထောင်ကျပြီးသူတွေဆိုရင်လည်း အိမ်ထောင်မပြုခင်ကတည်းက ကိုယ်က ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးကို ဘယ်နှယောက်ယူမယ် ဆိုတာတွေ အားလုံးကို ကြိုတင်တွေးထားနိုင်မှ တန်ကာကျတဲ့ ခေတ်ကြီးပါ။

အမှတ်တမဲ့ နေရင်း ကလေးရလို့ ယူလိုက်ရတယ်၊ ဘာမှ စီစဉ်ထားတာ မရှိဘူးဆို ကိုယ်တိုင်လည်း ကသီလင်တ နိုင်သလို ကလေးအတွက်လည်း ဒုက္ခများပါတယ်။ ဒါကြောင့် အိမ်ထောင်မပြုခင်မှာဖြစ်စေ၊ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား ခြားချင်တဲ့အချိန်မှာ ဖြစ်စေ သားဆက်ခြားနည်းတွေကို သေချာ စနစ်တကျ လေ့လာထားဖို့ အရေးကြီးလာပါပြီ။

အိမ်ထောင်ပြုဖို့ ကြံစည်နေတဲ့သူတွေအတွက်ပဲ အရေးကြီးတာ မဟုတ်ဘူးနော်။ အပျိုဖော်၊ လူပျိုဖော်ဝင်လာကတည်းက ဒီနည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဒါမှသာ မတော်တဆ ကိုယ်ဝန်ရသွားတာ၊ ဖျက်ချလို့ လူပါ အန္တရာယ် ဖြစ်ရတာ၊ ကပ်ပြီး ကလေးရလို့ မနိုင်မနင်းတွေ ဖြစ်ရတာ၊ စတဲ့ မတော်တဆပေါင်းများစွာကို ကာကွယ်နိုင်မှာပါ။

ဒါဆိုရင် သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့လိုလဲဆိုရင်

အမှန်တော့ ဒီနည်းလမ်းတွေ အားလုံးထဲမှာ ကွန်ဒုံးသုံးတာက လူကို ထိခိုက်မှု အနည်းဆုံး၊ အထိရောက်ဆုံး၊ အလွယ်ဆုံး ဖြစ်ပေမဲ့ အလွှာပါးကြောင့် ကမ္ဘာခြားတယ်ဆိုပြီး ကွန်ဒုံးကို အဖက်မလုပ်တာတွေ ရှိနေပါတယ်။ ဒီမှာတင် ဘာမှ မသုံးဘဲ အတူနေ၊ ပြီးရင် ကိုယ်ဝန်ရ၊ မဖြစ်တဲ့အဆုံး အိမ်ထောင်ကျ၊ ကလေးရ ဆိုတဲ့ အဖြစ်တွေ ဖြစ်လာတော့တာပါပဲ။

ထပ်ပြောပါမယ်။ အပျိုဘဝတုန်းက လုပ်ချင်လျက်နဲ့ မလုပ်လိုက်ရတာတွေကို အိမ်ထောင်သည် ဘဝရောက်လို့၊ အမေဖြစ်သွားလို့ ဆက်ပြီး မလုပ်ရဘူးလို့ မတွေးပါနဲ့။ အိပ်မက်တွေက မျက်စိရှေ့မှာပါ။ မိသားစုရှေ့ရေးကို သေချာ စီစဉ်ပြီး စနစ်တကျ ပလန်ချသွားမယ်ဆိုရင် အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မဝေးပါဘူး။

“Your Life, Your Choice” သင့်ဘဝ သင့်ရွေးချယ်မှုပါပဲ။

အိပ်မက်ကို အကောင်အထည်ဖော်ကြတဲ့သူတွေတိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာ ဓမ္မတာပါ။ ဒါကို မမျှော်လင့်ဘဲ ရလာတဲ့ ကလေးငယ်ကြောင့်ဆိုပြီး လက်လျှော့ပြီး ထိုင်မနေပါနဲ့။ ကိုယ့် အနာဂတ်ကို ကိုယ်ပိုင်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အိပ်မက်ရှိရာ ပန်းတိုင်ကို လမ်းဖောက်နိုင်ပါစေ။

Wathun Myat Chel

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။