brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဖျားပျောက်သွားတာတောင် နှာစေးနေသေးတာ စိုးရိမ်စရာလိုလား ?

တစ်ခါတစ်လေမှာ ဖျားနာတာကနေသက်သာလာပေမယ့် ချောင်းဆိုးတာမပျောက်သေးတာကို ကြုံဖူးကြမှာပါ။ လည်ချောင်းယားပြီးချောင်းဆိုးနေတိုင်းလည်း နေမကောင်းဘူးလို့မသတ်မှတ်နိုင်ပါဘူး။

အဖျားပျောက်သွားတာတောင် နှာစေးနေသေးတာ စိုးရိမ်စရာလိုလား ?

ဒါဆိုရင် နှာစေးအအေးမိဝေဒနာကနေ သက်သာလာတာတောင် ချောင်းဆက်ဆိုးနေသေးရင် စိတ်ပူဖို့လိုပါသလား ?

“ လူနာတော်တော်များများက အအေးမိဖျားနာဝေဒနာကို ရက်အနည်းငယ်အတွင်းမှာပဲ ပျောက်ကင်းသွားမယ်လို့သေချာပေါက်ထင်ထားကြတယ်။ ဒါပေမဲ့ ရိုးရိုးအအေးမိခြင်းကလည်း တစ်ခါတစ်လေမှာ တစ်ပတ်နှစ်ပတ်ခန့်ကြာနိုင်ပါတယ်” လို့ ကယ်လီဖိုးနီးယားဆေးရုံက အတိုင်ပင်ခံသမားတော် ဒေါက်တာ John Doherty ကဖြေကြားဖူးပါတယ်။

သူက အအေးမိဝေဒနာသက်သာလာရင်တောင်မှ ခန္ခာကိုယ်က ခုခံအားစနစ်က ရောဂါပိုးတွေကိုတိုက်ထုတ်ခြင်းရဲ့အကျိုးဆက်အနေနဲ့ ချောင်းဆိုးတာမျိုးကဖြစ်နိုင်ပါတယ်လို့ ဆက်ရှင်းပြပါတယ်။

နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ကတော့ နှာခေါင်းထဲကအချွဲတွေကြောင့်ဖြစ်ပါတယ်။

အီလီနျွိုက်ပြည်နယ်ဆေးရုံက သမားတော်ဒေါက်တာ Laura Boyd ကလည်း “ အအေးမိနေတဲ့အချိန် နှာခေါင်းထဲမှာ အချွဲတွေစုပုံလာတတ်ပါတယ်။ နှာခေါင်းအထဲမှာရှိတဲ့ ဂလှိုင်ပေါက်တွေကနေတစ်ဆင့် ဒီအချွဲတွေကလည်ခေါင်းထဲကို ရောက်ရှိသွားတဲ့အခါမှာ လည်ချောင်းယားယံပြီးချောင်းဆိုးခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်” ဆိုပြီးပြောကြားခဲ့ပါသေးတယ်။

အခြားသော ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေလည်းရှိနိုင်ပါတယ်။

အဆုတ်ရောင်ရောဂါ

တစ်ခါတစ်လေမှာ ဖျားနာရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ရင်းနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကအင်အားချည့်နှဲ့သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ အဆုတ်ယောင်စေတဲ့ ဘက်တီးရီးယားပိုးတွေက တိတ်တဆိတ်ဝင်ရောက်လာပြီး ချောင်းဆိုးခြင်းအပါအဝင် အခြားသောရောဂါလက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရင်ကျပ်ရောဂါ

ရင်ကျပ်ပြီး အသက်ရှုခက်ခဲတာကြောင့်လည်း ချောင်းဆိုနိုင်ပါတယ်။ တစ်ခါတစ်လေ အအေးမိပြီးနောက် ခန္ဓာကိုယ်မှာ ဓာတ်မတည့်တဲ့တုံပြန်မှုအနေနဲ့ ရင်ကျပ်ဝေဒနာ ခံစားရသူတွေလည်း ရှိနိုင်ပါတယ်။

ရင်ကျပ်တဲ့အခါ အသက်ရှုရခက်ခဲတဲ့အပြင် ချောင်းဆိုးဝေဒနာကိုခံစားရမှာပါ။

– အအေးမိနေတာမဟုတ်ဘဲ အအေးမိရောဂါနဲ့ဆင်တူတဲ့ တခြားရောဂါတစ်ခုခု ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်

အခြားရောဂါတစ်ခုခုကြောင့်လည်း အအေးမိရောဂါရဲ့လက္ခဏာတွေဖြစ်တဲ့ နှာစေးခြင်း၊ ကိုယ်ပူတက်ခြင်း၊ နှာရည်ယိုခြင်း နဲ့ ရင်ဘတ်အောင့်ခြင်းဝေဒနာများကိုခံစားရနိုင်ပါတယ်။ ဒီအခါမှာ အအေးမိဖျားနာဝေဒနာလို့ပဲ ကောက်ချက်ချသွားမိနိုင်ပါတယ်။

ပုံမှန်ဖျားနာဝေဒနာက တစ်ပတ်ထက်ပိုကြာလေ့မရှိပဲ ပြန်လည်ကောင်းမွန်လာတာမို့လို့ ကာလအတော်ကြာ ကိုယ်အပူချိန်တက်ပြီး မသက်မသာဖြစ်နေမယ်ဆိုရင်တော့ အခြားရောဂါတစ်ခုခုဝင်နေတာ မဖြစ်အောင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်လိုကုသမှုတွေ ခံယူနိုင်သလဲ ?

သာမာန်အအေးမိဝေဒနာခံစားရတဲ့အခါ ရောဂါပျောက်ကင်းပြီးရက်အနည်းငယ်အကြာမှာပဲ ချောင်းဆိုးတာလည်းပျောက်ကင်းသွားပါတယ်။

ဒါပေမဲ့ မြန်မြန်ပျောက်အောင်၊ သေချာအောင် ကုသမှုခံယူချင်တယ်ဆိုရင်တော့ ဆေးဆိုင်တွေမှာ အလွယ်တကူရရှိနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးတွေကလည်း အဆင်ပြေပါတယ်။ Codeine ပါတဲ့ ချောင်းဆိုးပျောက်ဆေးတွေကတော့ စွဲလမ်းသွားစေနိုင်တဲ့အတွက်ရှောင်ရှားသင့်ပါတယ်။

အစက်ချချောင်းဆိုးပျောက်ဆေးတွေနဲ့ ဖျန်းဆေးတွေကလည်း စိတ်ချရပြီး အသုံးဝင်ပါတယ်။

သေချာမသိနိုင်တဲ့ အိမ်သုံးဆေးတွေကတော့ FDA ကထောက်ခံချက်ရထားသလားမသေချာရင်မသုံးစွဲသင့်ပါဘူး၊ ဒါ့အပြင် စာရွက်ပေါ်မှာရေးထားတာနဲ့အထဲကဆေးဝါးနဲ့ကလည်း ထပ်တူကျချင်မှကျမှာဖြစ်တဲ့အတွက် အန္တရယ်များပါတယ်။

လက်ဘက်ရည်နဲ့ ပျားရည်ကိုအသုံးပြုဖို့စဉ်းစားထားရင်တော့ မမှားပါဘူး။ ပျားရည်က လည်ချောင်းကိုအပေါ်ယံတစ်လွှာထပ်မံကာရံပေးလိုက်သလိုဖြစ်စေတဲ့အတွက် ချောင်းဆိုးခြင်းကိုသက်သာစေနိုင်ပါတယ်။

ဗီတာမင်စီ နဲ့ ဇင့်ဓာတ်ကိုသောက်ဖို့ရည်ရွယ်ထားမယ်ဆိုရင်တော့ ဆိုးကျိုးမရှိနိုင်ပေမဲ့ အသုံးဝင်ကြောင်းသက်သေတွေလည်းမရှိပါဘူးလို့ ဆရာဝန်တွေကဆိုထားပါတယ်။

ဖျားနာခြင်းနဲ့ချောင်းဆိုခြင်းက ဆက်စပ်နေသလို နောက်ဆက်တွဲ ပြဿနာတွေကလည်းမထင်မှတ်သလို ကြီးမားနိုင်တဲ့အတွက် ကြိုတင်ပြီး ကိုယ်ခံအားကောင်းအောင် ကာကွယ်သင့်သလို အအေးမိဝေဒနာခံစားလာခဲ့ရရင်လည်း ကုသမှုတွေ လိုအပ်သလို ခံယူသင့်ပါတယ်။ ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ – မောင်မျိုးအောင် (ဆေး-၁)

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/08/2022 ဖြစ်ပါသည်။