ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်းပဲရောဂါတော်တော်များများက မဖြစ်ခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ရောဂါဖြစ်လာရင် ခန္ဓါကိုယ်ကတုံ့ပြန်တိုက်ခိုက်ရတဲ့အတွက် မလိုအပ်ဘဲ ပင်ပန်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရောဂါတွေကို မဖြစ်ခင်က ကာကွယ်ကြဖို့ပြောပါရစေ။ ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက် တာဝန်အရှိဆုံးသူက ကိုယ်တိုင်ပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထလေးတွေကိုမွေးမြူပြီး ခန္ဓါကိုယ်ထဲကို မလိုလားအပ်တဲ့ရောဂါဘယတွေ ဝင်မလာအောင် တားဆီးလိုက်ပါ။
တုပ်ကွေးအန္တရာယ်ကို ကိုယ်တိုင်ကာကွယ်လိုက်ပါ
ရာသီအကူးအပြောင်းတွေ အပူအအေးမမှန်တဲ့အချိန်တွေမှာ တုပ်ကွေးမိတာ အအေးမိဖျားနာတာတွေအဖြစ်များကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကလူတွေဖျားတိုင်း လိုက်မဖျားဖို့ဆိုရင် ဒီအဆင့်လေးတွေလုပ်ကြည့်ပြီး ကာကွယ်လိုက်ပါ။
လက်တွေသေချာဆေးကြောပေးပါ – လက်ချောင်းလေးတွေကနေရာတော်တော်များများကို ထိတွေ့နေရတာကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်တွေကိုသေချာဆေးကြောပေးဖို့ မမေ့ပါနဲ့။ရေနဲ့ဆပ်ပြာအလွယ်တကူမရနိုင်တဲ့အခါမျိုးမှာ လက်ကိုသန့်စင်နိုင်စေဖို့အတွက် သွားလေရာကိုရေမလိုလက်သန့်ဆေးရည်ေဆာင်သွားပေးပါ။
ချောင်းဆိုးနှာချေရင် တစ်သျှူးအသုံးပြုပေးပါ – နှာချေချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လက်နဲ့အုပ်လိုက်မယ်ဆိုရင် လက်ဖဝါးမှာရောဂါပိုးတွေပေကျံသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်ကသူတွေအတွက်ပါရောဂါကင်းဖို့ဆိုရင် နှာချေချောင်းဆိုးတိုင်း တစ်သျှူးအသုံးပြုပေးပါ။ တစ်သျှူးမရှိဘူးဆိုရင် လက်ကိုကွေးလိုက်ပြီးကွေးထားတဲ့လက်ထဲကို နှာချေချောင်းဆိုးတာမျိုးလုပ်ပေးပါ။
မျက်နှာကို လက်နဲ့ခဏခဏမကိုင်ပါနဲ့ – အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက မျက်လုံးတွေ၊ နှာခေါင်း နဲ့ ပါးစပ်ကနေတဆင့် ခန္ဓါကိုယ်တွင်းကိုဝင်ရောက်သွားတာပါ။ ဒါကြောင့် မျက်နှာကို လက်နဲ့ခဏခဏကိုင်တဲ့အခါရောဂါပိုးတွေကို သယ်ပို့ပေးနေသလိုဖြစ်တာကြောင့် မျက်နှာကို လက်နဲ့ ခဏခဏမကိုင်ပါနဲ့။
ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးပါ -နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးပြီး အအေးမိတုပ်ကွေးရောဂါကို ကာကွယ်လိုက်ပါ။
အာဟာရြပည့်ဝမျှတအောင်စားသုံးပေးပါ – အပင်တွေကနေရတဲ့ ဗီတာမင်တွေကို သင့်တင့်မျှတအောင်စားသုံးပေးတာကလည်း ခန္ဓါကိုယ်ကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အရောင်အသွေးစုံလင်တဲ့ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။
ဆေးလိပ်မသောက်ပါနဲ့ -ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ရောဂါတွေအလွယ်တကူဝင်ရောက်တာမျိုးမဖြစ်စေဖို့ဆေးလိပ်ဖြတ်ပါ။ မဟုတ်ရင်လည်းလျှော့သောက်ပေးပါ။
အရက်ဖြတ်ပါ – အရက်သောက်တာကလည်း ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အပြုအမူပါပဲ။ အရက်သောက်သုံးသူတွေက အခြားသူတွေထက်ရောဂါတွေကူးစက်ခံရနိုင်ခြေပိုများနေသလိုနောက်ဆက်တွဲရောဂါတွေခံစားရနိုင်ခြေလည်း ပိုများနေပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်ကရေဓါတ်တွေကို ဆုံးရှုံးစေနိုင်တဲ့ အရက်ကိုဖြတ်ပါ။ မဖြစ်နိုင်ဘူးဆိုရင်လည်းလျှော့သောက်ပေးပါ။
ပြည့်ပြည့်ဝဝအနားယူပေးပါ -နေ့စဉ်ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိအောင် ဂရုပြုပေးပါ။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ မတွေးမိအောင်သတိထားဆင်ခြင်ပါ။ အလုပ်ကစိတ်ဖိစီးစရာတွေကို အိမ်ထိသယ်မလာပါနဲ့။ တရားထိုင်တာလိုမျိုး စိတ်ငြိမ်းချမ်းစေတဲ့ အလေ့အထတွေကိုမွေးမြူပေးပါ။ စိတ်ဖိစီးမှုကင်းလေလေ ကိုယ်ခံအားကောင်းလေလေပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေကို သီးသန့်ထားပါ – ဒါကကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုပါ။ သွားပွတ်တံ၊ မျက်နှာသုတ်ပဝါ နဲ့ အခြားသော တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေကို သီးသန့်ထားရှိအသုံးပြုတာကလည်း တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်ရာမှာ အထောက်အပံ့ဖြစ်စေပါတယ်။
ဒီအလေ့အထတွေကိုမွေးမြူလုပ်ဆောင်ပေမယ့် ခန္ဓါကိုယ်က ဖျားနာတာမျိုးဖြစ်မယ်ဆိုရင်တော့ စဖျားတဲ့အချိန်မှာတင် အဖျားကိုသက်သာစေနိုင်တဲ့Nasal Spray နဲ့Throat and Oral Care ခံတွင်းသန့်ဆေးရည်တို့ကို အသုံးပြုပေးလို့ရပါတယ်။ နှာခေါင်းဖြန်းဆေးဆိုရင်လည်း အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ၉၉ ရာခိုင်နှုန်းအထိဖယ်ရှားပေးနိုင်တာကြောင့် အအေးမိတုပ်ကွေးဖြစ်တာကို ကာကွယ်ဖို့အတွက် အသုံးတည့်မယ့်နည်းလမ်းပါ။ ခံတွင်းသန့်ဆေးရည်အသုံးပြုပေးတာကလည်း ခံတွင်းကျန်းမာရေးအတွက်တင်မဟုတ်ဘဲ အသက်ရှုလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကို ပါဖယ်ရှားပေးနိုင်တာကြောင့် အအေးမိတုပ်ကွေးကာကွယ်ရာမှာ ထိရောက်မှုရှိစေမှာပါ။
ဒီအလေ့အထလေးတွေကို သတိထားမွေးမြူပြီး ကိုယ့်ကိုကိုယ် အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေကနေ ကာကွယ်လိုက်ပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။