
ကြက်စွပ်ပြုတ်လိုပဲ ငါးခေါင်းဟင်းချို သို့မဟုတ် တခြားအရိုးပြုတ်ရည်တွေကလည်းနေမကောင်းချိန်မှာ အာဟာရဓါတ်တွေပေးနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်တွေပါ။ရေဓါတ်ဖြည့်ပေးမယ့်အပြင် အာဟာရဓါတ်မျိုးစုံကို အရည်ထဲမှာ တပါတည်းပေးနိုင်တော့ နည်းနည်းပဲသောက်နိုင်ရုံနဲ့ အားဖြစ်စေပါတယ်။
အရသာရှိတဲ့အပြင် ကယ်လိုရီတွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပါမယ်၊ ပူပူလေးသောက်ရင် ချွဲသလိပ်တွေပျော်ဖို့ပါ အထောက်အကူပေးနိုင်ပါတယ်။
ရေဓါတ်ပြည့်ဝနေဖို့ကနေမကောင်းတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ပါ။ ကိုယ်ပူနေမယ်၊ချွေးတွေတအားထွက်ထားမယ်၊ အန်ထားမယ်၊ ဝမ်းလျှောထားမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်ဖြည့်တင်းဖို့လိုပါတယ်။ ဒီလိုအချိန်မှာ အုန်းစိမ်းရည်ကလည်း အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါပဲ။ ချိုချိုလေးနဲ့ ရင်ထဲအေးစေတဲ့ အုန်းစိမ်းရည်မှာ ဂလူးကို့စ်နဲ့ ဓါတ်ဆားဓါတ်တွေပါဝင်ပါတယ်။
ရေနွေးပူပူလေးသောက်တာကတော့ အအေးမိ၊တုပ်ကွေး ဖျားနာတာတွေအတွက် သမားရိုးကျ နည်းလမ်းတစ်ခုပါ။ ကြက်စွပ်ပြုတ်လောက်အာဟာရမပါရင်တောင် ချွဲသလိပ်တွေရှင်းသွားစေဖို့၊ လည်ချောင်းရှင်းဖို့၊ နှာခေါင်းပိတ်သက်သာစေဖို့၊ချွေးထွက်ပြီးအဖျားကျဖို့ အထောက်အကူပေးတယ်ဆိုတော့ သူ့အစွမ်းလည်းမသေးပါဘူး။ လည်ချောင်းအပူလောင်လောက်တဲ့အထိတော့ အပူမပြင်းစေနဲ့ပေါ့နော်။
လက်ဖက်ခြောက်မှာpolyphenols တစ်မျိုးဖြစ်တဲ့Tannins ဓါတ်တွေပါဝင်လို့ ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုသေစေတဲ့အာနိသင်တွေရှိပါတယ်။
ပျားရည်မှာ ဘက်တီးရီးယားတွေသေစေတဲ့အာနိသင်ရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်းကောင်းစေတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပျားရည်ကိုရေနွေးကြမ်းလေးထဲထည့်သောက်ရင် လည်ချောင်းနာတာတောင်သက်သာစေပါတယ်တဲ့။ နွားနို့တစ်ခွက်ကို ပျားရည်ဇွန်းတစ်ဝက်ထည့်သောက်ရင်လည်းချောင်းဆိုးသက်သာတယ်၊ရေဓါတ်ပြည့်ဝစေတယ်၊ရောဂါပိုးတွေသေစေနိုင်တဲ့သောက်စရာတစ်ခုဖြစ်ပါတယ်။
နေမကောင်းလို့ မအီမသာဖြစ်နေတာ၊ ခံတွင်းပျက်တာတွေအတွက် ချင်းရေနွေးကြမ်းကိုသောက်ပေးရင် သက်သာပါလိမ့်မယ်။ အသင့်သောက် အထုပ်လေးတွေလည်းရှိသလို ချင်းကိုပါးပါးလှီးပြီးရေနွေးကြမ်းထဲခတ်သောက်လို့ရပါတယ်။ ပူရှိန်းရှိန်းနဲ့ချွေးလေးစို့လာစေပြီးနေလို့ကောင်းစေမှာပါ။
ငှက်ပျောသီးကနေမကောင်းချိန်မှာစားလို့သင့်တဲ့အသီးထဲမှာပါဝင်ပါတယ်။ စားရတာလည်းလွယ်တယ်၊ ကယ်လိုရီနဲ့အာဟာရဓါတ်တွေလည်း အများကြီးပါပါတယ်။ သူ့မှာပါတဲ့ပျော်ဝင်လွယ်အမျှင်ဓါတ်ကြောင့် အစာခြေစနစ်အတွက်လည်းကောင်းကျိုးများပါတယ်။
ကွေကာအုတ်က အစာကြေလွယ်တယ်၊ နေမကောင်းဖြစ်ချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကိုဖြည့်တင်းပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကိုအားပေးပြီးသွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းပေးပါတယ်။ အကောင်းဆုံးကတော့ အသင့်သောက်အထုပ်တွေထက် အုတ်ဂျုံကွေကာအလွတ်ကို ကိုယ်တိုင်ဖျော်သောက်တာပါပဲ။
ဒီအစားအသောက်တွေကရောဂါကိုသက်သာစေဖို့ အားဖြည့်ကူညီပေးမှာဖြစ်လို့ဝေဒနာခံစားရတာလည်း သက်သာစေမှာပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။