backup og meta

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များ အကြောက်ဆုံးမှာ လေ့ကျင့်ခန်းပြုလုပ်ရန် ဖြစ်ပါသည်။ လေ့ကျင့်ခန်း ပြုလပ်လျှင် အမောဖောက်လာခြင်း၊ အားနည်းခြင်း၊ အားပြတ်ခြင်းတို့ဖြစ်လာမည်ကို သူတို့ကြောက်ကြပါသည်။ သို့သော် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များ အနေဖြင့် ရောဂါကိုသက်သာလာစေမည့် လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းဖြင့် ဘဝနေထိုင်မှုပုံစံများကို အကောင်းဆုံးဖြစ်အောင် ပြုပြင်သင့်ပါသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များအတွက် သင့်တော်သော လေ့ကျင့်ခန်းများကို ဖော်ပြလိုက်ရပါသည်။

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

အသက်ရှုလေ့ကျင့်ခန်းများ

အသက်ရှုလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် အသက်ရှုရာတွင် အဓိကကျသော ရင်ခေါင်းနှင့် ဝမ်းဗိုက်ကိုခြားထားသော အမြေးကိုသန်မာစေပါသည်။

ဒူးများကို ကွေးပြီး ပက်လက်လှန်အိပ်ပါ။ သို့မဟုတ် ကုလားထိုင်ပေါ်တင် မတ်မတ်ထိုင်လိုက်ပါ။

ထို့နောက် လက်နှစ်ဖက်ကို ရင်ဘတ်နံရိုးများ အောက်ဘက်ကို တင်ထားလိုက်ပါ။ အသက်ကို ၀၀ရှုသွင်းပါ။ အစာအိမ်သညိ ၁ လက်မခန့်မြင့်တက်သွားအောင် ရှုသွင်းပါ။ ထို့နောက် နှုတ်ခမ်းမှ ရှုထုတ်ပါ။ ရှုထုတ်ချိန်တွင် အစာအိမ်ကို တင်းသွားအောင် အဆုံးထိ ရှုထုတ်လိုက်ပါ။ ထိုသို့ ၅ မိနစ်မှ ၁၀ မိနစ်ခန့် တနေ့လျှင် သုံး၊ လေးကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့်လည်း ပိုပြီး အသက်ရှုကောင်းစေပါသည်။

ထိုက်ချိ လေ့ကျင့်ခန်း ပြုလုပ်ပါ။

ထိုက်ချိ လေ့ကျင့်ခန်းသည် လှုပ်ရှားမှုများကို ဖြေးဖြေးချင်းပြုလုပ်ရသော တရုတ်ရိုးရာ လေ့ကျင့်ခန်းဖြစ်ပါသည်။

ယင်းသည် နှလုံးနှင့် အဆုတ်ကြွက်သားများကို သန်မာစေသောကြောင့် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည် များအတွက်လည်း အထူးသင့်တော်သော လေ့ကျင့်ခန်းဖြစ်ပါသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကြောင့် စိတ်ညစ်ညူးမှုများကို ခံစားနေရချိန်တွင် ထိုက်ချိလေ့ကျင့်ခန်းက စိတ်ဖိစီးမှုများကို လျော့နည်းစေသလို စိတ်ကိုလည်း အပန်းပြေစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ပုံများကို ဗီဒီယိုများမှ လေ့လာနိုင်သလို သင်တန်းများတွင်လည်း လေ့လာနိုင်ပါသည်။

အသက်ကို ဖြေးဖြေးရှုပါ။ ပါးစပ်ပိတ်ထားပြီး နှာခေါင်းမှ ရှုသွင်းပါ။ ထိုသို့ပြုလုပ်ခြင်းက လေကို နွေးစေပြီး ဇကာစစ်လိုက်သလိုဖြစ်သွားစေပါသည်။ ပါးစပ်မှ ရှုထုတ်ပါ။ ရှုထုတ်ချိန်သည် ရှုသွင်းချိန်ထက် ၂ ဆ ပိုကြာမြင့်ပါစေ။ အမောတကော ပြုလုပ်ခြင်း မပြုလုပ်ပါနှင့်။ ယင်းသည် အဆုတ်ထဲတွင် လေကျန်ခဲ့နိုင်စေသောကြောင့် ဖြစ်ပါသည်။

အသက်ရှုနှုန်းများ မြန်လာသော် ခဏရပ်လိုက်ပါ။ ကိုယ်ကို ဖြေလျော့ထားပါ။ ထို့နောက် အထက်ဖော်ပြပါနည်းအတိုင်း အသက်ရှုလေ့ကျင့်ခန်းကို မှန်မှန် ပြန်လုပ်ပါ။

လမ်းလျှောက်ပါ။

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်တိုင်းသည် လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါသည်။ လမ်းလျှောက်ခြင်းသည် ကောင်းမွန်သောလေ့ကျင့်ခန်းဖြစ်ပါသည်။ သင့်အနေဖြင့် အစပျိုးရန်သာ လိုအပ်ပါသည်။ လမ်းလျှောက်ခြင်းကို အပြင်သွားနေရင်းနှင့်လည်း ပြုလုပ်နိုင်သလို လမ်းလျှောက်စက်ဖြင့်လည်း လျှောက်နိုင်ပါသည်။ လမ်းလျှောက်မည်ကို ဝန်လေးနေလျှင် တနေ့ကို ပုံမှန်ထက် စက္ကန့် ၃၀ သို့မဟုတ် ၁၀ ကိုက်ခန့်သာ ပိုလျှောက်ပေးပါ။ ခြေလှမ်းများကို ဖြေးဖြေးလှမ်းပါ။ သင်သည် ယခင်ကတည်းက လှုပ်လှုပ်ရှားရှားနေသူ မဟုတ်ခဲ့လျှင် သင်ပြုလုပ်မည့် လေ့ကျင့်ခန်းများနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆန့်ထုတ်ပါ။

လေ့ကျင့်ခန်းများ မပြုလုပ်မီ အကြောများကို ဆန့်ထုတ်ပါ။ သင့်လက်များကို ပခုံးနှင့် တတန်းတည်း ဆန့်တန်းထားပြီး လက်ဖဝါးများကို နံရံတွင် ကပ်ထားပါ။ ခြေတလှမ်း ရှေ့တိုးပြီး ညာဘက်ဒူးကို ကွေးပါ။ ထို့နောက် ခြေသလုံး ကြွက်သားများ တင်းလာသည်အထိ ဘယ်ဘက်ဒူးကို ကွေးလိုက်ပါ။ ထိုအနေအထားတိုင်း ၁၀ စက္ကန့် မှ စက္ကန့် ၃၀ ထားပါ။ ထို့နောက် နောက်တစ်ဖက်ကို ပြုလုပ်ပါ။ သုံးကြော့မှ ငါးကြော့ ပြုလုပ်နိုင်ပါသည်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာတွင် အောက်ဆီဂျင်ဓါတ်များကို ကောင်းကောင်း အသုံးချနိုင်စေပါသည်။ ထို့ပြင် ခြုံကြည့်လျှင် ကိုယ်အလေးချိန်ကို ထိန်းနိုင်ခြင်း၊ အားအင်များပြည့်လာခြင်း၊ ပိုပြီးသန်မာလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသည့်အပြင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များအတွက်လည်း အမောဖောက်လာခြင်းမှ ကာကွယ်ပေးပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/lung/copd/copd-and-exercise-breathing-and-exercise-programs-for-copd?page=2

http://www.lifescript.com/health/centers/copd/articles/7_exercise_tips_for_copd_patients.aspx

https://www.nationaljewish.org/healthinfo/conditions/copd-chronic-obstructive-pulmonary-disease/lifestyle-management/exercises

ယခုပုံစံ

05/07/2022

Dr. Sandar Lin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘာကြောင့် ဆောင်းတွင်းမှာမှ ချောင်းဆိုးတာ ပိုအဖြစ်များတာလဲ

ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။



Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။