အရက်ဟာ လူတွေ သိရှိခဲ့ပြီးဖြစ်တဲ့ အဟောင်းနွမ်းဆုံး အဆိပ်တစ်မျိုး ဖြစ်ပါတယ်။ အရက်ဟာ လူကိုယ်ခန္ဓါကို လောင်ကျွမ်းစေနိုင်တဲ့ အဆိပ်သင့်တဲ့ အရာဝတ္ထုတွေ ပါဝင်ပါတယ်။
အရက်ကို ကိုယ်ဝန်ဆောင်စဉ်မှာ သောက်သုံးရင် သူဟာ အချင်းကို ဖြတ်နိုင်တာကြောင့် သင့်ကလေးငယ်ဟာလည်း အရက်သောက်သလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိစဉ် အရက်သောက်တဲ့အခါမှာ သင့်ကလေးငယ်ဟာ အန္တရာယ်ရှိတဲ့ ရောဂါတွေနဲ့ မွေးလာဖို့ ရာခိုင်နှုန်းများပါတယ်။
ကိုယ်ဝန်ရှိစဉ် အရက်သောက်ခြင်းဟာ ကလေးငယ်ကို ဘယ်လိုသက်ရောက်မှု ရှိသလဲ။
ကိုယ်ဝန်ရှိစဉ် အရက်သောက်ခြင်းဟာ ကလေးပါ သောက်သလို ဖြစ်တာကြောင့် ကလေးအတွက် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ကလေးငယ်ဟာ လူကြီးတွေနဲ့ ယှဉ်ရင် သေးငယ်တာကြောင့် အရွယ်ရောက်ပြီး လူကြီးတွေနဲ့ ယှဉ်ရင် အရက်ကို ချေဖျက်နှုန်း နှေးတာကြောင့် သွေးအတွင်းမှာ ပိုမိုကြာရှည်နေနိုင်ပြီး ဦးနှောက်နဲ့ အခြားအင်္ဂါဖွံဖြိုးမှုတွေကို ထိခိုက်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်မှာ အရက်ဟာ စိတ်ချရတဲ့ ပမာဏဆိုတာ မရှိပါဘူး။ ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ဖို့ စိတ်ချရတဲ့အချိန်ဆိုတာလည်း မရှိပါဘူး။ အရက်ဟာ သင့်ကလေးငယ်ကို ကိုယ်ဝန်ဆောင်စဉ် အချိန်တိုင်းမှာ ဆိုးကျိုး ရှိစေနိုင်ပါတယ်။ သင်ကိုယ်ဝန်ဆောင်နေမှန်း မသိခင် ၄ ပတ်ကနေ ၆ ပတ်လောက် အချိန်အတွင်းမှာတောင် ဆိုးကျိုး ရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်းဟာ သင့်ကလေးငယ်ကို အောက်ပါ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
- အချိန်မတိုင်မီ ကလေးမွေးခြင်း – ကိုယ်ဝန်ကိုးလ မပြည့်ပဲ ကလေးမွေးခြင်းကို ဆိုလိုပါတယ်။ အချိန်မတိုင်မီ မွေးတဲ့ကလေးတွေဟာ မွေးပြီးချိန်နဲ့ နောက်ပိုင်းအချိန်တွေမှာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိတတ်ပါတယ်။
- ဦးနှောက်နဲ့ အခြားကိုယ်အင်္ဂါတွေ ပျက်စီးခြင်း၊ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ
- သင်ကြားမှုနဲ့ အပြုအမူဆိုင်ရာ ပြဿနာများ
- Fetal alcohol spectrum disorders (FASDs)- အရက်ကြောင့်ဖြစ်သော ကလေးရောဂါများ (FASDs) ရှိတဲ့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ အပါအဝင် ပြဿနာ များစွာကို ဖြစ်စေနိုင်ပါတယ်။ သူတို့မှာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ပြဿနာတွေလည်း ရှိတတ်ပါတယ်။ ဒါတွေဟာ စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာ မွေးရာပါချို့ယွင်းမှုတွေကို ဖြစ်စေတဲ့ ပြန်လည် ပြင်ဆင်လို့ မရနိုင်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
- ကလေး မွေးစ ကိုယ်အလေးချိန် နည်းခြင်း – ဒါဟာ ကလေးငယ် မွေးကင်းစ ကိုယ်အလေးချိန် ၂ ကီလိုဂရမ်ထက် နည်းခြင်းကို ဆိုလိုပါတယ်။
- ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း
ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်းကနေ ကလေးငယ်ကို ဘယ်လိုကာကွယ်နိုင်မလဲ။
ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ချစွာ သောက်သုံးနိုင်တဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အရက်ပိုသောက်လေလေ သင့်ကလေးမှာ ဆိုးကျိုး ပိုဖြစ်လေလေပဲဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အရက်မသောက်ဘူးဆိုရင် သင့်ကလေးငယ်မှာ FASDs သို့ အရက်ကြောင့် ဖြစ်တဲ့အခြားရောဂါတွေ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် သင့်မှာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးရှိရင် အရက်ကို လုံးဝမသောက်သင့်ပါဘူး။ ဒါ့ပြင် ကိုယ်ဝန်တိုင်းဟာ ကွာခြားမှု ရှိပါတယ်။ အချို့မိခင်တွေဟာ ကိုယ်ဝန်ဆောင်စဉ်မှ အရက်သောက်ပေမယ့် ကလေးငယ်တွေ ကျန်းမာတာမျိုးလည်း ရှိနိုင်ပါတယ်။
အချို့ကတော့ အရက်ကို အနည်းငယ်သာ သောက်ပေမယ့် ကလေးငယ်တွေမှာ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေ ဖြစ်တာမျိုးလည်း ရှိပါတယ်။ သင့်ကလေးငယ်ကို ဒီပြဿနာတွေကနေ ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ အရက်မသောက်ခြင်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အရက်ဟာ လူမှုရေး အစိတ်အပိုင်းတစ်ခု ဖြစ်တာမို့ ကိုယ်ဝန်ဆောင်စဉ် အရက်မသောက်ရခြင်းဟာ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အရက်မသောက်ခင် သေချာစွာ စဉ်းစားသင့်ပြီး အရက်အစား အခြား အစားထိုးအရည်တွေ ဖြစ်တဲ့ သစ်သီးဖျော်ရည်နဲ့ ရေတို့ကို သောက်သုံးနိုင်ပါတယ်။
သင့်သူငယ်ချင်းတွေ၊ မိသားစုတွေ၊ အိမ်ထောင်ဖက်ကို ကိုယ်ဝန်ဆောင်ချိန်မှာ အရက်မသောက်ဘူးဆိုတာကို ပြောပြထားသင့်ပါတယ်။ သူတို့ကို သင့်ကို ကူညီထောက်ပံ့ဖို့ တောင်းဆိုထားသင့်ပါတယ်။
[embed-health-tool-pregnancy-weight-gain]

















