brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေ

ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေ ကျွတ်လာတာ ရှိနိုင်ပါတယ်။ ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ အရမ်းထိတ်လန့်မသွားပါနဲ့။ ကလေး အသက်တစ်နှစ် မပြည့်ခင်မှာပဲ မေမေတို့ ဆံပင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေ

ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ဆံပင်အချောင်းရေ ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆို အက်စထရိုဂျင်ဟော်မုန်းပမာဏက မြင့်တက်နေတာကြောင့် ဆံပင်ကျွတ်နှုန်းကို နှေးစေတယ်။

ဒါပေမယ့် မီးဖွားပြီးတဲ့အခါ အက်စထရိုဂျင်ဟော်မုန်းပမာဏ ထိုးကျသွားပြီး ဆံပင်တွေကျွတ်ပါတော့တယ်။ ကလေးအသက်လေးငါးလမှာ အဆိုးဆုံးဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ဆံပင်သန်ဆေးတွေ၊ ပေါင်းဆေးတွေ ဘယ်လောက်ကောင်းကောင်း အာနိသင်ထူးခြားမှာတော့ မဟုတ်ပါဘူး။ ဆံပင်အကျွတ်သက်သာအောင်သာ ကိုယ့်ဘာသာဂရုစိုက်တာပဲ တတ်နိုင်ပါမယ်။

တချို့အမျိုးသမီးတွေဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့ မေမေတွေကျ ဆံပင်ပါးလာတာ ပိုသိသာပါတယ်။ ဒါပေမယ့် ယာယီဖြစ်တတ်တဲ့သဘာဝမို့ စိတ်တွေဆင်းရဲမနေပါနဲ့ဦး။ ဒီနည်းလေးတွေလုပ်ကြည့်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲကျော်ဖြတ်နိုင်မှာပါ။

ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ ဘာတွေ လုပ်ရမလဲ

တကယ်တော့ ထူးခြားပြီးလုပ်ရမယ့်အချက်တွေမဟုတ်ပါဘူး။ ခုလိုအချိန်မှာ အားနည်းနေတဲ့ ဆံသားကျန်းမာရေးကို ပုံမှန်ထက်ပိုဂရုစိုက်ပေးဖို့ပါပဲ။ တစ်ခုပြောချင်တာက ခုပြောပြမယ့် အချက်တွေက ဆံပင်ကျွတ်တာကို သိသိသာသာ သက်သာစေမှာ မဟုတ်ပါဘူး။ ပိုမကျွတ်အောင်သာ ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မီးဖွားထားတဲ့မေမေတွေ ဆံတိုလေးတွေ ဖြစ်ကုန်ကြတာပါ။ ဆံပင်ပုံစံပြောင်းလို့ ပိုလှသွားနိုင်သလို ဆံပင်ရှည်ရှည်တွေ ခေါင်းဖြီးတိုင်း ပိုကျွတ်ရတဲ့အဖြစ်ကိုလည်း ကာကွယ်နိုင်ပါတယ်။ ကလေးတစ်ဖက်နဲ့ အလုပ်ရှုပ်ချိန်မှာ ဆံပင်နဲ့ပတ်သက်ပြီး စိတ်ရှုပ်မနေရတော့ဘူးတော့။ သိပ်တိုတာ မဟုတ်တောင် အလွယ်တစ်ချက်စည်းလို့ရတဲ့ မတိုမရှည်လောက်လည်း အဆင်ပြေပါတယ်။ အဓိကက ဖြီးနေရတာ ဆံပင်ရှုပ်တာဖြစ်ရင် ပိုကျွတ်မှာစိုးလို့ ဖြစ်ပါတယ်။ ဆံပင်ရှည်ရင် အဖျားရှူးနိုင်တော့ တိုသွားရင် ပိုထူသလိုလည်း ထင်ရစေပါတယ်။

  • ဆံသား မခြောက်သွေ့အောင် ဂရုစိုက်ပါ

ပြောချင်တာကတော့ ဆီထည့်ပါပေါ့။ ခေါင်းလျှော်ပြီးရင် သံလွင်ဆီလေးဖြစ်ဖြစ်၊ hair coat ဒါမှမဟုတ် ဆံသားအစိုဓာတ်ထိန်းမယ့် ပစ္စည်းတစ်ခုခုသုံးပါ။ ဆံပင်ပျော့ဆေးသုံးပါ။

  • ဆေးဆိုး၊ ဖြောင့်/ကောက်တာတွေ မလုပ်ပါနဲ့ဦး

ဆံပင်အရောင်ဆိုးတာက အလှအတွက် အဆင်ပြေနိုင်ပေမယ့် ဆံပင်ပိုကျွတ်နိုင်စေမယ့်အရာ ဘာမှထပ်မလုပ်တာအကောင်းဆုံးပါ။ ကလေးမွေးပြီးစမှာ ဓာတုဆေးတွေနဲ့ ဆံသားမထိအောင် ဂရုစိုက်ပါ။

  • Dryer သို့မဟုတ် ဖြောင့်/ကောက်စက် မသုံးပါနဲ့

ဆံပင်ကို dryer နဲ့အခြောက်ခံတဲ့အခါ ဒါမှမဟုတ် ဖြောင့်စက်/ကောက်စက် သုံးတဲ့အခါ ဆံသားကို အပူနဲ့ ထိတွေ့စေတဲ့အခါ ဆံပင် ပိုပါးစေပါလိမ့်မယ်။

ဘယ်လောက် အလုပ်ရှုပ်ရှုပ် ခေါင်းဖြီးတာကို အမြန်မလိုပါနဲ့။ ဆံပင် မနာအောင် ခပ်ဖွဖွ၊ အသာအယာဖြီးပါ။ တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ် ထက် ပိုပြီး မဖြီးပါနဲ့။ ဘီးကျဲနဲ့ အဖျားကနေ ဆံပင်စရှင်းပါ။

  • အာဟာရ ပြည့်အောင် စားပါ

ခန္ဓာကိုယ်မှာ လိုအပ်သမျှ အာဟာရတွေကို ညီညွတ်မျှတအောင် စားပေးရပါမယ်။ အသား၊ ငါး၊ အသီးအရွက်နဲ့ သီးနှံ တွေကို အစုံအလင်စားပါ။ ဒီအချက်က ဆံသားအတွက်တင်မကဘဲ မိခင်နို့ကိုပါ သက်ရောက်မှု ရှိစေတာမို့ ကလေးကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။

လိုအပ်လာရင် အာဟာရဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေး သောက်သင့်သောက်ပါ။ အစာအာဟာရကနေ ဗီတာမင်နဲ့ သတ္တုဓာတ် တွေ လုံလောက်အောင် ရနိုင်ပါ့မလား ဆိုတာ သိဖို့ အရေးကြီးပါတယ်။ မိခင် ကျန်းမာမှ နို့စို့ကလေးက ကျန်းမာဖွံ့ဖြိုးနိုင်မှာပါ။

ဆံကေသာအလှကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေ ပြောပြပြီးပြီဆိုတော့ မေမေတို့ ဆံပင်တွေ ကျွတ်လို့ စိတ်ဆင်းရဲမနေနဲ့တော့နော်။ အကောင်းဆုံး အကြံပြုချင်တာက မေမေတို့ စိတ်ရှည်ပါ။ ဒါက သဘာဝပါပဲ။ အချိန်တစ်ခုရောက်ရင် မေမေတို့ ဆံပင်တွေ အရင်လိုပဲ ပြန်လည်သန်စွမ်းလာမှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/08/2022 ဖြစ်ပါသည်။