မိခင်နို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကိုမြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် ကလေးငယ်လေးတွေကို မဖြစ်မနေ မိခင်နို့တိုက်ကျွေးသင့်ပါတယ်။ ဒီအချက်ကပဲ မိခင်လောင်းအသစ်စက်စက်တွေကို အာဟာရပြည့်ဝတဲ့ နို့ရည်ရရှိစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ပိုစိတ်ဝင်စားစေတာပါ။
ဒီဆောင်းပါးလေးထဲမှာ မိခင်အနေနဲ့ အာဟာရပြည့်ဝပြီးနို့ထွက်များအောင် ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုပြောပြပေးထားပါတယ်။
အာဟာရပြည့်ဝတဲ့ နို့ရည်ထွက်ရှိအောင် ဘာတွေစားမလဲ
ဘာလီ (Barley)
International Board Certified Lactation Consultant တစ်ဦးဖြစ်တဲ့ အာဟာရဗေဒဆိုင်ရာကျွမ်းကျင်သူ Alicia C. Simpson ကတော့ ဘာလီစေ့မှာ prolactin လို့ခေါ်တဲ့ နို့ရည်ထွက်ရှိစေတဲ့ဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်တဲ့ beta-glucan ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးပါ၊လို့ပြောကြားထားပါတယ်။
ဘာလီက မိခင်နို့ကို အာဟာရပြည့်ဝစေရုံသာမက မိခင်ရဲ့ ခန္ဓာကိုယ် ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
အုတ်ဂျုံ
ဘာလီပြီးရင်တော့ ဒုတိယမြောက်beta-glucan ပါဝင်မှုအများဆုံးအစားအသောက်က အုတ်ဂျုံပါ။ အုတ်ဂျုံက မိခင်နို့ရည်ထွက်ရှိမှုကို တိုးစေနိုင်တယ်၊လို့ လူသိများတဲ့ အစားအစာတစ်ခုပါ။ အုတ်ဂျုံမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကယ်လ်လိုရီနဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် မိခင်ရဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်နိုင်တဲ့ ဆီးချိုဝေဒနာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
အုတ်ဂျုံအပြင် ဆန်လုံးညိုစားသုံးပေးတာကလည်း မိခင်နို့ရည်ထွက်ရှိမှုကိုကောင်းမွန်စေပါတယ်။
သင်္ဘောသီးစိမ်း
နို့တိုက်မိခင်တွေအနေနဲ့ နို့ထွက်များစေဖို့ သင်္ဘောသီးစိမ်းကို စားသုံးပေးလို့ရတယ်လို့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရသိရပါတယ်။ အာရှနိုင်ငံ အများစုမှာ မိခင်နို့ထွက်များစေဖို့အတွက် လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက သင်္ဘောသီးစိမ်းကို စားသုံးခဲ့ကြပါတယ်။ သင်္ဘောသီးစိမ်းက သဘာဝစိတ်ငြိမ်ဆေးတစ်မျိုးဖြစ်ပြီး မိခင်တွေကိုပိုမို အနားရစေနိုင်ပြီး ကလေးကိုနို့ပိုမိုတိုက်ကျွေးစေနိုင်ပါတယ်။
ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်မှာ သံဓာတ်၊ကယ်လ်စီယမ် နဲ့ ဖောလစ်အက်ဆစ်အပါအဝင် သတ္တုဓါတ်များစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက မိခင်တွေကို မီးဖွားပြီးချိန်နဲ့ကလေးနို့တိုက်နေချိန်ကာလအတွင်းမှာ သွေးအားနည်းတာမျိုးဖြစ်နေရင်တောင် အားပြန်လည်ပြည့်ဝအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်မှာပါတဲ့ ဓာတုပစ္စည်းတွေက မိခင်တွေမှာ ရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ဒီအရွက်တွေကို အများကြီးစားရင် ကလေးမှာ ဝမ်းသွားတာမျိုးဖြစ်နိုင်တာကြောင့် အလွန်အကျွံမစားမိဖို့တော့ သတိပြုသင့်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ မိခင်နို့ထွက်မှုကို တိုးစေနိုင်တဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေတယ်လို့ တော်တော်များများသိထားပြီးဖြစ်မှာပါ။ နို့ထွက်များစေရုံတင်မကပါဘူး၊ ကြက်သွန်ဖြူစားသုံးပေးတာက ကင်ဆာရောဂါတော်တော်များများကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
အခွံမာသီးနဲ့အစေ့အဆန်များ
ဒီအစားအစာတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ရှိမှုကိုတိုးစေပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေအများအပြားပါဝင်နေပြီး နို့ရည်ထွက်ရှိမှုကို များစေနိုင်သလို နို့ရည်မှာ အာဟာရပါဝင်မှုကိုလည်း တိုးစေနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။ အခွံမာသီးတွေနဲ့ အစေ့အဆန်မှာပါတဲ့ omega – 3 fatty acid လိုမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေက မိခင်ရဲ့ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေနိုင်သလို မှတ်မိနိုင်စွမ်းကို တိုးတက်စေတဲ့အပြင် အဆစ်တွေလှုပ်ရှားမှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ ဒါတွေအပြင်ဟော်မုန်းတွေကို ထိန်းညှိရာမှာ အထောက်အကူပြုနိုင်တာကြောင့် ကလေးမွေးဖွားပြီးနောက်ဖြစ်တတ်တဲ့ စိတ်ကျရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
အခွံမာသီးတွေနဲ့ အစေ့အဆန်တွေထဲမှာမှ အမြင်သားဆုံးပြောပြရရင် နှမ်းကြတ်စေ့ပါ။ နှမ်းကြတ်စေ့မှာ omega – 3 ကြွယ်ဝစွာပါဝင်နေပါတယ်။
နို့ထွက်မှုကိုတိုးစေနိုင်တဲ့ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေက
- အယ်လ်မွန်စေ့
- နှမ်းကြတ်စေ့
- ပဲနံ့သာစေ့
- နှမ်း
- ဘိန်းစေ့
- ကရဝေးစေ့
- စမုန်စပါးစေ့
- နံနံစေ့
မိခင်နို့ထွက်မှုကိုတိုးစေနိုင်တဲ့ အခြားအစားအစာတွေက
- စမြိတ်ပင်
- မုန်လာဥနီ
- ဒန့်ဒလွန်သီး
- တရုတ်ဇီးသီး
- ကညွတ်
- နိုကိုဥ
- ဘူးသီး
- ကန်စွန်းဥ
နို့ထွက်များစေနိုင်တဲ့သောက်စရာတွေက
- နွားနို့
- ရေနဲ့ ဖျော်ရည်တွေ
- နို့တိုက်မိခင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အားဖြည့်နို့သောက်စရာများ
နို့တိုက်မိခင်တွေစားသုံးပေးသင့်တဲ့ တိရစ္ဆာန်ကနေရရှိနိုင်တဲ့ ပရိုတင်းဓာတ်တွေက
- ဝက်သား
- အသည်း
- ထရောက်ငါး
- အန္တာလန်တိတ် ဆယ်လ်မွန်ငါး စတာတွေပဲ ဖြစ်ပါတယ်။
[embed-health-tool-ovulation]

















