မေမေတွေက ကိုယ်ဝန် ရှိတာကို သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် အရက်သောက်တဲ့အခါ Fetal alcohol syndromeလို့ ခေါ်တဲ့ပြဿနာပေါ်လာပါတယ်။ ကိုယ်ဝန် ဆောင်မေမေ တွေအတွက် စိတ်ချလက်ချသောက်လို့ရတဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အရက်အပါအဝင် ဝိုင်နဲ့ ဘီယာကို ကိုယ်ဝန် ဆောင်မေမေ သောက်မိတာနဲ့ ကလေးမှာ fetal alcohol syndromeဖြစ်ဖို့အလားအလာရှိပါတယ်။ အရက်က သင့်ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ သင်ကြားရေးကို ထိခိုက်စေပါတယ်။ ပိုဆိုးတာက ဒါတွေက သေရာပါစွဲပြီး ပြန်ကောင်းလာနိုင်ချေမရှိပါဘူး။
ဖြစ်ရတဲ့အကြောင်းရင်း
ကိုယ်ဝန် ဆောင်နေတဲ့အချိန်မှာ အရက်သောက်မိရင်
- အရက်က သင့်သွေးထဲကနေ တစ်ဆင့် အချင်းကို ဖြတ်ပြီး ကလေးဆီကို ရောက်ပါတယ်။
- ကလေးရဲ့ကိုယ်က အရက်ကိုမချေဖြတ်နိုင်သေးတဲ့အတွက် အမေ့ရဲ့ သွေးထဲမှာ အရက်မရှိတော့ရင်တောင် ကလေးရဲ့ ကိုယ်ထဲမှာ အကြာကြီးရှိနေဦးမှာပါ။
- အရက်က ကလေးဆီကို အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ အာဟာရတွေ မရောက်အောင် တားဆီးပစ်ပါတယ်။
- အမေ့ဗိုက်ထဲမှာ အရက်နဲ့ ထိတွေ့မှုရှိတဲ့ ကလေးတွေက ကိုယ်အင်္ဂါအစိတ်အပိုင်းပျက်စီးမှုပိုများပြီး ဦးနှောက်ထိခိုက်တာဖြစ်တတ်ပါတယ်။
လက္ခဏာများ
မွေးလာတဲ့ကလေးက fetal alcohol syndromeရှိမရှိကို အောက်ကအချက်တွေကိုကြည့်ပြီး သိနိုင်ပါတယ်။ ခံစားရပုံခြင်းက ကလေးတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု
- ပုံပန်းမကျတဲ့မျက်နှာ (ဥပမာ မျက်ပေါက်ကျဉ်းကျဉ်း၊ နှာခေါင်းလန်လန်၊ အပေါ်နှုတ်ခမ်းပါးပါး၊ နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းကြားမှာ နေရာဟနေတာ)
- အရိုးအဆစ်တွေ ပုံပျက်နေတာ
- မွေးတုန်းကလည်း ပေါင်မပြည့်ဘူး။ မွေးပြီးတော့လည်း ထွားတာနှေးတယ်။
- အမြင်၊ အကြားဆိုင်ရာ ပြဿနာတွေရှိမယ်။
- ဦးခေါင်းသေးပြီး ဦးနှောက်ကျုံ့တာ
- မွေးရာပါနှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အရိုးရောဂါတွေဖြစ်တတ်တာ
ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းထိခိုက်မှု
- ဟန်ချက်မထိန်းနိုင်တာ
- ကလေးဘဝမှာ ဖွံ့ဖြိုးမှုနောက်ကျတာ၊ ဉာဏ်ရည်မမီတာ၊ စာသင်လို့မရတာ
- မှတ်ဉာဏ်မကောင်းတာ
- အာရုံစိုက်လို့မရတာ
- ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းမရှိတာ
- ကိုယ်လုပ်လိုက်တာရဲ့ နောက်ဆက်တွဲကို မစဉ်းစားတတ်တာ
- ဂနာမငြိမ်ဖြစ်တာ
- စိတ်အပြောင်းအလဲမြန်တာ
အပြုအမူပိုင်းဆိုင်ရာထိခိုက်မှု
- ကျောင်းစာမလိုက်နိုင်တာ
- သူများနဲ့ လိုက်ရောညီထွေမနေတတ်တာ
- ဆက်ဆံရေးမကောင်းတာ
- အလုပ်တစ်ခုက တစ်ခုကို ပြောင်းလုပ်ရင် အခက်အခဲရှိတာ
- စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတာ
နောက်ဆက်တွဲပြဿနာများ
Fetal alcohol syndromeနဲ့ မွေးလာတဲ့ ကလေးတွေက နောက်ပိုင်းကျရင်
- ADHDလို့ခေါ်တဲ့ အာရုံစူးစိုက်မှုအားနည်းပြီး ဂနာမငြိမ်တာ
- စိတ်တိုစိတ်ဆတ်လွယ်ပြီး မလုပ်သင့်တဲ့ ကိစ္စတွေလုပ်တာ
- အရက်စွဲ၊ ဆေးစွဲတာ
- စိတ်ကျရောဂါဖြစ်တာ
- ကျောင်းမှာစာမလိုက်နိုင်တာ
- အလုပ်လုပ်ဖို့၊ တစ်ယောက်တည်းနေဖို့ အခက်အခဲရှိတာ
- လိင်ပိုင်းဆိုင်ရာမှာ မသင့်တော်တဲ့ အပြုအမူရှိတာ
- ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေရှိလို့ မတော်တဆဖြစ်လွယ်တာ၊ အပြုအမူပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် သူများနဲ့ ရန်ဖြစ်တာ၊ ကိုယ့်ကိုယ်ကို သတ်သေနိုင်တာ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ကာကွယ်နည်း
တကယ်တော့ fetal alcohol syndromeဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါပါ။ အမေသာ အရက်မသောက်ရင် ရာနှုန်းပြည့်ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ အရက်များများသောက်လေလေ ကလေးကို ထိခိုက်နိုင်ခြေပိုများလေပါ။ ဒါ့ပြင် ကိုယ်ဝန် ဆောင်ချိန်မှာ စိတ်ချလက်ချ သောက်လို့ရတဲ့ အရက်ပမာဏနဲ့ သောက်လို့ရတဲ့အချိန်ဆိုတာ မရှိပါဘူး။ လုံးဝမသောက်တာက စိတ်အချရဆုံးပါ။ ခုလက်ရှိသောက်လက်စဖြစ်နေတယ်ဆိုရင်လည်း ဖြတ်လိုက်ပါ။ အရက်ဖြတ်ဖို့ သင့်တော်တဲ့အချိန်ဆိုတာ ခုလက်ရှိအချိန်ပါပဲ။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေက တောက်လျှောက်ဖွံ့ဖြိုးနေတာမို့လို့ ခုရပ်လိုက်တာနဲ့ နောက်ပိုင်းဆက်ဖွံ့ဖြိုးမယ့် ကိုယ်တွင်းအစိတ်အပိုင်းတွေကို မထိခိုက်နိုင်တော့ပါဘူး။ fetal alcohol syndromeကို ကာကွယ်ဖို့ဆိုရင်
- ကိုယ်ဝန်ရှိနေရင်၊ ကိုယ်ဝန်ရှိတယ်လို့ထင်ရင်၊ ကိုယ်ဝန်ယူဖို့ စီစဉ်နေရင် အရက်မသောက်ပါနဲ့။ အကြောင်းက တချို့အမျိုးသမီးတွေက ကိုယ်ဝန်ပတ် ၄ပတ်ကနေ ၆ပတ်လောက်ထိ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိမှန်းမသိကြလို့ပါ။
- ကိုယ်ဝန်ယူတော့မယ် ဒါမှမဟုတ် ကိုယ်ဝန်ရှိနေပြီ။ ဒါပေမယ့် ကိုယ်ကလည်းအရက်စွဲနေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အရက်ဖြတ်ပါ။ အရက်ဖြတ်လို့မပြီးမချင်း ကိုယ်ဝန်မယူပါနဲ့။
- ကိုယ်ဝန်ဆောင် စဉ်တစ်လျှောက်လုံး အရက်နဲ့ ကင်းကင်းနေပါ။
- သင်က အကာအကွယ်မပါဘဲ လိင်ဆက်ဆံတတ်တယ်။ ကိုယ်ဝန်လည်း မတားထားဘူးဆိုရင် အရက်မသောက်ပါနဲ့။ ကိုယ်ဝန်အများစုက မမျှော်လင့်ဘဲ ရတတ်လို့ ကိုယ်က မသိလိုက်ဘဲ အရက်သောက်နေမိရင် မွေးလာတဲ့ ကလေးမှာ ချို့ယွင်းချက်ပါနိုင်လို့ပါ။
[embed-health-tool-pregnancy-weight-gain]

















