brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရေထဲမှာ ကလေးမွေး ခြင်း (Water birth)

ခုခေတ်က တိုးတက်နေပြီဆိုတော့ ကလေးမွေး တာတောင် ရိုးရိုးမွေးခွဲမွေးတာ အပြင် ရေထဲမှာ ကလေးမွေး တာတဲ့။ ယူကျူ့တို့ ဖေ့စ်ဘွတ်တို့မှာ တွေ့ရင် တွေ့ဖူးကြမှာပါ။ လေထိုးကန်ထဲမှာ ရေဖြည့်ထားပြီး ကလေးမွေးဖို့ ပြင်တာမျိုးပေါ့။ မြန်မာနိုင်ငံမှာ သိသလောက် ပြောရရင် water birth မရသေးပါဘူး။ ဒါပေမယ့် ခုက အဆင့်မြင့်လာပြီဆိုတော့ နိုင်ငံခြားသွားပြီး ကလေးမွေးမယ့် မေမေတွေအတွက် ဗဟုသုတရအောင် ပြောပြပေးလိုက်ပါတယ်။

ရေထဲမှာ ကလေးမွေး ခြင်း (Water birth)

ရေထဲမှာ ကလေးမွေး တယ်ဆိုတာ

လေထိုးကန်လိုမျိုး ကန်ထဲကို ရေနွေးနွေးလေးထည့်ပြီး မွေးတာပါ။ မွေးတယ်ဆိုပေမယ့် ကလေးထွက်တဲ့အထိ ကန်ထဲမှာ နေတာ ရှားပါတယ်။ သားအိမ်ဝကောင်းကောင်းပွင့်ပြီဆိုတာနဲ့ အရင်ပုံစံအတိုင်း ပြန်မွေးကြတာပါ။ ရိုးရိုးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ်ပေါ့။

ဘာဖြစ်လို့ ရေထဲမှာ ကလေးမွေး ကြတာလဲ။

ရေထဲမှာ မွေးတာက

  • အနာသက်သာတယ်။
  • ထုံဆေး၊ မေ့ဆေးပေးရ သက်သာတယ်။
  • မြန်မြန်မွေးတယ်။
  • မွေးလမ်းကြောင်းပြဲတာ သက်သာတယ်။ ဘာလို့လဲဆိုတော့ ရေနွေးနွေးလေးထဲစိမ်နေတော့ ကြွက်သားတွေ ပျော့ပျောင်းပြီး သားအိမ်အလွယ်တကူပွင့်တယ်။
  • သားအိမ်ကိုလည်း သွေးများများရောက်တယ်။
  • ရေထဲမှာ ကူးနေတဲ့အတွက် စိတ်ဖိစီးမှုလည်း သက်သာတယ်လို့ ပြောကြပါတယ်။

ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်လဲ။

ရေထဲမှာ ကလေးမွေးတာက ဆိုးကျိုးအနည်းငယ်တော့ ရှိပါတယ်။ ဥပမာ ပြောရရင်

  • ရေမသန့်ရင် အမေဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ပိုးဝင်နိုင်တာ
  • ချက်ကြိုးကျွံတာ
  • ကလေးရဲ့ ကိုယ်အပူချိန် နည်းလွန်းတာ၊ များလွန်းတာ
  • မတော်တဆ ရေထဲမှာ အသက်ရှူလိုက်ပြီး ရေမွန်းတာ
  • အသက်မရှူနိုင်တာ၊ တက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

ဒါတွေကြောင့် ကလေးကို ရေထဲမှာ ပြီးတဲ့အထိ မမွေးခိုင်းဘဲ သားအိမ်ပွင့်တာနဲ့ ပုံမှန်အတိုင်း မွေးခိုင်းတာပါ။

ဘယ်လိုလူတွေ မမွေးသင့်ဘူးလဲ။

American College of Obstetricians and Gynecologistsက အကြံပြုတာတော့ ရေထဲမှာ မွေးမယ်ဆိုရင် အောက်ကအချက်တွေနဲ့ ကိုက်ညီဖို့လိုပါတယ်။

  • ကိုယ်ဝန်ပတ် ၃၇ပတ်ကနေ ၄၁ပတ်၊ ၆ရက်ကြား ဖြစ်ရမယ်။
  • အန္တရာယ်မရှိတဲ့ ကိုယ်ဝန်ဖြစ်ရမယ်။
  • ရေမြွာရည်ကြည်ရမယ်။
  • ကလေး အနေအထားမှန်ရမယ်။
  • အမြွာကိုယ်ဝန် မဖြစ်ရဘူး။

မမွေးသင့်တဲ့ သူတွေကတော့

  • အသက် ၁၇နှစ်အောက် ဒါမှမဟုတ် ၃၅နှစ်အထက်
  • ကိုယ်ဝန်ဆိပ်တက်နေတာ၊ ဆီးချိုရှိတာ
  • အမြွာကိုယ်ဝန်ဆောင်ထားတာ
  • အရင်က နှစ်ခေါက်နဲ့အထက် ဗိုက်ခွဲမွေးဖူးတာ
  • ကလေးအနေအထား မမှန်တာ (ဥပမာ ဆုံပိုင်း)
  • လမစေ့တဲ့ ကိုယ်ဝန်ဆိုရင်
  • ကလေးက ကိုယ်အလေးချိန်များပြီး ကြီးနေရင်
  • မွေးနေတဲ့အချိန်မှာ ကိုယ်ဝန်ကို တောက်လျှောက်ကြည့်နေဖို့ လိုပြီး ရေထဲမှာ ကိုယ်ဝန်ကို ကြည့်ဖို့ အဆင်မပြေတဲ့အခါ (ဥပမာ ကလေးရဲ့ နှလုံးခုန်နှုန်းကို ဆက်တိုက်ကြည့်ဖို့ လိုတဲ့အခါမျိုး)
  • အမေက ဖျားနေတာ၊ အရေပြားမှာ ပိုးဝင်နေတာ
  • မိန်းမကိုယ်ကနေ သွေးဆင်းများနေတာဆိုရင်တော့ မမွေးသင့်ပါဘူး။

ခေတ်မီလာတဲ့ ဆေးပညာအရ ကလေးမွေးတာကို သက်သာအောင် အမျိုးမျိုး ပြုလုပ်လာကြပါပြီ။ ရေထဲမှာ ကလေးမွေး တာက ကလေးအတွက်တော့ ထူးထူးခြားခြား ကောင်းကျိုးမရှိပါဘူး။ အမေအတွက်တော့ နာတာတွေ၊ စိတ်ဖိစီးတာတွေ လျော့ပြီး မြန်မြန်မွေးနိုင်အောင် ကူညီပေးပါတယ်။ ဒီနည်းနဲ့ မွေးဖို့ စဉ်းစားထားတယ်ဆိုရင် မမွေးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Htet Htet Zaw Win · 08/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။