brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗိုက်အနာမခံဘဲ မီးဖွားလို့ရလား။ ။

မီးဖွားချိန် မိန်းမသားတိုင်း ခံစားရတဲ့ အနာဟာ ဓမ္မတာ လာချိန်ကိုက်ခဲတဲ့ ဝေဒနာ ထက် အဆ ၂၀ ပိုပြင်းထန်ပါတယ်။ ဒီလို ရိုးရိုးမီးဖွားချိန် နာတဲ့ အနာကို လူတိုင်း ကြောက်ကြလို့ ခွဲမွေးတာ ခုနောက်ပိုင်း ခေတ်စားလာတာပါ။ ဒါပေမယ့် ခွဲမွေးတယ်ဆိုတာ မီးဖွားချင်လို့ နာတဲ့အနာကိုသာ ကျော်လွှားနိုင်ပေမယ့် နောက်ပိုင်း ဖြစ်လာမယ့် ဆိုးကျိုးတွေ တစ်ပုံကြီးပါ။ ဒီတော့ ရိုးရိုးပဲမွေးမယ် ဗိုက်အနာမခံဘဲ မွေးလို့ရတဲ့ နည်းတွေ များရှိမလား။

ဗိုက်အနာမခံဘဲ မီးဖွားလို့ရလား။ ။

ခုလို တိုးတက်လာပြီး ဘာမဆို ဖြစ်နိုင်တဲ့ ခေတ်ကြီးထဲမှာ ဗိုက်မနာဘဲ မီးဖွားလို့ရတဲ့ နည်းတွေလည်း ရှိနေတယ်ဆို အရမ်းများ အံ့သြသွားမလား။

ဗိုက်အနာမခံဘဲ မီးဖွားစေနိုင်တဲ့ နည်းလမ်းတွေ

ဆေးပညာနဲ့ မဆိုင်တဲ့ နည်းလမ်းများ

  • Hypnosis ( အိပ်မွေ့ချနည်းပညာ)
  • Hydrotherapy ( ရေထဲတွင် မီးဖွားခြင်း)
  • ဒီ နည်းလမ်းတွေက မီးဖွားချိန် ဗိုက်နာခြင်းကို သက်သာစေတယ်ဆိုပေမယ့် အရမ်းကြီး တွင်ကျယ်စွာ အသုံးပြုတဲ့ နည်းလမ်းတွေတော့မဟုတ်ပါဘူး။ ၁၀၀ ရာခိုင်နှုန်း အာမခံထားတဲ့ နည်းလမ်းတွေလည်း မဟုတ်ပါဘူး။

    ဆေးပညာဆိုင်ရာ နည်းလမ်းများ

    ဆေးပညာဆိုင်ရာဆိုတော့ မီးဖွားချိန် ဗိုက်မနာအောင်ကူညီပေးတဲ့ ဆေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အပေါ်က နည်းတွေထက်စာရင် ဒီနည်းတွေက ပိုပြီး အာမခံချက်ရှိတဲ့အတွက် အနောက်တိုင်း နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။ ဘာနည်းတွေလဲ ဆိုတာ စိတ်ဝင်စားနေကြပြီလား။ ဆက်ကြည့်ရအောင်။

    ( ၁ ) Entonox Inhalation

    ဒါက 50 percent nitrous oxide နဲ့ oxygen ပေါင်းထားတဲ့ ဓာတ်ငွေ့တစ်မျိုးကို ရှူရှိုက်ရတဲ့နည်းလမ်းပါ။ ဆေးရုံတွေမှာ သုံးတဲ့ အကြည်ရောင် နှာခေါင်းစည်းလေးကနေ လွှတ်ပေးတဲ့ ဓာတ်ငွေ့တွေကို သားအိမ်စညှစ်ပြီ ဗိုက်နာလာပြီ ဆိုတာနဲ့ ရှူရတာဖြစ်ပါတယ်။ ဒီနည်းက သားအိမ်ညှစ်နိုင်စွမ်း အမြင့်ဆုံးကို နာကျင်မှု အရမ်းမရှိဘဲ ပေးစွမ်းမှာ ဖြစ်ပါတယ်။

    ကောင်းကျိုး – လွယ်လွယ်ကူကူရနိုင်တဲ့အပြင် ကိုယ်ထဲမှာလည်း ကျန်မနေခဲ့လို့ ဘေးထွက်ဆိုးကျိုးတွေ မရှိစေပါဘူး။

    ဆိုးကျိုး – လူကို နုံးခွေစေတာ၊ ခေါင်းမူးစေတာနဲ့ ပျို့အန်ချင်တာမျိုးတွေကိုတော့ ဖြစ်စေပါတယ်။

    ( ၂ ) Opioid Injections

    ဒါကတော့ နာကျင်တာကို သက်သာစေတဲ့ ဆေးတစ်မျိုးထိုးပေးတာပဲ ဖြစ်ပါတယ်။ အသုံးအများဆုံး Opioid ဆေးကတော့ pethidine ပါ။ ပေါင်မှာ ထိုးသွင်းရပြီး အာနိသင်ရဖို့အတွက် ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်တောင့် စောင့်ရပါတယ်။

    ကောင်းကျိုး – နာကျင်မှု ဝေဒနာကို ၄နာရီကနေ ၆ နာရီကြာထိန်းထားပေးပါတယ်။

    ဆိုးကျိုး – Early labour လို့ခေါ်တဲ့ မီးစစချင်း ဖွားချင်တဲ့အချိန် ( သားအိမ်ခေါင်း ၅ စင်တီမီတာအထိ မကျယ်ခင် အချိန်) မှာပဲ ပေးလို့ရပါတယ်။ ကလေးထွက်ချိန်နဲ့ အရမ်းကပ်သွားတဲ့အခါ ကလေးကို နုန်းခွေစေတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

    ( ၃ ) Epidural Analgesia (EA)

    သူကတော့ ထုံဆေးတွေကို ခါးဆစ်ရိုးကနေထိုးသွင်းပြီး နာကျင်မှုကို ထိန်းပေးပါတယ်။ အသုံးများပြီး ယုံကြည်စိတ်အချရဆုံး၊ အထိရောက်ဆုံး နည်းတစ်ခုပါ။

    ကောင်းကျိုး – နာကျင်မှုဝေဒနာကို ကောင်းကောင်းထိန်းချုပ်ပေးပြီး သွေးပေါင်ကိုပါ ထိန်းညှိပေးပါတယ်။

    ဆိုးကျိုး – ထိုးထိုးချင်းမှာတော့ အောက်ပိုင်းထုံကျင်တာမျိုး ဖြစ်တတ်ပေမယ့် တဖြည်းဖြည်း ပြန်ပျောက်သွားမှာပါ။ ပျို့အန်ချင်တာမျိုးတွေ အဖြစ်များပေမယ့် ဆေးနဲ့ ထိန်းလို့ရပါတယ်။ တချို့အမျိုးသမီးတွေမှာဆို မီးဖွားပြီး ခေါင်းကိုက်တာမျိုး ဖြစ်ကျန်ခဲ့တတ်ပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။

    တချို့ Epidural Analgesia (EA) နည်းလမ်းနဲ့ပက်သက်ပြီး မှားနေတဲ့ အယူတချို့ကိုလည်း ပြောပြချင်ပါသေးတယ်။

    • Epidural Analgesia (EA) နည်းနဲ့ မီးဖွားပြီးရင် ခါးနာကျန်ခဲ့မယ်ဆိုတာ မှားပါတယ်။ တချို့ (EA) မထိုးဘဲ မီးဖွားပြီး ခါးနာတတ်တာတွေလည်း ရှိတာကြောင့် (EA) ကြောင့် ခါးနာတာ ကျိန်းသေဖြစ်ရတယ်ဆိုတာတော့ မရှိပါဘူး။
    • ကလေးရဲ့ နှလုံးခုန်နှုန်းအပေါ် သက်ရောက်မှုရှိတတ်တယ်ဆိုပေမယ့် ကလေးကို ထိခိုက်စေတယ်ဆိုတော့ မမှန်ပါဘူး။
    • ခါးဆစ်ရိုးထဲ ဆေးထိုးတာကြောင့် အကြောထိမိသွားရင် အောက်ပိုင်းသေသွားတတ်ဆိုတာ လူတစ်သန်းမှာ ၁ ယောက်လောက်ပဲ ဖြစ်တတ်တာကြောင့် အင်မတန်မှ ရှားတဲ့ အရာတစ်ခုပါ။

    ကဲ ခုလို တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကလေးမွေးတာတောင်မှ ဗိုက်အနာမခံဘဲ နဲ့ မီးဖွားလို့ရနေပြီဆိုတော့ သူ့ထက်ကောင်းတာ ရှိဦးမလားနော်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/06/2022 ဖြစ်ပါသည်။