brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မီးဖွားရခက်ပြီး မီးဖွားချိန်ကြာ တဲ့အခါ မိခင်နဲ့ကလေးမှာ ဘာတွေဖြစ်လာမလဲ။ ။

Prolonged Labour လို့ခေါ်တဲ့ မီးဖွားချိန် ကြာတဲ့ပြဿနာဟာ မီးဖွားခန်းထဲ ဝင်တဲ့ မိခင်တိုင်း စိုးရိမ်ကြတဲ့ပြဿနာတစ်ခုပါ။ မီးဖွားနေရင်း ကလေးက ဆက်ဆင်းမလာတာ၊ မိခင်က ဆက်မညှစ်နိုင်တော့တာတွေက မီးဖွားချိန်ကြာ တဲ့ ပြဿနာတွေပါ။ လူတိုင်းနီးပါးသိကြပါတယ်။ မီးဖွားတာ ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားရင် ကလေးရော မိခင်ရောကို ထိခိုက်နိုင်တယ်ဆိုတာ သိကြပေမယ့် ဘာတွေ ဘယ်လိုထိခိုက်သွားမလဲဆိုတာကိုတော့ သိတဲ့သူရှားမယ်လို့ထင်ပါတယ်။

မီးဖွားရခက်ပြီး မီးဖွားချိန်ကြာ တဲ့အခါ မိခင်နဲ့ကလေးမှာ ဘာတွေဖြစ်လာမလဲ။ ။

မီးဖွားချိန်ကြာနေပြီဆိုတဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ ။

ဒီအချက်က လူတိုင်းသိထားသင့်တဲ့အချက်ပါ။ မီးဖွားချိန်ကြာတဲ့ လက္ခဏာတွေကတော့ ခုပြောမယ့် အချက်ထဲက အနည်းဆုံး ၃ ချက်လောက်ပါရမှာပါ။

  • ဗိုက်နာတာ ၁၄-၂၀ နာရီလောက်ကြာနေပြီ
  • အမေကလည်း ဆက်မညှစ်နိုင်တော့ဘဲ နှုတ်ခမ်းတွေခြောက် အသက်ရှူမဝသလိုမျိုးတွေ ခံစားနေရလိမ့်မယ်
  • မွေးလမ်းကြောင်းထဲ ကလေးဆက်မဆင်းတော့လို့ တစ်ဆို့ဆို့ ဖြစ်နေရာကနေ ခါးတွေ အောက်ပိုင်းတွေ နာလာမယ်
  • အချိန်တွေကြာလာတာကြောင့် ကြွက်သားတွေ အားပျော့သွားပြီး ဗိုက်နာတာလည်း တဖြည်းဖြည်းလျော့လာမယ်
  • သားအိမ်ညှစ်အားကလည်း ပုံမှန် မဟုတ်တော့ဘဲ လာချင်ရင် အများကြီးလာ၊ မလာချင်ရင် လုံးဝငြိမ်နေတာ စတာတွေက မီးဖွားချိန်ကြာ နေရခြင်းရဲ့ လက္ခဏာတွေပါ။

မီးဖွားချိန်ကြာ နေတဲ့အခါ မိခင်ကိုရော ထွက်မလာသေးတဲ့ ရင်သွေးလေးကိုရော ဘယ်လိုတွေ ထိခိုက်နိုင်မလဲ။

ရင်သွေးလေး

  • မွေးကင်းစအချိန် ကလေးခေါင်းက ပျော့နေသေးတာကြောင့် မွေးလမ်းကြောင်းထဲညက်နေပြီး ခေါင်းမှာ သွေးယိုစိမ့်တာတွေဖြစ်နိုင်တယ်
  • ညှပ်ဆွဲမွေး၊ လေစုပ်မွေးရမယ့် အခြေအနေတွေ ပိုများလာပြီး ကလေးကို ထိခိုက်နိုင်တာတွေ ပိုလာမယ်
  • နောက်ပိုင်း ကလေးက ရေမြွာရေမွန်းပြီး သွေးဆိပ်သင့်တာတွေ ဖြစ်မယ်
  • မွေးလမ်းကြောင်းထဲမှာ ပိတ်မိချိန်ကြာလာလို့ ကလေးက အောက်ဆီဂျင်ကောင်းကောင်းမရတော့တာတွေဖြစ်ပြီး cerebral palsy နဲ့ hypoxic-ischemic encephalopathy(HIE)၊ မွေးလာတဲ့အချိန် အတက်ရောဂါတွေ ဖြစ်နိုင်ပါတယ်။

မိခင်

  • သားအိမ်တွင်းပိုးဝင်တာ
  • မွေးလမ်းကြောင်းစုတ်ပြဲတာ
  • မီးဖွားပြီးသွေးသွန်တာ
  • မီးတွင်းပိုးဝင် အဆိပ်သင့်တာတွေ ဖြစ်တတ်ပါတယ်။

ရေးသားသူ- Dr Thin Yadanar@Frances

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Hello Sayarwon Panel · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။