brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးမွေးပြီးနောက် သွေးသွန်ခြင်း

ကိုယ်ဝန်ဆောင်မိခင်များသည် ကလေးမွေးပြီးချိန်တွင် အချင်းကွာကျခြင်းကြောင့် သွေးသွန်နိုင်ချေရှိပါသည်။ ဗိုက်ခွဲမွေးသူများသည် ရိုးရိုးမွေးသူများထက်ပိုပြီး သွေးသွန်နိုင်ချေများပါသည်။

ကလေးမွေးပြီးနောက် သွေးသွန်ခြင်း

သို့သော် ကံကောင်းစွာဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် သာမန်ချိန်ထက် ကိုယ်ထဲရှိသွေးပမာဏသည် ၅၀ % မြင့်တက်လာခြင်းကြောင့် သွေးဆုံးရှုံးမှုကို အတန်သင့် ခံနိုင်ရည်ရှိစေပါသည်။

သို့သော် အချင်းအရှေ့ရောက်ခြင်း၊ အချင်းအပိုရှိသည့် ကိုယ်ဝန်ဆောင်များသည် သွေးသွန်နိုင်ချေများသည့်အတွက် အထူးကုသမှုများလိုအပ်ပါသည်။ ၆% သော အမျိုးသမီးများသည် ကလေးမွေးပြီးလျှင် သွေးသွန်နိုင်ချေရှိကြောင်းတွေ့ရသည်။

ကလေးမွေးပြီးနောက် သွေးသွန်ခြင်းကိုဖြစ်စေမည့် အကြောင်းတွေက ဘာတွေလဲ။

အချင်းကွာကျပြီးနောက် သွေးသွန်စေနိုင်သောအကြောင်းများမှာ

  • မွေးလမ်းကြောင်းပြဲသွားခြင်း
  • မိန်းမကိုယ်နှင့် စအိုတဝိုက်တွင် ပြဲသွားခြင်း
  • မွေးလမ်းကြောင်းချဲ့ရာတွင် လွန်သွားခြင်း
  • သားအိမ်ကွဲထွက်ခြင်း၊ သားအိမ်အတွင်းနှင့် အပြင် ပြောင်းပြန် ဖြစ်သွားခြင်း
  • သွေးမတိတ်ခြင်း တို့ဖြစ်ပါသည်။

(သွေးမတိတ်ခြင်းသည် မျိုးရိုးကြောင့်သော်လည်းကောင်း၊ ကိုယ်ဝန်ဆောင်နေချိန်တွင် အချင်းစောကွာခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် အသည်းကိုထိခိုက်စေသော HELLP ရောဂါစု စသည့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော နောက်ဆက်တွဲရောဂါများကြောင့်သော်လည်းကောင်းဖြစ်တတ်သည်။)

ကလေးမွေးပြီးနောက် သွေးသွန်ခြင်းကို ဘယ်လိုကုမလဲ။

ကလေးမွေးပြီးနောက် သွေးသွန်ခြင်းကို အဖြစ်များစေသောအကြောင်းမှာ သားအိမ်ကြွက်သားများ အလုပ်မလုပ်တော့ခြင်းကြောင့်ဖြစ်သည်။။ ထိုသို့ဖြစ်လာလျှင် သင့်သားအိမ်ညှစ်အားကောင်းစေရန် ဆရာဝန်က Oxytocin ဆေးကို အကြောထဲသို့ထိုးသွင်းလိမ့်မည်။

ဆီးအိမ်ထဲတွင် ဆီးမရှိစေရန် ဆီးချူပေးခြင်းဖြင့် သားအိမ်၏ညှစ်အားကို ကောင်းလာစေသည်။

အကယ်၍ အချင်းသည် ကွာကျမလာဘဲ သားအိမ်ထဲတွင် ကျန်နေပါက မိခင်ကိုမနာကျင်စေရန် ဆေးများသွင်းပြီး ဆရာဝန်က သားအိမ်ထဲသို့ လက်ထည့်ပြီး လက်ဖြင့် အချင်းကို ခွာရပါသည်။ ထိုသို့ပြုလုပ်လျှင် မိခင်ကို မွေးခန်းထဲမှ ခွဲစိတ်ခန်းထဲသို့ပြောင်းရွှေ့ရပါသည်။

အချင်းဖယ်ပြီးသည့်တိုင် သွေးသွန်နေသေးလျှင် Oxytocin ဆေးကို အကြောထဲသို့ထပ်သွင်းပြီး ဆရာဝန်က သားအိမ်ကို မိခင်၏ဝမ်းဗိုက်ပေါ်မှ နှိပ်ပေးရသည်။ အများစုတွင် သားအိမ်ညှစ်အားကောင်းလာချိန်တွင် သွေးတိတ်သွားတတ်ကြသည်။

လိုအပ်လျှင် ဆရာဝန်က လက်တစ်ဖက်ကို သားအိမ်ထဲထည့်ပြီး ကျန်လက်တစ်ဖက်ကို မိခင်၏ဝမ်းဗိုက်ပေါ်မှ နှိပ်ပေးရသည်။ ထိုသို့ပြုလုပ်လျှင်လည်း သွေးမြန်မြန်တိတ်စေပါသည်။

ထိုအချက်များကို လုပ်ဆောင်ပြီး သွေးမတိတ်သေးလျှင် မွေးလမ်းကြောင်းစုတ်ပြဲနေခြင်း၊ အချင်းအစအနများကျန်နေခြင်းရှိမရှိ စစ်ဆေးရမည်။ ထိုအချိန်တွင် လူနာ၏ အခြေအနေအပေါ်မူတည်ပြီး သွေးသွင်းရနိုင်ပါသည်။

သွေးမတိတ်တော့သည့်အဆုံးတွင် ခွဲခန်းထဲတွင် သားအိမ်ထုတ်ပစ်ခြင်းများပြုလုပ်ရနိုင်သော်လည်း ထိုသို့ဖြစ်ခြင်းသည် အလွန်ရှားပါးပါသည်။

သွေးတိတ်ပြီးသောအခါ…

မိခင်၏ သားအိမ်ကြွက်သားများ ကျုံ့အားကောင်းစေရန် အကြောဆေးများသွင်းခြင်း၊ နှင့် အခြားသော လိုအပ်သည့်ဆေးများကို ဆရာဝန်ကပေးပါသည်။ ထို့နောက်သွေးသွန်ခြင်းရှိမရှိစောင့်ကြည့်ရပါမည်။ မိခင်သည် အနားယူရမည်။

နလန်ထလာချိန် အနှေးအမြန်သည် မိခင်နှင့် ဆုံးရှုံးသွားသော သွေးပမာဏအပေါ်မူတည်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Hello Sayarwon · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။