ရာသီမလာတော့ဘူးလား။ သင့်ကိုယ်သင် ကိုယ်ဝန်ရှိနေပြီဟု သံသယဝင်နေပြီး ဘယ်လောက်မြန်မြန် အတည်ပြုနိုင်မလဲဟု သင်သိချင်နေပါလိမ့်မည်။ ကိုယ်ဝန်ဆောင်ခြင်း၏ အစောပိုင်းလက္ခဏာများကို သင်သတိထားကြည့်နိုင်သလို အိမ် သို့မဟုတ် ဆေးရုံး၌ ကိုယ်ဝန်စစ်ဆေးမှုလဲ ပြုလုပ်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်ခြင်း၏ အစောပိုင်းလက္ခဏာများ
ရာသီတစ်ကြိမ်မလာပြီးနောက် စစ်ဆေးမှုကို ပြုလုပ်နိုင်သော်လည်း သင်ကိုယ်ဝန်ရှိမရှိသိနိုင်သော အစောပိုင်းလက္ခဏာများကိုလဲ သတိထားကြည့်နိုင်ပါသည်။
မောပန်းလွယ်ခြင်း
သင် အလွန်အမင်း ပင်ပန်းနေသလို ခံစားရနိုင်သည်။ စွမ်းအား ကုန်ခမ်းသလို ခံစားရမည်။ ဘာမှလုပ်ချင် ကိုင်ချင်စိတ် ရှိမည်မဟုတ်ပါ။ အိပ်ဖို့အချိန် ပိုလိုပါလိမ့်မည်။
ရင်သားများအာခြင်း
သင့်ရင်သားများ အရင်ကထက်ပိုပြီး ပြည့်နသလိုလို လေးနေသလိုလို ခံစားရပါလိမ့်မည်။ သင့်သားမြတ်ခေါင်းအနီးတစ်ဝိုက်၏ ဧရိယ ပိုကြီးနေပါလိမ့်မည်။ ပရိုဂျက်စတီရုမ်းဟော်မုန်း သွေးထဲ၌ များလာခြင်းကြောင့် ထိုလက္ခဏာများ ပေါ်လာခြင်းဖြစ်သည်။
မနက်ခင်းပျို့အန်ခြင်း
သင်သည် ပျို့ခြင်း အန်ခြင်းတို့ကို ခံစားရနိုင်သည်။ ပရိုတင်းဓါတ်များသော အစားအစာများနှင့် ကိုယ်ဝန်ဆောင်များအတွက် ရေနွေးကြမ်းတို့သည် အထောက်အကူပြုနိုင်ပါသည်။
အနံ့ခံအာရုံကောင်းခြင်း
ကားစီးရသောအနံ့၊ ရေမွှေးနှင့် တစ်ချို့သော အစားစာအနံ့များသည် သင့်အား မအီမသာဖြစ်စေနိုင်ပါသည်။
ဘယ်အချိန်မှာ ကိုယ်ဝန်စစ်နိုင်မလဲ။
သင့်၌ကိုယ်ဝန်ရှိမရှိသိချင်နေပြီး စောင့်နေရသည်မှာလည်း စိတ်ဖိစီးမှုဖြစ်နေနိုင်သည်။ သင် အိမ်တွင်းသုံး ကိုယ်ဝန်စစ်ဆေးမှု ပြုလုပ်နိုင်ပါသည်။
ထိုစစ်ဆေးမှုများသည် ဟူးမန်းကိုရီရွန်းနစ်ဂိုနဒိုထရိုပင် (hCG) ဟုခေါ်သော ဟော်မုန်းအား ဆီးတွင်ပါမပါ စစ်ဆေးခြင်းဖြစ်သည်။ ထိုဟော်မုန်းသည် သင်ကိုယ်ဝန်ရှိမှ ပေါ်လာခြင်းဖြစ်သည်။
သင်ကိုယ်ဝန်ရှိလျှင် အချင်းမှ ထိုဟော်မုန်းကိုထုတ်ပေးပြီး အလျင်အမြန် များလာနိုင်ပါသည်။ ထိုစစ်ဆေးမှုသည် သားဥကြွေပြီးနောက် ၁၀ ရက်မှစ၍ သင့်ဆီးထဲ၌ hCG ဟော်မုန်းပါမပါ စစ်ဆေးနိုင်သည်။
စစ်ဆေးမှုရလဒ်သည် ညွှန်ကြားချက်အား သေချာလိုက်နာမှု ရှိမရှိနှင့် သင့်ခန္ဓါကိုယ်မှ hCG ဟော်မုန်း ထုတ်သည့်ပမာဏပေါ် မူတည်ပါသည်။ စောလျင်စွာစစ်မိလျှင် Negative ထွက်နိုင်၏။ ထို့သိုဆိုလျှင် ရက်အနည်းငယ်ခြားပြီး ထပ်စစ်နိုင်ပါသည်။
ရလဒ်အမှန်ပိုရနိုင်စေရန် မနက်ခင်းတွင် စစ်ဆေးပါ။ hCG လယ်ဗယ်သည် မနက်အစောပိုင်းတွင် မြင့်တက်ပါသည်။ ဆရာဝန်အကူအညီကိုလဲ ရယူနိုင်ပါသည်။ ဆရာဝန်မှ သွေးစစ်ဆေးမှုကိုပြုလုပ်ခိုင်းနိုင်၏။
သွေးစစ်ဆေးမှုရလဒ်သည် ဆီးစစ်သည်ထက် ပိုတိကျပါသည်။ သွေးစစ်ခြင်းကို သားဥကြွေပြီး ၆-၈ ရက်မှ စစစ်နိုင်မည်။ သွေးစစ်မှုနှစ်မျိုးရှိသည်။
- အရည်အတွက်ကိုစစ်သော သွေးစစ်ခြင်း (သို့ ဘီတာ hCG စစ်ခြင်း) – ထိုစစ်ဆေးမှုသည် သွေးထဲရှိ hCG ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။
- အရည်အသွေးကိုစစ်သော သွေးစစ်ခြင်း – ထိုစစ်ဆေးမှုသည် သွေးထဲ၌ hCG ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
သားဥကြွေပြီးနောက် ၁၀ ရက်ကြာလျှင် သင်ကိုယ်ဝန်ရှိမရှိ အိမ်မှာပင် စစ်ဆေးနိုင်ပါသည်။ သို့သော် ထိုစစ်ဆေးမှုများသည် အမြဲတမ်း တိကျမှန်ကန်သည်တော့ မဟုတ်ပါ။ ထို့ကြောင့် အတည်ပြုရန် ဆရာဝန်နှင့် ပြသသင့်ပါသည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။