Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

အိမ်ထောင်ရက်သားကျသွားပြီဖြစ်တဲ့လေဒီလေးတွေရဲ့ စိတ်ကူးက ကိုယ်နဲ့တူတဲ့ မီးမီးလေး၊ ချစ်ချစ်နဲ့တူတဲ့ သားသားလေးမွေးချင်တာပါ။ မိန်းကလေးတွေက မွေးရာပါ မိခင်စိတ်ပါလာကြသူတွေဖြစ်သလို ရင်သွေးလေးတွေကို အကောင်းဆုံးပျိုးထောင်ပေးချင်တဲ့ စိတ်ကူးရှိသူတွေပေါ့။ ဒါပေမယ့် ဒီစိတ်ကူးကလေဒီတိုင်းမပြည့်နိုင်ကြပါဘူး။လေဒီလေးတွေကို သားသားမီးမီးလေးတွေမွေးဖွားရာမှာ အခက်တွေ့စေနိုင်တဲ့ အခြေအနေလေးတစ်ရပ်အကြောင်း အခုတစ်ခေါက်ပြောပြပေးချင်ပါတယ်။ ဒါကတော့သားအိမ်ကရှိသင့်တဲ့ အရွယ်အစားထက်သေးနေတယ်။ သားသားမီးမီးလေးလိုချင်တယ်။ ရနိုင်ပါ့မလားဆိုတဲ့ ကိစ္စလေးပါ။
ဒါကတော့ မိန်းကလေးတစ်ယောက်ရှိသင့်တဲ့ သားအိမ်အရွယ်အစားထက်သေးနေတဲ့ သားအိမ်နဲ့မွေးဖွားလာတဲ့ အခြေအနေတစ်ရပ်ပါ။မွေးရာပါအခြေအနေတစ်ခုပေါ့။ သားအိမ်ကပြည့်ပြည့်ဝဝမဖွံ့ဖြိုးခဲ့တဲ့ အခြေအနေပါ။ သားအိမ်ကရှိသင့်တဲ့ အရွယ်အစားထက်တော်တော်လေးသေးနေတဲ့အနေအထားပါ။ ဒီအခြေအနေက အမြဲမွေးရာပါလို့တော့ ဆိုလို့မရပါဘူး။ အချို့မိန်းကလေးတွေမှာက အပျိုဖော်ဝင်ချိန်မှ ဒီအခြေအနေကိုကြုံတွေ့ရတာပါ။ prolactin ပမာဏမြင့်တက်မှုကြောင့် သားအိမ်အရွယ်အစားက ကြီးမလာတော့တာပါ။prolactin ဟော်မုန်းက ဦးနှောက်ထဲမှာရှိတဲ့ ပစ်ကျူထရီဂလင်းကနေ ထုတ်လွှတ်ပေးတာပါ။ အပျိုဖော်မဝင်ခင်မှာ ပစ်ကျူထရီဂလင်းက prolactin ဟော်မုန်းကို အလွန်အကျွံထုတ်လွှတ်ပေးတာကြောင့် သားအိမ်အပါအဝင် မျိုးပွားအင်္ဂါတွေရဲ့ ပုံမှန် ဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို အဟန့်အတားဖြစ်စေပါတယ်။
သားအိမ်ကရှိသင့်တဲ့ အရွယ်အစားထက်သေးနေမယ်ဆိုရင်
ဒီအခြေအနေက ငယ်ငယ်ကတည်းကမသိနိုင်ပါဘူး။ သားအိမ်အရွယ်အစားက ပုံမှန်ထက်သေးနေပေမယ့်လည်း မမျိုးပွားအင်္ဂါအပြင်ဘက်အနေအထားက ပုံမှန်အတိုင်းပဲရှိနေတတ်တာကြောင့်ပါ။ အပျိုဖော်ဝင်ချိန်ရောက်လာတဲ့အခါ ရာသီသွေးမဆင်းတော့မှ ဆရာဝန်ကိုပြသကြည့်ရင်း သိကြတာကများပါတယ်။
ဒီအခြေအနေက ကိုယ်ဝန်ရရှိဖို့တောင် ခက်ခဲတဲ့အနေအထားပါ။ ကိုယ်ဝန်ရရှိခဲ့ရင်လည်း သားအိမ်အရွယ်အစားက ပုံမှန်ထက်သေးနေတာကြောင့် သားအိမ်ထဲမှာ သန္ဓေသားကြီးထွာဖွံ့ဖြိုးဖို့က မဖြစ်နိုင်ပါဘူး။ ဒါဆိုအခြား ကလေးရရှိဖို့ ခက်ခဲတဲ့သူတွေလိုပဲ ဖန်ပြွန်သန္ဓေသားယူလို့ရမလားဆိုရင်တော့ စိတ်မကောင်းစွာနဲ့ ပြန်ဖြေပေးနိုင်မှာတစ်ခုကတော့ ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်မယ်ဆိုရင်တောင် ကိုယ်ဝန်မြဲဖို့ခက်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေက အရမ်းများနေတယ်ဆိုတာပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။