brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးရမရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

ကလေးမရခြင်းဟာ ကနေ့ခတ် လူအတော်များများရင်ဆိုင်နေရတဲ့ ပြဿနာတခုဖြစ်တဲ့အတွက် ဒီလိုစစ်ဆေးခြင်းဟာ သင်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အသေအချာသိရှိစေပြီး ဘယ်ပုံဘယ်နည်းဖြေရှင်းရမယ်ဆိုတာကို သိစေနိုင်ပါတယ်။

ကလေးရမရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ

တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ဘယ်အချိန်မှာ ပြသတိုင်ပင်သင့်သလဲ။

ကလေးယူဖို့ကြိုးစားနေတဲ့ စုံတွဲတွေဟာ ဒီကိစ္စမှာတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသဆွေးနွေးလေ့ရှိကြပါတယ်။ တကယ်လို့သင့်မှာမျိုးပွားအင်္ဂါပိုးဝင်တာ ဒါမှမဟုတ် Pelvic Inflammatory Disease ဖြစ်ဖူးရင်ဒါမှမဟုတ် DES မိခင်ဖြစ်နေခဲ့ရင် (DES မိခင်ဆိုတာသဘာဝအလျောက်မဟုတ်ဘဲ လူကဖန်တီးထုတ်လုပ်ထားသော estrogen(မဟော်မုန်းတမျိုး)ဖြစ်တဲ့ diethylstilbestrol ကို ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာသောက်နေခဲ့ရတဲ့ မိခင်တွေကိုဆိုလိုပါတယ်) သင့်အနေနဲ့ကလေးရမရသိရှိနိုင်ဖို့စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ in-vitro fertilization (IVF) ဒါမှမဟုတ် gamete intra-fallopian transfer (GIFT) တို့လို သဘာဝမဟုတ်တဲ့နည်းတွေနဲ့ကလေးရဖို့ကြိုးစားမယ်ဆိုရင်လည်း စစ်ဆေးမှုတွေကိုဦးစွာ ပြုလုပ်သင့်ပါတယ်။

ကလေးရနိုင်ခြင်းရှိမရှိကို စစ်ဆေးကြသူအများအပြားဟာ အောက်ပါအနေအထားတွေရှိတဲ့ အမျိုးသမီးတွေ ဖြစ်လေ့ရှိကြပါတယ်။

• ၁နှစ်လောက်ကြိုးစားပြီးတဲ့အထိကလေးမရသေးတဲ့အသက်၃၅နှစ်အောက်အမျိုးသမီးတွေ။

• ၆လလောက်ကြိုးစားပြီးတဲ့အထိကလေးမရသေးတဲ့အသက်၃၅နှစ်အထက်အမျိုးသမီးတွေ။

• အသက်၃၅နှစ်ကျော်တဲ့အထိကလေးမရနိုင်သေးတဲ့အမျိုးသမီးတွေ။

• ကိုယ်ဝန်သုံးခါနဲ့အထက်ပျက်ကျဖူးတဲ့အမျိုးသမီးတွေ။

• endometriosis ရောဂါကြောင့်ကုသမှုခံယူနေရသူတွေ။

• သားဥပြွန်မှာအမာရွတ်ရှိသူတွေဒါမှမဟုတ်ပိတ်ဆို့နေသူတွေ။

• သွေးမဆုံးသေးတဲ့ကင်ဆာရောဂါသည်အမျိုးသမီးတွေ။

• ရာသီမမှန်သူတွေ။

သုတ်ကောင်အရေအတွက်နည်းသူတွေ၊ သုတ်ကောင်လှုပ်ရှားမှု ဒါမှမဟုတ် သုတ်ကောင်ပုံစံမမှန်သူတွေနဲ့ ကပ္ပါယ်အိတ်ထဲကို ဝှေးစေ့ဆင်းမလာသူ အမျိုးသားတွေအနေနဲ့လည်း ကလေးရနိုင်ခြင်းရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်။

ကလေးရနိုင်ခြင်းရှိမရှိ စစ်ဆေးမှုပြုလုပ်တဲ့အခါ ဘာတွေကို စစ်ဆေးမှာလဲ။ ဘာတွေမေးမှာလဲ။

ပထမဆုံးအကြိမ် ဆရာဝန်နဲ့ တွေ့ဆုံတဲ့အခါသင့်ရဲ့ကျန်းမာရေးဆိုင်ရာ နောက်ကြောင်းရာဇဝင်နဲ့ဆိုင်တဲ့ မေးခွန်းအချို့ကို မေးမြန်းမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ –

• သင့်ရဲ့ဓမ္မတာစက်ဝန်းအကြောင်းပြောပြပါ။

• သင့်မိသားစုထဲမှာကလေးမရနိုင်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရသူတွေရှိလား။

• မျိုးအောင်ခြင်းကိုထိခိုက်စေနိုင်တဲ့ဆေးဝါးတွေသောက်နေရတာမျိုးရှိလား။

စုံတွဲရဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံကိုလည်း မေးမြန်းရပါလိမ့်မယ်။ ဒါမှသာ ဘယ်အရာတွေက ကလေးမရစေတာလဲဆိုတာ သိနိုင်မှာပါ။ တကယ်လို့ သင်တို့စုံတွဲဟာ ပူအိုက်တဲ့နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေ ဒါမှမဟုတ် အထိုင်များတဲ့သူတွေဆိုရင် ကလေးမရဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အထက်မှာပြောခဲ့တဲ့အခြေအနေတွေဟာ ဝှေးစေ့ရဲ့အပူချိန်ကို များစေလို့ပါပဲ။ ဓါတုဗေဒပစ္စည်းတွေ ဒါမှမဟုတ် ဓါတ်ရောင်ခြည်တွေနဲ့ အလုပ်လုပ်ရတာ၊ ဆေးလိပ်၊ အရက်သောက်တာ ဒါမှမဟုတ် မူးယစ်ဆေးသုံးတာတွေကြောင့်လည်း ကလေးမရတာမျိုး ဖြစ်လာနိုင်ပါတယ်။

ရောဂါရာဇဝင်ကို စစ်မေးပြီးတဲ့အခါ ကလေးရနိုင်ခြေကိုသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်အနေနဲ့စစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်ပါလိမ့်မယ်။ အမျိုးသမီးတွေအတွက် စစ်ဆေးရမှာတွေက ပိုများတယ်ဆိုပေမယ့် အများအားဖြင့်တော့ လင်မယားနှစ်ယောက်လုံးစစ်ဆေးမှုခံယူဖို့ ဆရာဝန်တွေကအကြံပေးလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ပြုလုပ်လေ့ရှိတဲ့ စစ်ဆေးမှုတွေက

အမျိုးသားတွေအတွက်

မျိုးအောင်နိုင်စွမ်းရှိမရှိကိုသိနိုင်ဖို့အတွက်အခြေခံကျတဲ့စစ်ဆေးမှုဖြစ်တဲ့သုတ်ရည်စစ်ဆေးခြင်း (semen analysis) ကို ပြုလုပ်ရပါမယ်။ ဒီစစ်ဆေးမှုမှာတော့သုတ်ရည်ကိုစစ်ဆေးပြီးသုတ်ပိုးတွေရဲ့အရည်အသွေးနဲ့ပမာဏအစရှိတာတွေကိုလေ့လာရပါတယ်။

အမျိုးသမီးတွေအတွက်

• သားအိမ်ခေါင်းချွဲမြှေးယူခြင်း (ချွဲမြှေးယူတာကိုတခါမှမပြုလုပ်ဖူးသေးသူတွေအတွက်)

• ဂျိုက်သိုးရောဂါအတွက်ခုခံအားရှိမရှိစစ်ဆေးခြင်း။ ကိုယ်ဝန်ပထမသုံးလပတ်မှာဂျိုက်သိုးရောဂါခံစားရမယ်ဆိုရင်ဗိုက်ထဲကကလေးမှာမွေးရာပါကိုယ်အင်္ဂါချို့တဲ့တာမျိုး ဖြစ်သွားနိုင်ပါတယ်။

• ရေကျောက်ပေါက်တာဟာလည်းအလားတူပြဿနာမျိုးကို ဖြစ်စေနိုင်တဲ့အတွက်ဒီရောဂါအတွက်ခုခံအားရှိမရှိကိုလည်းစစ်ဆေးရပါမယ်။

• လိင်ကတဆင့်ကူးစက်တဲ့ရောဂါတမျိုးဖြစ်ပြီးသားဥပြွန်တွေကိုလည်းပတ်ဆို့စေနိုင်တဲ့ကလာမိုင်းဒီးယားရောဂါရှိမရှိသိနိုင်ဖို့အတွက်ဆီးစစ်ရပါမယ်။

• သင်သားဥကြွေမကြွေသိနိုင်ဖို့အတွက်သွေးစစ်ရပါမယ်။

• တကယ်လို့သင်ဟာဓမ္မတာမမှန်ဖူးဆိုရင်ဟော်မုန်းပမာဏတွေမျှတမှုရှိမရှိသိနိုင်ဖို့အတွက်အခြားသောသွေးစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ရပါမယ်။

အမျိုးသားနဲ့အမျိုးသမီးနှစ်ဦးမှာ ဘယ်သူက ကလေးမရနိုင်တာမျိုး ပိုဖြစ်နိုင်သလဲလို့သင့်အနေနဲ့သိချင်နေတယ်ဆိုရင် ကလေးမရနိုင်တဲ့ စုံတွဲတွေရဲ့ သုံးပုံတစ်ပုံက အမျိုးသားတွေကြောင့် ဖြစ်ပြီး နောက်သုံးပုံတစ်ပုံက အမျိုးသမီးတွေကြောင့်ဖြစ်ကာ နောက်ဆုံးသုံးပုံတစ်ပုံကတော့ နှစ်ဦးလုံးကြောင့်ဖြစ်နိုင်သလို အကျိုးအကြောင်းကို ရှင်းရှင်းလင်းလင်းမသိရတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအနေအထားမျိုးတွေရှိနေတာမို့ သူ့ကြောင့်ငါ့ကြောင့် အပြစ်တွေတင်နေမယ့်အစား အတူတကွပူးပေါင်းအဖြေရှာပြီး ပြဿနာကိုဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/05/2022 ဖြစ်ပါသည်။