brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလားဆိုတာ သင့်အလေ့အကျင့်က လုပ်ယူပေးနိုင်လား

ဖန်ပြွန်သန္ဓေဆောင်ခြင်း၊ သုက်ပိုးထည့်သွင်း၍ ကိုယ်ဝန်ဆောင်စေခြင်းစတဲ့ ရှားရှားပါးပါး နည်းပညာအချို့အရ ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလားဆိုတာ ကံကြမ္မာအရပါပဲ။ ဒါပေမယ့် ကလေးရဲ့ ယောက်ျားလေးဖြစ်မလား၊ မိန်းကလေးဖြစ်မလား ဆိုတာအပေါ် လွှမ်းမိုးတဲ့ အချက်တွေ ရှိပါတယ်။ ဒါကို တိတိပပတော့ သက်သေမပြနိုင်ပေမယ့် ရိုးရှင်းတဲ့နည်းလမ်းတချို့ကို ကျင့်သုံးခြင်းဟာ သင့်ကို အကျိုးတော့မယုတ်စေပါဘူး။

ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလားဆိုတာ သင့်အလေ့အကျင့်က လုပ်ယူပေးနိုင်လား

စားသာက်မှုပုံစံ

ဗြိတိန်က သုတေသနတစ်ခုမှာ ပထမအကြိမ် ကိုယ်ဝန်ဆောင်သူ ၇၂၁ဦးကို သူတို့ရဲ့ ကိုယ်ဝန် မဆောင်မီနဲ့ ကိုယ်ဝန်ဆောင် ပထမ၃လအတွင်း စားသောက်မှုပုံစံတွေကို စာရင်းပြုစုခဲ့ပါတယ်။ ပုံမှန်စားနေကြ အစားအစာတွေအပြင် ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးမှုများကိုပါ မှတ်တမ်းတင်စေခဲ့ပါတယ်။

သုတေသီများဟာ အမျိုးသမီးများကို အုပ်စု၃စု ခွဲခြားပြီး စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ နဲ့အထက် စားသုံးသူ အမျိုးသမီးများဟာ ပုံမှန်ပမာဏ ၁၈၅၀ ခန့်သာ စားသုံးတဲ့ အမျိုးသမီးများထက် သားယောက်ျားလေး မွေးဖွားနိုင်ခြေ ၁၁% ပိုမို မြင့်မားပါတယ်။

‘’အမျိုးသမီးများ ပိုပြီးစားတဲ့အခါ ယောက်ျားလေး ကိုယ်ဝန်ပိုရနိုင်ခြေ ရှိပါတယ်’’ လို့ အောက်စဖို့ဒ် တက္ကသိုလ်မှ Dr. ဖီအိုနာက ဆိုပါတယ်။

‘’ဒီအချက်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မိန်းကလေးတွေ အနေနဲ့ ကယ်လိုရီနည်းတဲ့ အစာတွေကို ရွေးချယ်လာကြတာကြောင့် သားယောက်ျား မွေးဖွားနှုန်း ကျဆင်းလာတယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု ရှိပါတယ်’’သူမက ထပ်မံရှင်းပြပါတယ်။

ဒါပေမယ့် ဒီသုတေသနမှာ မိခင်ရဲ့ BMI ညွှန်ကိန်းနဲ့ မွေးကင်းစကလေးများရဲ့ ကျားမကွဲပြားမှုရဲ့ ဆက်စပ်မှု ရှိမရှိ ပြောမထားပါဘူး။

ဒီတွေ့ရှိချက်တွေအရ လူအများဟာ ယောက်ျားလေးလိုချင်လား၊ မိန်းကလေး လိုချင်လား ဆိုတာပေါ် မူတည်ပြီး စားသုံးမှုပုံစံတွေ ပြောင်းလဲလာကြပါတယ်။ ယေဘုယျအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ယောက်ျားလေးရလိုသူများ စားသုံးမှုပုံစံ။ ဒီစားသုံးမှုမှာ ကယ်လိုရီမြင့်တဲ့ အစားအစာတွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်နဲ့ ဆားများတဲ့ အစာတွေဖြစ်တဲ့ အစေ့အနှံ၊ ငှက်ပျောသီး၊ အသား၊ ကော်ဖီ စတာတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာကို တတ်နိုင်သလောက် အယ်လ်ကာလိုင်းဓာတ်များ ရရှိစေပြီး ယောက်ျားလေးသုတ်ပိုးများ ရှင်သန်နိုင်ခွင့် ပိုမိုများစေဖို့ ဖြစ်ပါတယ်။

– မိန်းကလေး ရလိုသူများ စားသောက်မှုပုံစံ။ မိန်းကလေး ကိုယ်ဝန်ရလိုရင် အထက်မှာ ပြောခဲ့တဲ့ အချက်တွေနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးချယ်စားသုံးဖို့ပါပဲ။ ကယ်လိုရီနည်းတဲ့ အစာတွေဟာ များသောအားဖြင့် အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေဖြစ်ပြီး နို့ထွက်ပစ္စည်းနဲ့ ဘယ်ရီသီးတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာရဲ့ အက်ဆစ်ဓါတ်ကို မြင့်တက်စေပြီး ယောက်ျားလေးသုက်ပိုးတွေ ရှင်သန်နိုင်မှု ခက်ခဲစေဖို့ပါပဲ။

ဒါပေမယ့် ဒီစားသောက်မှုပုံစံတွေဟာ ကိုယ်ဝန်မရခင် လအနည်းငယ်မှာပဲ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ ကျန်းမာရေးကောင်းမွန်ဖို့ အာဟာရဓာတ်မျှတဲ့ အစားအသောက်တွေ စားသုံးဖို့ လိုအပ်ပါတယ်။

Dr. Thant Zin
Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/10/2020 ဖြစ်ပါသည်။