30 ပတ် မှာတော့ ဂေါ်ဖီထုပ်အရွယ်လောက် ၁.၃ ကီလို ၄၀ စင်တီမီတာ ရှိနေပြီနော်။ ကလေးလေးက အဆီလွှာတွေ ပိုများလာပြီး အရေပြားတွန့်တာ နည်းသွားပါတယ်။ ဒီအဆီတွေက သူတို့လေးတွေကို နွေးထွေးစေပါတယ်။ ကလေးလေးက မေမေတွေ အသက်ရှူတာကို လိုက်ပြီး ရင်ဘတ်နဲ့ ဗိုက်ကိုကန့်ထားတဲ့ အကန့် လှုပ်သလိုမျိုး လိုက်လုပ်ပါတယ်။ တစ်ချိန်ထဲမှာ သူလေးကြို့ထိုးတာကို သားအိမ်ကျုံ့တာနဲ့ စည်းချက်မှန်မှန် ခံစားရမှာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ အကျွတ်မြန်လာပြီး ပိုပါးသွားတတ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ အထူးသဖြင့် အိပ်ရေးပျက်ရင် ပိုပင်ပန်းလာတတ်ပါတယ်။ ခန္ဓာကိုယ်လေးလံနေတာကြောင့် ပိုပြီးတော့ ကိုးယိုးကားယား ဖြစ်လာမှာပါ။ ပိုပြီးတော့ လေးလာမှာလည်း ဖြစ်သလို ဗိုက်မှာ အလေးပိုများလာလို့ ဗဟိုချက်ကိုပြောင်းပြီး ခါးကော့လန်နေမှာပါ။
ဟော်မုန်းအပြောင်းအလဲကြောင့် အရွတ်တွေ ပြေလျော့လာတဲ့အတွက် အဆစ်တွေမခိုင်တော့ ဟန်ချက်ထိန်းရပိုခက်လာပါတယ်။ ဒီအရွတ်တွေ ပြေလျော့တာက ခြေထောက်ကို ကားစေတဲ့အတွက် သက်သောင့်သက်သာရှိအောင် ဖိနပ်ဆိုဒ်အသစ် ပြောင်းစီးတာပိုကောင်းပါတယ်။
စိတ်ခံစားချက်အပြောင်းအလဲကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များပါတယ်။ မသက်မသာဖြစ်စေတဲ့ လက္ခဏာတွေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်က ဘယ်ကြည်တော့မလဲလေနော်။
ဒီရက်ပိုင်း အသက်ရှူရကျပ်လာတတ်ပါတယ်။ အကြောင်းက ကလေးလေးအတွက် နေရာအလုံအလောက်ရအောင် သားအိမ်ကကြီးလာပြီး အဆုတ်လိုမျိုး တခြားအင်္ဂါတွေကို သွားဖိသလိုဖြစ်လို့ပါ။ ခဏခဏကို အသက်ရှူရကျပ်နေရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားတာကောင်းပါတယ်။
နောက်လကစပြီး ဆရာဝန်ဆီ မှန်မှန်သွားရတော့မယ်နော်။ ပထမ ၂ပတ်တစ်ကြိမ်သွားရာကနေ နောက်ပိုင်း ၁ပတ်တစ်ကြိမ်နဲ့ မွေးတဲ့အထိ သွားရမှာပါ။ ဒီလ စစ်ရမှာ သွေးပေါင်ချိန်နဲ့ ကိုယ်အလေးချိန်တိုင်းတာလည်း ပါပါတယ်။ ဆရာဝန်က တခြားဘာလက္ခဏာတွေ ဖြစ်သေးလဲဆိုတာတွေ၊ ကလေးလှုပ်ပုံလှုပ်နည်းတွေကိုပါ မေးပါလိမ့်မယ်။ ဘယ်ချိန်လှုပ်ပြီး ဘယ်ချိန်မလှုပ်ဘူးလဲ။ သားအိမ် အရွယ်အစားလည်း အရင်ကလို ဆက်စစ်ရဦးမယ်နော်။
အသက်ရှူကျပ်တာက ကလေးကို ဘာမှမဖြစ်စေပေမယ့် မေမေကတော့ နေရခက်တာပေါ့နော်။
အသက်ရှူရခက်တာကြောင့် ညဘက်တွေ အိပ်ရခက်နိုင်ပါတယ်။ ဆရာဝန်ကို မမေးဘဲ ဘာအိပ်ဆေးမှ မသောက်ရဘူးနော်။ ကိုယ်ဝန်ဆောင်တွေအတွက် အိပ်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်တာက အန္တရာယ်ရှိပါတယ်။ အိပ်မပျော်တာကို ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာဝန်က ပြောပြပါလိမ့်မယ်။
၃၁ ပတ်မြောက် ရောက်ရင် ဆက်တွေ့မယ်နော်။
ရေးသားသူ- Hmwe San Eain