ဆေးလိပ်သောက်ရင် ဘာတွေဖြစ်နိုင်သလဲ
ဆေးလိပ်သောက်ရင် ဘာတွေဖြစ်နိုင်သလဲ

ချက်ကြိုးဆိုတာသင့်ကလေးရဲ့ အဓိကအသက်ရှင်စေတဲ့ အရာပါ။ အဲဒီကနေ ဖြတ်သန်းစီးဆင်းတဲ့ သွေးတွေက သင့်ကလေးကို အောက်ဆီဂျင်နဲ့ ကြီးထွားဖို့လိုအပ်တဲ့ အစာတွေကိုပေးပါတယ်။ သင်ဆေးလိပ်တစ်ခါသောက်တိုင်းမှာ သင့်ကလေးအပေါ် သက်ရောက်မှုရှိပါတယ်။ သင့်သွေးထဲက အောက်ဆီဂျင်နေရာမှာလကာဗွန်မိုနောက်ဆိုက်ဒ်တွေ အစားဝင်လာပြီး သင့်ကလေးဆီရောက်မယ့် အောက်ဆီဂျင်ပမာဏနည်းသွားပါမယ်။ ဆေးလိပ်တစ်လိပ်သောက်ပြီးတိုင်းအနည်းဆုံး(၁)နာရီကြာအောင် သင့်ကလေးဟာ ပုံမှန်လှုပ်ရှားမှု မပြုနိုင်ဖြစ်စေပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ အချင်းအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အချင်းကနေဖြတ်လာတဲ့ အာဟာရတွေကိုလည်းနည်းစေတယ်။ ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓါတ်က ချက်ကြိုးကတစ်ဆင့် သွေးစီးဆင်းမှုကိုလျော့နည်းစေတယ်။ ဒါကြောင့်မို့ သူလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေကိုရနိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုပဲသင့်ကလေးရဲ့ အဆုတ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်နိုင်ပါတယ်။ မွေးပြီးပြီးချင်းအသက်ရှူနိုင်ဖို့အတွက် သင့်ကလေးဟာသူ့ရဲ့ ရင်ဘတ်ကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်နေရပါလိမ့်မယ်။ နီကိုတင်းက အဲဒီလေ့ကျင့်လှုပ်ရှားမှုတွေကို လျော့နည်းစေပါတယ်။
ဆေးလိပ်ထဲမှာသင့်ရဲ့ အဆုတ်နဲ့ သွေးထဲကို ဖြတ်သွားပြီးသင့်ကလေးဆီရောက်သွားနိုင်တဲ့ တခြားအဆိပ်အတောက်တွေလည်းပါပါသေးတယ်။ စက်ရုံထုတ်ဆေးလိပ်တွေ၊ ကိုယ့်ဟာကိုယ် လိပ်တဲ့ဆေးလိပ်၊ ပိုက်နဲ့သောက်တဲ့ ဆေးလိပ်၊ အခွန်မဆောင်ရတဲ့ တရားမဝင်ဆေးလိပ်တွေမှာ အဲဒီအဆိပ်အတောက်တွေ ပါတတ်ပါတယ်။ အဲဒီဆေးလိပ်တွေအားလုံးဟာ သင်ရောသင့်ကလေးရဲ့ ကျန်းမာရေးကိုထိခိုက်စေပါတယ်။
မိခင်နို့တိုက်ခြင်း
မိခင်နို့်တိုက်ခြင်းကသင့်ကလေးအတွက် ကောင်းမွန်ပါတယ်။ မွေးပြီးပထမ(၆)လမှာကလေးလိုအပ်တဲ့ အာဟာရတွေအတွက် မိခင်နို့က ဖြည့်စွမ်းပေးနိုင်သလို၊ အသက်တစ်နှစ်အထိအရေးကြီးဆုံးလိုအပ်တဲ့အစာအစိတ်အပိုင်းအနေဖြင့် ဆောင်ရွက်ပေးပါတယ်။ သင့်ကလေးကိုရောဂါတွေကနေလည်းကာကွယ်ပေးနိုင်ပါတယ်။ မိခင်နို့တိုက်နေတဲ့ အမျိုးသမီးအနေနဲ့ ဆေးလိပ်မသောက်ခြင်း၊ အရက်ရှောင်ခြင်းတို့ဖြင့် သင်ရောသင့်ကလေးအတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။
မိခင်နို့တိုက်ပြီးဆေးလိပ်သောက်ခြင်းက မကောင်းပေမယ့် မိခင်နို့မတိုက်တာထက်စာရင်တော့ ပိုကောင်းပါတယ်
ဆေးလိပ်သောက်တဲ့ အမျိုးသမီးဟာ နို့ထွက်နည်းပါတယ်။ ဆေးလိပ်သောက်သူရဲ့ ကလေးတွေဟာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရဖို့ ပိုလွယ်ပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်ခြင်းက အဲဒီပိုးတွေ ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် နီကိုတင်းနဲ့ တခြားအဆိပ်အတောက်တွေကိုမိခင်နို့ကတစ်ဆင့် ကလေးဆီရောက်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကလေးရဲ့ကျန်းမာရေးအတွက် ဆေးလိပ်ငွေ့နဲ့ ကလေးမထိတွေ့အောင် သင့်အနေနဲ့ ကြိုးစားသင့်ပါတယ်။ တကယ်လို့ ဆေးလိပ်ဖြတ်ရခက်နေခဲ့မယ်ဆိုရင်တော့ ဆေးလိပ်ကိုတကယ်မဖြစ်မနေသောက်ဖို့လိုလာမှ သောက်ပါ။ နို့မတိုက်ခင်နဲ့ တိုက်နေစဉ်မှာမသောက်ပါနဲ့။ ကလေးအနားမှာလည်း မသောက်ပါနဲ့။ ဖြစ်နိုင်ရင် အိမ်အပြင်ဘက် ထွက်သောက်ပါ။ ချက်ချင်းမဖြစ်နိုင်သေးရင်တော့ ကြိုးစားနေဖို့တော့ လိုပါတယ်။
ဆေးလိပ်ငွေ့ရှူမိခြင်း
ကလေးနားမှာတစ်ယောက်ယောက် ဆေးလိပ်သောက်တဲ့အခါတိုင်း သူတို့ဟာတူညီတဲ့ အဆိပ်အတောက်အငွေ့တွေကို ရှူရှိုက်ရပါတယ်။ အဲဒါကို တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းလို့ခေါ်ပါတယ်။ အဲဒီအငွေ့တွေဟာလေနဲ့ ရောသွားတယ်ဆိုပေမယ့် အန္တရာယ်ရှိတုန်းပါပဲ။ ကလေးငယ်တွေရဲ့အဆုတ်ဟာလူကြီးတွေထက် ပိုမိုသေးငယ် နူးညံ့တဲ့ အတွက်ကြောင့်လူကြီးတွေထက်ပိုပြီး ထိခိုက်ကာများပြားလှတဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ အောက်ပါရောဂါများပါဝင်ပါတယ်။
• ရုတ်တရက်သေဆုံးနိုင်သောရောဂါစု
• အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
• အဆုတ်အားနည်းခြင်း
• ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ကျပ်ခြင်း
• အကြားအာရုံချို့ယွင်းသွားခြင်း
• သေဆုံးမှု၊ စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့် အကြားအာရုံဆုံးရှုံးခြင်းကို ဖြစ်စေသောဦးနှောက်အမြှေးရောင်ရောဂါ
ကလေးနားမှာဆေးလိပ်များများသောက်လေသူတို့အနေနဲ့ ဒီရောဂါတွေ ရနိုင်ချေများလေလေ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သူတို့ကိုဒီလိုဆေးလိပ်ငွေ့တွေ မရှူစေချင်ဘူးဆိုရင် ဆေးလိပ်ဖြတ်လိုက်ပါ။ ဒါမှမဟုတ်ရင် အိမ်ထဲမှာဘယ်သူမှ ဆေးလိပ်မသောက်အောင် တားဆီးတာမျိုးလုပ်နိုင်ပါတယ်။
သင့်ဆရာဝန်ကို ပြောပြပါ
သင့်ဆရာဝန် (သို့)သူနာပြုဆရာမကိုပြောပြီးဆေးလိပ်ဖြတ်ဖို့ အစီအစဉ်ဆွဲပါ။
နီကိုတင်းအစားထိုးပစ္စည်းတွေ သုံးပါ
တကယ်လို့ သင်ဟာ ကိုယ်ဝန်ရှိနေမယ်၊ ဒါမှမဟုတ် မိခင်နို့တိုက်နေမယ်ဆိုရင် အကောင်းဆုံးကတော့ ဆေးမပါဘဲဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းလိုပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဒီလိုလုပ်ဖို့ ခက်ခဲနေမယ်ဆိုရင်တော့ နီကိုတင်းအစားထိုးပစ္စည်းတွေ အသုံးပြုနိုင်ပါတယ်။ အဲဒီပစ္စည်းတွေကဆေးလိပ်သောက်တာထက်စာရင် ဘေးကင်းပေမယ့် နီကိုတင်းပမာဏအနည်းငယ်ပါတာကြောင့် အန္တရာယ်လုံးလုံးကင်းမှာတော့ မဟုတ်ပါဘူးဒါကြောင့် အသုံးမပြုခင်မှာအကောင်းအဆိုးကို ချိန်ဆဖို့တော့ လိုပါမယ်။ Zyban (bupropion) နဲ့Champix (varenicline)ဆေးတွေကတော့ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ မိခင်နို့တိုက်နေစဉ်မှာ အသုံးမပြုသင့်ပါဘူး။ သင့်ကိုယ်ဝန်ကို စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်လို့ရပါတယ်။
တခြားလုပ်လို့ရတဲ့ နည်းလမ်းတွေကတော့
• လေ့ကျင့်ခန်းလုပ်ခြင်းကဆေးလိပ်မသောက်ဘဲနေနိုင်အောင် အထောက်အကူပေးပါတယ်။
• ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းတို့ကသင့်အတွက်ကောင်းသလိုသင့်ကလေးအတွက်လည်းဘေးကင်းပါတယ်။ ဒါပေမယ့်လည်းအဲဒါတွေမလုပ်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာတော့ အကောင်းဆုံးပါပဲ။
• ကိုယ့်အိမ်ထောင်ဖက်၊ မိသားစုဝင်တစ်ယောက်ယောက်က ဆေးလိပ်သောက်တတ်ရင် သူတို့ကိုဆေးလိပ်ဖြတ်ဖို့ ပြောပါ၊ ဒါမှမဟုတ် အိမ်ပြင်မှာပဲသောက်စေပါ။
• သင့်ကိုဆေးလိပ်သောက်ချင်လာအောင် စွဲဆောင်နိုင်တဲ့ အခြေအနေမျိုးတွေကိုဘယ်လိုကျော်လွှားမလဲ ပြင်ဆင်ထားပါ။
• ဆေးလိပ်မသောက်ဘဲနေလိုက်လို့ ပိုလျှံလာတဲ့ ငွေတွေနဲ့ သင့်ကိုယ်သင် ဆုချီးမြှင့်ပါ။
• ဆေးလိပ်သောက်မိသွားရင်လည်းစိတ်ဓါတ်မကျပါနဲ့။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ရှုံးနိမ့်သွားတာမဟုတ်ပါဘူး။ ထပ်ကြိုးစားဖို့တော့ လိုပါမယ်။
ဒါကြောင့် ဆေးလိပ်တအားသောက်ချင်ရင် အောက်ပါစကားလေးလုံးကိုသတိရပါ။
• စောင့်ပါ။ ။ သောက်ချင်လာရင် မိနစ်အနည်းငယ်လောက် စောင့်လိုက်ပါ။ သောက်ချင်စိတ် လျော့သွားပါမယ်
• အသက်ပြင်းပြင်းရှူပါ။ ။ အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းရှူထုတ်လုပ်ပါ။
• အာရုံလွှဲပါ။ ။ သူငယ်ချင်းတစ်ယောက်စီဖုန်းဆက်တာ၊ သီချင်းနားထောင်တာ၊ လေ့ကျင့်ခန်းလုပ်တာစသဖြင့် တခုခုထလုပ်လိုက်ပါ။
• ရေသောက်ပါ။ ။ ရေခဏခဏသောက်ပါ။